ရာသီစာ ကြိမ်နုများ မိုင်းယောင်းတွင် ရောင်းအားကောင်း

မိုင်းယောင်း   ၁၆   ဧပြီ 

နွေရာသီတွင် မိုင်းယောင်း၏ ရာသီစာ အစားအစာတစ်မျိုးဖြစ်သည့် ဒေသထွက်ကြိမ်နုများ လတ်တလော ကာလတွင် ရောင်းအားကောင်းလျက်ရှိကြောင်း ဒေသထွက်ကြိမ်နု ရှာဖွေရောင်းချသူ အမျိုးသမီးများထံမှ သိရသည်။

“တပေါင်း-တန်ခူးလဆိုရင် ကြိမ်ပင်များမှ ကြိမ်နုတွေပေါ်ပြီ လွယ်ပန်နောင်တောင်မှာ သွားရောက်ရှာဖွေပြီး ကြိမ်နုသုံးချောင်းပါတစ်စည်း ကျပ် ၅၀ဝ၀ က တစ်မျိုး၊ ကြိမ်နုအသေး တစ်ချောင်း ကျပ် ၁၀ဝ၀ က တစ်မျိုး ရောင်းချရပါတယ်၊ လတ်လတ်ဆတ်ဆတ်ဆိုရင် စားရပိုကောင်းလို့ ဝယ်ယူသူတွေကလည်း ပိုပြီးကြိုက်ကြတော့ ရောင်းအားကောင်းပါတယ်”ဟု ကြိမ်နုရှာဖွေရောင်းချသူ တစ်ဦးက ပြောကြားသည်။

ကြိမ်နုများကို မီးဖုတ်၍သော်လည်းကောင်း၊ ဟင်းချိုရည်အဖြစ် ချက်ပြုတ်၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်ကာ အထူးသဖြင့် သက်ကြီးပိုင်းများက ပိုမိုကြိုက်နှစ်သက်ကြကြောင်း ကြိမ်နုရှာဖွေရောင်းချသည့် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ကြိမ်ပင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အမြင့်ဆုံးတောင်ဖြစ်သည့် ပေ ၈၄၀ဝ မြင့်မားသော လွယ်ပန်နောင်(ခမ်းတောင်)တွင် အများဆုံး ပေါက်ရောက်သဖြင့် တစ်ညအိပ်၊ နှစ်ညအိပ်ဖြင့် ကြိမ်နုများကို သွားရောက်ရှာဖွေခူးယူရကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)