ရာသီဥတုကောင်းမွန်ရေးကို ရှေးရှုဖော်ဆောင်

၃၁  အောက်တိုဘာ

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ် (UNEP)၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အာရှတရားသူကြီးများကွန်ရက် (AJNE) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု အတွက် တရားရုံးစီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ-ပစိဖိတ် တရားရေးညီလာခံဖွင့်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါညီလာခံသည် နိုင်ငံအများပူးပေါင်းကျင်းပသည့် ညီလာခံ များတွင် ထူးခြားသောညီလာခံတစ်ခုဟု ဆိုရမည်ဖြစ်သည်။ လူသားများ ကျူးလွန်သော ပြစ်မှုဆိုင်ရာများကို ကိုင်တွယ်ဆုံးဖြတ်ဆောင်ရွက်ကြသော အာရှ-ပစိဖိတ်ဒေသတွင်းမှ တရားသူကြီးများကွန်ရက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စတို့တွင် တရားစီရင် ဆုံးဖြတ်မှုဆိုင်ရာတို့ကိုပါ ရှေးရှုဆောင်ရွက်ခြင်းဖြစ်သည်ဟု ရှုမြင်ပါသည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် ကမ္ဘာကြီးနှင့် လူသားများအကျိုးကို အလေးထားဆောင်ရွက်ခြင်းဖြစ်၍ ထူးခြားကောင်းမွန်သော ညီလာခံဟု ဆိုရမည် ဖြစ်သည်။

 

မျက်မှောက်ကာလတွင် အာရှ-ပစိဖိတ်ဒေသတွင်းသာမက တစ်ကမ္ဘာလုံးဆိုင်ရာတို့တွင် လူသားများ၏ မတော်လောဘများနှင့် မဆင်မခြင် လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် သဘာဝပတ်ဝန်းကျင်များ ယိုယွင်းပျက်စီးလာပြီး ကမ္ဘာလောကတစ်ခွင်လုံးကို ခြိမ်းခြောက်လာသည့် အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ လာရသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ယခုအခါ သဘာဝပတ်ဝန်းကျင်များ ပျက်စီးယိုယွင်းလာသဖြင့် ပုံမှန်မဟုတ်သည့် ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်လာပြီး မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ တောမီး လောင်ခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကြောင့် လူသားများ၏ အသက်အိုးအိမ်စည်းစိမ် များ ပျက်စီးဆုံးရှုံးခြင်းကို ဖြစ်စေသည်။

 

ထို့ကြောင့် ကမ္ဘာမြေနှင့် လူသားများအကျိုးစီးပွားကို ပြန်လည်ထိန်းသိမ်း ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် တရားရေးမဏ္ဍိုင်မှ အလေးထားပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်လာသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုအတွက် တရားရုံးစီရင်ဆုံးဖြတ်မှု ဆိုင်ရာတို့ မည်သို့ဆောင်ရွက် သင့်သည်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြသည်။ ညီလာခံကို သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာအမှုများ စစ်ဆေးစီရင်မှုနှင့်စပ်လျဉ်း၍ တိုးတက်ခိုင်မာစေရန်အတွက် ကျင်းပခြင်း ဖြစ်သည်။

 

အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာတရားမျှတမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အမှုများစစ်ဆေးစီရင်ခြင်း၊ စီရင်ထုံးများလိုက်နာမှု အားကောင်းလာစေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အုပ်ချုပ်မှုတို့နှင့်ပတ်သက်၍ အကောင်းဆုံး ကျင့်သုံးမှုများကို တရားသူကြီးများနှင့် ဥပဒေပညာရှင်များအကြား ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်၍ အဆိုပါညီလာခံကို ကျင်းပခြင်းဖြစ်သည်။ ကမ္ဘာ့အကျိုးစီးပွားအတွက် ဆောင်ရွက်သော ထိုညီလာခံကို ကြိုဆိုရမည် ဖြစ်သည်။

 

အဆိုပါညီလာခံကို မြန်မာနိုင်ငံတွင် နှစ်ရက်တာကျင်းပခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ စိန်ခေါ်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းဥပဒေများ၊ ဥပဒေကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ တရားစွဲဆိုမှု များနှင့် တွေ့ကြုံရသော စိန်ခေါ်မှုများ၊ ရာသီဥတုပြောင်းလဲလာသည့် ခေတ်ကြီးတွင် တရားသူကြီးများ၏ အခန်းကဏ္ဍအစရှိသည်တို့နှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ကြသူများက ရှုထောင့် အသီးသီးမှ ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

သို့ဖြစ်ရာ ကမ္ဘာမြေနှင့် လူသားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် နိုင်ငံတကာမှ ဥပဒေဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေး ဆောင်ရွက်သော ယခုကျင်းပသည့်ညီလာခံသည် အရေးပါအရာရောက်ကာ ထိရောက်သော လှုပ်ရှားဆောင်ရွက်မှုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ယိုယွင်းပျက်စီးအောင် ဖျက်ဆီးသူများ အား ပြဋ္ဌာန်းထားသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဟန့်တား ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။(ကြေးမုံ)