ရာသီကြက်ဆောင်း လတပေါင်း

 

ကိုဇော်ဌေး(ယဉ်ကျေးမှု)

 

ဆောင်းသက်လေ၊ ရော်ရွက်ကြွေ မြေမှာခပါ တဲ့၊ နွေလအပြောင်း။ ပြာနုငယ်ကြည်၊ ကာဠုထေရ် ဂါထာစီတဲ့၊   ရာသီမိန်ချိန်သမယမှာ၊   လွမ်း(စရာ့) လှတပေါင်း။  ။

ဟူသော စာရေးတော်ကြီး ဦးမောင်ကလေး၏ တပေါင်းလဘွဲ့   လက်တန်းကဗျာကို ဤလသို့ ရောက်တိုင်း အမှတ်ရနေမိတော့သည်။

ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် တစ်နှစ်၊ ဆယ့်နှစ်လရာသီမှာ ရှိကြမြဲဖြစ်သည်။ အချို့မှာ နတ်များကို အစွဲပြု၍လည်းကောင်း၊ ပျော်ပါးမှုကိုအစွဲပြု၍လည်းကောင်း၊  အစားအသောက်များကို အစွဲပြု၍လည်းကောင်း အမျိုးမျိုးပင် အမည်မှည့်ခေါ်ကြသည်။ ထို့ပြင် ဆယ့်နှစ်ရာသီ၏ အလှများကိုလည်း ဖွဲ့ဆိုကြသေးသည်။ ထိုသို့ဖွဲ့ဆိုရာ၌ ကောင်းကင်အမြင်နက္ခတ်များ၊ ဆယ့်နှစ်လ ဥတုရတုများ၊ ဆယ့်နှစ်လပွင့်သောပန်းများ၊ လပွဲတော်များ၊ ဆယ့်နှစ်လတွင် မြူးကြသော ငှက်တိရစ္ဆာန် လိပ် ငါး ပုစွန်များ၊ မိုးလေဝသအကြောင်းများ၊ လွမ်းဖွယ်၊ ကြည်နူးသာယာဖွယ်အကြောင်းခြင်းရာများ စသည်တို့မှာ ဆယ့်နှစ်ရာသီဖွဲ့ တေးဂီတများတွင် ပါဝင်ရမြဲဖြစ်လေသည်။

လအမည်များကို သက္ကတဗေဒင်နက္ခတ်ကျမ်းတို့၌ ကောင်းကင်ပြင်တွင်ဖြစ်ပေါ်နေသော ကြယ်တာရာ၊ နက္ခတ်ရုပ်တို့ကို အကြောင်းပြု၍ မှည့်ခေါ်လေ့ရှိကြသည်။ ပါဠိဘာသာအားဖြင့်ကား စန်းယှဉ်နက္ခတ်ကို အကြောင်းပြု၍ ခေါ်ဝေါ်လေ့ရှိသည်။ မြန်မာမှု၌ကား လုပ်ငန်းကိုအကြောင်းပြု၍လည်းကောင်း၊ သာသနာတော်ရေးကို အကြောင်းပြု၍လည်းကောင်း မှည့်ခေါ်ကြခြင်း ဖြစ်သည်။ ပမာအားဖြင့် ပြာသို(ပြသိုဝ်) လသည် မိမိတို့ နေရေး၊ ထိုင်ရေး၊ သုံးစွဲရေးနှင့်သက်ဆိုင်သောလ ဖြစ်သည်။ ရှေးလူကြီးများသည် ပျားအုံများကို ဖွပ်၍ ပျားဖယောင်းများကို စစ်ယူကာ လာမည့်လရက်များတွင် ဖယောင်းတိုင်ပြုကာ မီးထွန်းရန်အတွက် စုဆောင်းသိုသိပ်သောလပင်ဖြစ်သည်။ တပို့တွဲလမှာလည်း လုပ်ငန်းနှင့်သက်ဆိုင်သောလဖြစ်သည်။ ထန်းတက်ခြင်းဖြင့် အသက်မွေးသော သူတို့၏(ဝါ)ထန်းတက်သမားတို့၏ လုပ်ငန်းအစ သာလျှင်ဖြစ်သော လဖြစ်သည်။ စင်စစ် တပို့တွဲ မဟုတ်၊ ထန်းပို့တွဲလသာဖြစ်သည်။ ထန်းပင်မှ ပိုထွက်နေသော ထန်းလက် ထန်းရွက်အရင့်တို့ကို ခုတ်ထစ်ပြုပြင်ရသောလဖြစ်သည်။ ထန်းပို့တွဲ-ထန်းပင်မှ ပို၍ တွဲလောင်းကျနေသည်တို့ကို ပြုပြင် ရသောလဖြစ်သည်။ ထို့အတူ တပေါင်းလမှာလည်း ထန်းသမားတို့ တပို့တွဲလတွင် ပြုပြင်ထားသော ထန်းနို့ထန်းခိုင်စသည်တို့ဝယ် မြူအိုးဖြင့်ခံ၍ ရသော ထန်းရေတို့ကို ဖျဉ်းအိုးကြီးများဖြင့် စုပေါင်း ရသော (ဝါ) ကြိုရသောလဖြစ်၍ ထန်းပေါင်းလဟု ခေါ်ကြပြီး ထိုမှ တပေါင်းလဟု ဖြစ်လာလေသည်။ လုပ်ငန်းကို အကြောင်းပြု၍ မြန်မာလတို့ကို သတ်မှတ်ကြသည်ဟု ရှေးပညာရှိတို့က သို့နှယ် ဆိုကြလေသည်။

ထန်းပေါင်းလ၊ တပေါင်းလသည် ကျက်သရေအပေါင်း အုပ်ဆောင်းစိုးမိုးနေသည့်အတွက် ကြက်ဆောင်းလ ဟူ၍လည်း ခေါ်ကြသေးသည်။ တပေါင်းလသည် နွေရာသီ၏ အဦးအစဖြစ်၍ ရွက်ဟောင်းများကြွေဆင်းကာ ရွက်သစ်များပေါ်ထွက်ချိန်ဖြစ်သည်။ ဥဩငှက်၏ ရင့်ကျူးမြည်ကြွေး ချိုအေးသောအသံတို့ဖြင့် လောကအား စိုးမိုးထား ပြန်သည်။ ရှင်တော်မြတ်ဘုရား၏ ဟောကြားတော်မူ သော လောကုတ္တရာတရားတော်မြတ်တို့ကို နွေဦးလဖြစ်သော တပေါင်းလနှင့်တူကြောင်းကို “ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ၊ တထူပမံ ဓမ္မဝရံဟူ၍ ဟောတော်မူလေ သည်။ ထိုသည်ကို အမှီပြု၍ စုံနံ့သာမြိုင် ရှာပုံတော် ကြီးတွင် “ဪကုန်းမူခင်ရိုး၊ မြူခိုးငယ်မှုန်၊ ကုံရာသီပြောင်း၊ လတပေါင်း၊ ညှာညောင်းစွန့်ချိန်၊ ညို့ညို့ညီးလို့၊ ရှို့မီးတွေထိန်၊ ဂိမှေပထမ၊ ပုရစ်ဖူးတံ၊ ခေတ်ကြူးပြန်၊ သစ်ထူးဟန်သတာမို့၊ ဘရဂုဏ္ဌီ၊ ယုဂန်လမ်းက၊ ယုန်စန်းငယ်ချီ၊ ရွှေဖီမွှေးခိုက်.” ဟူ၍ သီကုံးစပ်ဆိုထားလေသည်။

 

တပေါင်းပွဲတော်

 

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးလျက် အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒန မင်းကြီးကြားသိသောအခါ သားဘုရားကို ဖူးတွေ့ချင်သဖြင့် အမတ်တစ်ယောက်ကို အခြွေအရံ တစ်ထောင်နှင့်အတူ စေလွှတ်၍ ပင့်ဆောင်ခိုင်းလေသည်။ ထိုအမတ်သည် ဗုဒ္ဓထံရောက်သောအခါ ဗုဒ္ဓဟောကြားသည့် တရားကိုနာပြီး အခြွေအရံတို့ နှင့်အတူ ရဟန်းပြုသွားလေသည်။ ဤနည်းဖြင့် အမတ်တို့ကို ကိုးကြိမ်တိုင်အောင် စေလွှတ်သော်လည်း အားလုံးရဟန်းပြုသွားကြသည်။ ဆယ်ကြိမ်မြောက်တွင် ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သည့် ကာဠုဒါယီအမတ်ကို စေလွှတ်ပြန်သည်။ ကာဠုဒါယီ အမတ်သည် ယခင်ရှေးနှယ် ရဟန်းပြုခဲ့သော်လည်း ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင် “အင်္ဂါရီနောဒါနိ ဒုမာဘဒ္ဒန္တေ ဟူ၍ အစချီသည့် ဂါထာခြောက်ဆယ်ဖြင့် တပေါင်းလရာသီ၌ တောအုပ်၏ တင့်တယ်ပုံကို ကာဠုဒါယီမထေရ်က လျှောက်သည့်အတိုင်း မြတ်စွာဘုရားသခင်သည် ကပိလဝတ်ပြည်ကို ကြွချီ တော်မူခဲ့သည်။ ယင်းကို သျှင်အုန်းညိုကလည်း ဂါထာခြောက်ဆယ်ပျို့တွင် ကာဠုဒါယီမထေရ် မြတ်စွာဘုရားအား လျှောက်ထားသည့်ဟန် ဖွဲ့နွဲ့စပ်ဆိုခဲ့သည်။ သျှင်ဥတ္တမကျော်၊ မယ်ခွေ၊ မဟာ အတုလမင်းကြီး၊ လူဦးမင်း၊ ဦးယာ၊ သူတော်ဦးမင်း၊ စလေဦးပုည စသည့်စာဆိုတို့ကလည်း တပေါင်းလ ၏ သာယာပုံကို တခမ်းတနား သီကုံးဖွဲ့နွဲ့ခဲ့ကြသည်။ သျှင်ဥတ္တမကျော်က သူ၏တောလားကဗျာကြီး၌ တပေါင်းလ၏ သာယာပုံကို “လေခမြေ သက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီ တစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသားဟု ချီးကျူးဖွဲ့ဆိုခဲ့သည်။ ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီး ဦးကြင်ဥကမူ “ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်။ ။ သဇင် ကြွင်းငယ်နှင့်၊ အင်ကြင်းသန္တာ ညွန့်ငယ်တို့၊ ဖူးကွန့် ကိုက်စည်။ ။ ဘမရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြ ဝတ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော်ကွဲ။ ။ ယင်းသည့် နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင် ဈာန်ယိုင် လျှောရတယ်၊ ရာသီတွင် ခါညီပြောပေပ၊ ကြော့၍ သာမြဲ။ဟု တပေါင်းလ၏ စာပန်းချီကို ရွေးချယ် သီကုံးခဲ့သည်။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်ဝင်ရန် စတင်ခြေလှမ်းကြွသည့်နေ့ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် ဖြစ်ခဲ့သည်။ ကာဠုဒါယီမထေရ်၏ တင်လျှောက်မှုအရ ပန်းပေါင်းစုံတို့သည် ကားကားစွင့်စွင့် ဖူးပွင့်ချိန်လည်းဖြစ်သည်။ အဆိုင်ဆိုင်သော သစ်သီး သီးနု သီးရင့်တို့ဖြင့်လည်း ပြည့်စုံနေကြသည်။ ကျေးငှက်သာရကာတို့လည်း ဘာသာဘာဝပျော်ကြ ချိန်ဖြစ်သည်။ သာမန်အားဖြင့် နွေဦးကာလဖြစ်ငြား ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန်ကာ အညွန့်အတက် များ ပေါ်ထွက်ခြင်းဖြင့် ပန်းချီကားတစ်ချပ်နှယ် တင့်တယ်လှပ သာယာလှသော အချိန်ကာလ ဖြစ်သည်။ ခရစ်ပြက္ခဒိန်အရမူ မတ်လပင် ဖြစ်တော့သည်။

တစ်ဖန် တပေါင်းလကို နက္ခတ်ဗေဒင်နည်း ဖြင့်ကြည့်လျှင် ကောင်းကင်ပြင်တွင် ကြယ်နက္ခတ် တာရာတို့မှာ ငါးကြင်းအဖိုအမ၊ ကျောချင်းကပ်နေသော ပုံသဏ္ဌာန်ထင်နေသည့်အတွက် မိန်ရာသီခေါ်ကာ ပါဠိဘာသာအားဖြင့် ‘ဖဂ္ဂုဏမာသဟူ၍ ခေါ်တွင်လေသည်။ ရာသီအားလျော်စွာ ပွင့်ကြသည့် ပန်းကား သရဖီပန်း၊ ပိတောက်ပန်း၊ အင်ကြင်းပန်း တို့ပွင့်၍ ဥတ္တရဘရဂုဏ္ဌီ (ဥတ္တရ ဖလဂုဏ္ဌီ) နက္ခတ် နှင့် စန်းယှဉ်ကာ ဆံကျင်တာရာမှာလည်း တစ်ပါတည်းယှဉ်တွဲလျက် နေရုံသာမက နေမင်းသည် ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်နှင့် ယှဉ်နေလေတော့သည်။ သရဖီပန်းကို ရာသီပန်းအဖြစ် အသိအမှတ်ပြုကြသည်။

 

သဲပုံစည်းခုံစေတီ

 

တပေါင်းလတွင် သဲပုံစေတီတည်ခြင်း၊ ဘုရင်မင်းမြတ်နှင့်တကွ မင်းမှုထမ်းရာထမ်းတို့သည် စေတီပုထိုးများ၌ ဆီမီးများကို ထွန်းညှိပူဇော်ခြင်းများပြုကြသည်။ မြစ်ယံသောင်ဦး ကမ်းနဖူး စသောနေရာများ၌ သဲပုံစေတီကို တည်ကြပြီး ထိုသဲပုံစေတီ၌ပင် ဆွမ်းတော်ကြီးတင်ပွဲများကို နံနက်အရုဏ်တက်အချိန်၌ ပြုလုပ်လှူဒါန်းကြသည်။ ရှေးအခါက တောင်သူလယ်သမားတို့ တည်ထားလေ့ရှိသော သဲပုံစေတီတော်များမှာ မူလတည်ခါစအချိန်တွင် အုတ်ဖြင့်မပြုလုပ်နိုင်ကြ၍ ရိုင်ပတ်တွင် သဲများဆင့်ပြီး တည်ထားလေ့ရှိသည်။ ထို့နောက်မှ နှစ်ကာလကြာလျှင် အုတ်တို့ဖြင့် စေတီကိုငုံလျက် စေတီကြီးအဖြစ်သို့ ဆက်လက်တည်ဆောက်ကြ သည်ဟု ဆိုသည်။

စာဆိုတော် ဦးမင်း၏ “မိန်တြင်းပေမို့ချီ တပေါင်းလဘွဲ့လေးချိုးကြီးတွင် “မြမြစ်ကယ် ရင်ပေါင်၊ ကြူငွေသောင်မှာ၊ ယခေါင်စဉ်ရှည်၊ သဲ စာတီတည်မြဲမို့ဟူ၍ မြစ်ထဲက သောင်ပေါ်မှာ ပေါရာဏအခေါ် “စာတီ”ယခုအခေါ် “စေတီ” တည်ထားကြောင်း ဆိုပါသည်။ ထို့ကြောင့် ရှေးအခါ ကာလက “စည်းခုံ” ဟူ၍လည်းကောင်း၊ “စဲခုံ” ဟူ၍လည်းကောင်း သမုတ်ခဲ့ကြသည်။ ပုဂံခေတ် အနော်ရထာမင်းစောဟု ခေါ်ကြသော “အနုရုဒ္ဓါ ဒေဝ”မင်းသည် သီဟိုဠ်ကျွန်း၌ နန်းစံသော “သင်္ခဗောဓိမင်း” ဟုခေါ်သော “ဓာတုသေန” မင်း၏ ညွှန်ကြားလွှာအရ၊ သီဟိုဠ်မင်း ၁၄ ဆက်မြောက်သော “ဒုဋ္ဌဂါမဏိ” မင်းသည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၃၇၀ အကြာတွင် တည်ထားသော “ဟေမမာလာ” ခေါ် “ရတနာ စေတီကြီး” တစ်ဆူကို ပုဂံမြို့အနီးရှိ ဧရာဝတီ မြစ်ကမ်းသဲခုံတွင် “ရွှေစည်းခုံ” ဟူသော ဘွဲ့သတ်မှတ်ပြီး စွယ်တော်မြတ်ကို ဌာပနာ တည်ဆောက်ခဲ့သည်။ ထို့ကြောင့် “စည်းခုံ”ဆိုသည် မှာ “သဲခုံ” ဟူသော အဓိပ္ပာယ်ကိုယူခြင်းဖြစ်ပြီး သဲပုံစေတီများကို တည်ဆောက်ကြခြင်းဖြစ်သည်။ “မိန်ရာသီလန်း၊ တပေါင်းဆန်းလို့၊ နတ်ပန်းရွှေဖီ၊ ဖူးညွတ်ချီမှာ၊ သဲနဒီသောင်ခုံမြင့်က၊ ဖူးစချင့်ဖွယ်” ဟူ၍ ရှေး ဆယ့်နှစ်လရာသီ တေးဘွဲ့ကဗျာတစ်ပုဒ် တွင်လည်း ဖော်ပြထားသည်ကို တွေ့ရသည်။

 

ဆွမ်းတော်ကြီးပွဲ

 

ထိုသဲပုံစေတီ၌ပင် ဆွမ်းတော်ကြီးတင်ပွဲများကျင်းပရင်း ဆွမ်းတော်ကြီးပွဲနှင့် အရုဏ်တော် လှည့်လည်ပွဲများ ဖြစ်ပေါ်လာလေသည်။ ထိုမှ ကုန်းဘောင်ဆက် သာယာဝတီမင်း၏ လှုံ့ဆော်မှု ဖြင့် မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ် ကဆုန်လဆန်း ၁၅ ရက်နေ့တွင် ဗုဒ္ဓသာသနာတော်နှင့်စပ်လျဉ်း၍ ပွဲလမ်းအမျိုးမျိုးရှိသည့်အနက် ဆွမ်းတော်ကြီးတင် ပွဲသဘင်ကို ဆက်ကပ်လှူဒါန်းရန် စေ့ဆော်နိုင်သည်အထိ သက်ရောက်ခဲ့လေသည်။ သာယာဝတီမင်းသည် နိုင်ငံတော်အထက်အောက် လှည့်လည်သူဖြစ်ရာ လူထု၏စိတ်ဓာတ်ပြုပြင်ရေး၊ ပေါင်းသင်း ဆက်ဆံရေး၊ အသက်မွေးမြူရေး စသည်တို့ကို ကောင်းစွာ လေ့လာဆည်းပူးမိသူဖြစ်သည်။ထို့ကြောင့် လူထုတစ်ရပ်လုံးအား စိတ်ဓာတ်မြင့်မြတ် စေခြင်း၊ စည်းလုံးညီညွတ်စေခြင်း စသောနည်းအမျိုး မျိုးတို့ကို အမြဲမပြတ် ကြံစည်စိတ်ကူးစေ့ဆော်နိုင် သည့် မင်းတစ်ပါးဖြစ်သည်ဟု ဆိုနိုင်လေသည်။ “အရုဏ်တော်” ဟု ခေါ်ကြသော ဆွမ်းတော်ကြီး အလှူခံလှည့်လည်ပွဲများကို လူစုလူဝေးနှင့်တကွ တူရိယာမျိုးစုံ တီးမှုတ်ကခုန်လျက်၊ ရပ်ကွက်များ၌ လှည့်လည်လေ့ရှိကြသည်မှာ ဆွမ်းတော်ကြီးတင် ပွဲနှယ်ဖြစ်သည်။ အရုဏ်တော်ပွဲများကို ဆောင်ရွက်ခြင်းဖြင့် တစ်ရွာလုံး တစ်မိပေါက်ကဲ့သို့ တညီတညွတ်တည်း စည်းလုံးခြင်းအကျိုးကို ရရှိခဲ့ကြသည်။

 

ပုန်းမကြည်တင်ပွဲ

 

တပေါင်းလတွင် အချို့ဒေသများ၌ ပုန်းမကြည် တင်ပွဲများကို ပြုလုပ်ကြသည်။ ဓမ္မပဒပါဠိတော် တွင်လာသည့် ‘ကာလီယက္ခနီ ဘီလူးမ၏ ကြောင် တစ်လှည့်၊ ကြက်မတစ်လှည့်။ သစ်မတစ်လှည့် သမင်မတစ်လှည့်။ ဘီလူးမတစ်လှည့် လူမိန်းမတစ်လှည့် ကလဲ့စားချေလိုသော ဆုတောင်းအတိုင်းပြည့်၍ လက်စားချေကြပြီး နောက်ဆုံး၌ မြတ်စွာ ဘုရား၏ “နဟိဝေရေန ဝေရာနိ အစချီ ဂါထာဖြင့် ဟောပြောကာ ရန်ကိုရန်ချင်း မတုံ့နှင်းကောင်း ဒေသနာတော်ကြောင့် ဘီလူးမမှာ သောတာပန် ဖြစ်သွားလေသည်။ လူမိန်းမသည် သူတော်ကောင်းဖြစ်သွားသော ဘီလူးမအား အိမ်သို့ခေါ်သွားကာ “မောင်းတင်းကုပ်”ထဲ၌ နေရာချထားပေးသည်။ သို့ရာတွင် ဘီလူးမမှာ လူသူထဲတွင် မနေနိုင်သောကြောင့် ရွာနှင့်မနီးမဝေး၊ ဆိတ်ငြိမ်သော တောအုပ် ထဲသို့ပို့ထားပြီး ထမင်းယာဂုများကို အမျိုးသမီးက လာရောက်ပို့ပေးသည်။ ဘီလူးမကလည်း လူမိန်းမကို ပြန်လည်စောင့်ရှောက်သည်။ ထိုမှ ရွာသားအများပါဝင်လာကာ ဘီလူးမမှာ ပုဗ္ဗကြယ်-ပုန်းမကြည် စသော အမည်တို့ဖြင့် တောင်သူ လယ်သမားတို့၏ ကိုးကွယ်ခြင်းကို ခံရလေသည်။

တပေါင်းလသည် ခရစ်နှစ်ပြက္ခဒိန်၏ တတိယမြောက်လဖြစ်သည့် မတ်လအတွင်း ကျရောက်သည်က များလေသည်။ မတ်လသည် ရက်ပေါင်းပြည့်ပြည့်ဝဝဖြင့် ၃၁ ရက်သတ်သောလလည်း ဖြစ်သည်။ ဆယ့်နှစ်လရာသီပွဲတော်များနှင့် စည်ကားနေသော မြန်မာပြည်ဝယ် မတ်လအတွင်း၌ ပွဲတော်များဖြင့် စည်ကားလျက်ရှိသလို ရွက်ဟောင်းကြွေကာ ရွက်နုများဝေသည့်အချိန်ဖြစ်သည်နှင့်အညီ ပတ်ဝန်းကျင် တစ်ခုလုံး သာယာစိုပြည်မှုအပေါင်းနှင့် ပြည့်စုံလှ သော လတပေါင်းလည်း ဖြစ်ပေတော့သည်။ ။

 

မှီငြမ်း

၁။ စာပေဝတ်ဆံ (ဒဂုန်နတ်ရှင်)

၂။ ကျေးလက်ရိုးရာမြန်မာမှုဓလေ့များ (ဆင်ဖြူကျွန်းအောင်သိန်း)