ရာပြည့်ရုပ်ရှင်အရုဏ်ဦး

 

မြန်မာနိုင်ငံတွင်ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသသည့်လုပ်ငန်းမှာ ၁၉ဝဝ ပြည့်နှစ်တွင် စတင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများက ဆိုသည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်ခံ ကိုလိုနီနယ်ပယ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဘဝ ကျရောက်နေရဆဲ ကာလဖြစ်သည့်အလျောက် ရုပ်ရှင်ပြသသည့် လုပ်ငန်းများမှာလည်း အိန္ဒိယမှ ဝင်ရောက်လာ ခဲ့ခြင်းဖြစ်သည်။ ပြသသည့် ဇာတ်ကားများမှာလည်း ဟောလိဝုဒ်မှထုတ်လုပ်သည့် ဇာတ်ကား များဖြစ်ပြီး မြန်မာရုပ်ရှင်ဟူ၍ မပေါ်သေး။

 

၁၉၁၀ ပြည့်နှစ်တွင် မြန်မာတို့ ရုပ်ရှင်ရိုက်ကူးရန် ကြိုးပမ်း စတင်ခဲ့ရာ စွန့်ဦးတီထွင်သူပုဂ္ဂိုလ်မှာ ဦးအုန်းမောင်ဖြစ်ပြီး မျိုးချစ်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းရှိန်၏ ဈာပန သတင်းကားကို ရုပ်ရှင်ကင်မရာဟောင်းတစ်လုံးဖြင့် ရိုက်ကူးပြသခဲ့ခြင်းဖြစ်သည်။ မြန်မာတစ်ဦး ရိုက်ကူးသည့် မြန်မာ့အကြောင်း အရာဖြစ်သည့်အလျောက်မြန်မာပရိသတ်တို့က အကြီးအကျယ် အားပေးခဲ့ကြသည့် အဆိုပါသတင်းရုပ်ရှင်အမျိုးအစား ရုပ်ရှင်ကားမှာ အရည်အသွေးအရ ကောင်းမွန်ခြင်းမရှိသေးဘဲ နိမ့်ကျနေသည့်အလျောက် ရုပ်ရှင်ကားမပြမီ တောင်းပန်စာတန်းကို ဦးစွာပြသခဲ့ပြီးမှ ရုပ်ရှင်ကားကို ပြသခဲ့ခြင်းလည်းဖြစ်သည်ဟု သိရသည်။

 

ရုပ်ရှင်ရိုက်ကူးမှုအတွေ့အကြုံရှိခဲ့ပြီဖြစ်သော ဦးအုန်းမောင်က စာရေးဆရာကြီး ပီမိုးနင်း၏ “မေတ္တာနှင့်သူရာ”အမည်ရှိ ဝတ္ထုဇာတ်လမ်းကို မင်းသားဦးညီပု၊ မင်းသမီးမအေးကြည်တို့နှင့် ရိုက်ကူးခဲ့ပြီး ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင်ရုံတင် ပြသခဲ့ရာ မြန်မာ့ပထမဆုံး အသံတိတ်ဇာတ်လမ်းရုပ်ရှင်ကား စတင်ပြသခဲ့သည့် ထိုနေ့သည် မြန်မာ့ရုပ်ရှင်နေ့ ဖြစ်လာခဲ့ သည်။ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သည့်စီးပွားရေး အခြေကျအမြစ်တွယ် လာသည်နှင့်အမျှ အေဝမ်း၊ ဗြိတိသျှဘားမား၊ နယူးဘားမားသည် အင်ပီးရီးယယ်၊ ဗန္ဓုလ၊ ရန်ကြီးအောင် စသည့် ရုပ်ရှင်ကုမ္ပဏီများ ပေါ်ထွက်လာခဲ့သည်။

 

စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ တပ်မတော် အစိုးရခေတ်၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသော မြန်မာ့ရုပ်ရှင်မှာ လောကဓံတရားတို့ကို ခံစားခဲ့ရသည်။ အတတ်ပညာ၊ အရင်းအနှီး၊ ပစ္စည်းကိရိယာ၊ ဈေးကွက်စသည်ဖြင့် အဘက်ဘက်မှ အားနည်းချို့တဲ့ခဲ့ရသည့် အပြင် ရုပ်ရှင်ကားများအပေါ်တွင် ဆင်ဆာနှင့် မူဝါဒတင်းကျပ်မှု တို့ကြောင့် မြန်မာ့ရုပ်ရှင်မှာ မအောင်မြင်မှု၊ နိမ့်ပါးကျဆင်းမှုတို့ ဆယ်စုနှစ်များနှင့်ချီ၍ ခံစားခဲ့ရသည်။ စီးပွားရေးပိုင်းအရ ရုန်းကန်ခဲ့ကြရသလို အနုပညာပိုင်းတွင်လည်း ပရိသတ်တို့၏ အားမလိုအားမရမှုများဖြင့်သာ ဖြတ်သန်းခဲ့ကြရသည်။

 

နှစ်တစ်ရာပြည့်တော့မည့် ယနေ့အချိန်တွင်မူ မြန်မာ့ရုပ်ရှင်သည် မျှော်လင့်ချက်များ မြင့်မြင့် မားမားထားနိုင်သည့် အရွေ့တစ်ခုကိုစတင်နေပြီဖြစ်သည်။ တစ်ချိန်က တစ်ဟုန်ထိုးကျဆင်း သွားခဲ့သည့် ရုပ်ရှင်ရုံနှင့် ပိတ်ကားအရေအတွက်တို့ အတိုင်းအတာတစ်ခုအထိ ပြန်လည်မြင့်တက်လာမှုနှင့်အတူ ရုပ်ရှင်ဈေးကွက်မှာလည်း စည်စည်ကားကား လှုပ်လှုပ် ရှားရှားဖြစ်လာသည်။ ရုပ်ရှင်အတတ်ပညာကို နိုင်ငံရပ်ခြားတွင် သင်ယူတတ်မြောက် လာကြသည့် လူငယ်သွေးသစ်များ မြန်မာ့ရုပ်ရှင်နယ်ပယ်သို့ ဝင်ရောက်လာပြီး မြန်မာ့ရုပ်ရှင် တစ်ခေတ်ဆန်း သစ်မှုနှင့်အတူ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တို့၏ တစ်ခဲနက်အားပေးမှုကိုလည်း ရရှိခဲ့သည်။ ပြည်ပမှရုပ်ရှင်ဒါရိုက်တာများ၊ ကင်မရာမင်းများ၊ သရုပ်ဆောင်များ မြန်မာ ့ရုပ်ရှင်လောကသို့ ဝင်ရောက်လာသလို မြန်မာသရုပ်ဆောင်များ၊ မြန်မာရုပ်ရှင် ဇာတ်လမ်းများ ပြည်ပသို့ သွားရောက်ရိုက်ကူးမှုတို့ ခပ်စိတ်စိတ် ဖြစ်လာသည်။ ထို့ပြင် မြန်မာရုပ်ရှင်ကားများ ပြည်ပဈေးကွက် သို့ တင်ပို့နိုင်ရန်မျှော်မှန်းနိုင်သည့်အခြေအနေများလည်း ဖြစ်ပေါ်လာသည်။ ခေတ်မီကင်မရာနှင့် ရုပ်ရှင်ရိုက်ကူးမှု စက်ပစ္စည်း ကိရိယာဝန်ဆောင်မှုနှင့် ခေတ်မီရုပ်ရှင် စတူဒီယို တည်ထောင်မှု စသည့်ရုပ်ရှင်နှင့်ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာမည့် အခြေအနေကောင်းများကိုလည်း တွေ့မြင်လာရသည်။

 

မြန်မာ့ရုပ်ရှင်၏ ပထမအစသည် ဇွဲလုံ့လဝီရိယဖြင့် မဖြစ်မနေကြိုးပမ်းမှု၊ တီထွင်ဖန်တီးမှု၊ အမျိုးသားရေးစိတ်ဓာတ် ထက်သန်မှုတို့ ပေါင်းစပ်ပါဝင်နေသည့် သန္ဓေဗီဇကောင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ လောကဓံအကောင်းအဆိုးတို့ကို ရင်ဆိုင်ခဲ့ရပြီး နောက်နှစ်ပေါင်း ၁ဝဝ အခါသမယတွင်မူ တစ်ခေတ်ဆန်းသစ်လာမည့် အရုဏ်ဦးကို တွေ့မြင်နေရပြီဖြစ်သည်ဟု ရှုမြင်မိပါကြောင်း။

 

မြန်မာ့အလင်း