ရာသီဥတုနဲ့ပတ်သက်ရင် နေ့စဉ်၊ လစဉ်နဲ့ ထူးခြားတိုင်း ထုတ်ပြန်ပေးတာတွေကို သတိပြုသင့်ပါတယ်

၃၀ မေ

 

အနောက်တောင်မုတ်သုံလေသည် မေလ ၂၄ ရက်တွင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက် လာခဲ့ပြီဖြစ်သည်။ မိုးဦးကာလသည် မြန်မာနိုင်ငံကဲ့သို့သော စိုက်ပျိုးရေးကို အဓိကထားသည့် နိုင်ငံအတွက် အလွန်အရေးကြီးသည့် ထွန်ရေးကာလဖြစ်သည့် အားလျော်စွာ မိုးလေဝသနှင့် ဇလဗေဒ အချက်အလက် များသည်လည်း နိုင်ငံသားများ နေ့စဉ်ဘဝတွင် သိရှိထားသင့်သည့် အချက်အလက်များဖြစ်ရာ လက်ရှိကာလ ရာသီဥတု အခြေအနေနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးအား တွေ့ဆုံမေးမြန်းထားပါသည်။

 

မေး ။ ။ မိုးဦးရာသီရဲ့ လက်ရှိရာသီဥတုအခြေအနေကို သိပါရစေ။

 

ဖြေ ။ ။ အနောက်တောင်မုတ်သုံလေကို ကျွန်တော်တို့အနေနဲ့ ခန့်မှန်းထားခဲ့တာ မေ ၁၆ ရက်ကနေ ၂၀ ရက်အကြားမှာ မြန်မာနိုင်ငံတောင်ပိုင်းကို စတင်ဝင်ရောက် မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ တကယ်တမ်း လက်တွေ့မှာတော့ လေးရက်နောက်ကျပြီး မေ ၂၄ ရက်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကိုတော့ မေ ၂၇ ရက်မှာ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေကိုတော့ မေလကုန်ပိုင်းတွေမှာ ဆက်လက်ဝင်ရောက်နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းကိုတော့ မုတ်သုံလေက ဇွန် ၃ ရက်ကနေ ၈ ရက်အတွင်း ဝင်ရောက်မှာဖြစ်တဲ့အတွက် အနောက်တောင် မုတ်သုံလေတစ်နိုင်ငံလုံးကို ရောက်ရှိတဲ့အချိန်ကတော့ ဇွန်လဆန်းဖြစ်သွားမှာပါ။ လက်ရှိ ရာသီဥတု အခြေအနေက မုတ်သုံလေဝင်နေတဲ့ ကာလမှာပဲ အာရေဘီယံ အရှေ့ဘက်မှ ဆိုင်ကလုန်းမုန်တိုင်းတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် အီကွေတာမျဉ်းပေါ်ကနေ ဖြတ်စီးဆင်းတဲ့ ကုန်သည်လေဟာလည်း အားကောင်းမလာခဲ့ပါဘူး။ အနောက်လေပွေလှိုင်းကလည်း မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ဆုတ်ခွာမသွားသေးပါဘူး။ ဒါကြောင့် မုတ်သုံလေ ဝင်ရောက်နိုင်ဖို့ ခက်ခဲခဲ့တာကို တွေ့ရပါတယ်။ ကံအားလျော်စွာပဲ ဘင်္ဂလားပင်လယ်ဘက်မှာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းကပဲ မုတ်သုံလေကို တွဲဖက်ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခန့်မှန်းချက် အရဆိုရင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာခဲ့ပါတယ်။ နောက် ၂၄ နာရီအတွင်းမှာ အဲဒီ့လေဖိအားနည်း ရပ်ဝန်းဟာလည်း မုန်တိုင်းငယ်အဆင့်ကို ရောက်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့်လည်း ဒီကာလဟာ မုန်တိုင်းဖြစ်ပွားလေ့ရှိတဲ့ ကာလဖြစ်ပါတယ်။ ဧပြီ၊ မေလတွေဟာ မုန်တိုင်းရဲ့ ပထမရာသီတွေဖြစ်ပါတယ်။ ကပ္ပလီ ပင်လယ်မှာလည်း မုန်တိုင်းငယ်တစ်ခုဟာ ဒီနေ့မနက်မှာပဲ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေမြို့တွေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ ဒီနေ့မနက် ၆ နာရီခွဲမှာ မုန်တိုင်းအဆင့်ကို လိမ္မော်ရောင် သတ်မှတ်ထားပြီး နေ့လယ်ပိုင်းမှာ အနီရောင်အဆင့် သတ်မှတ်ထားခဲ့ပါတယ်။ ဒီမုန်တိုင်းနဲ့အတူ မိုးတိမ်တောင်တွေဖြစ်ပေါ်ပြီး ဒေသအလိုက်မှာ မိုးကြီးတာတွေ ဖြစ်ပွားပြီး အနောက်တောင် မုတ်သုံလေဟာလည်း ဆက်တိုက်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

 

မေး ။ ။ လက်ရှိ မိုးဦးကာလကို ဆရာ့အနေနဲ့ ပြန်လည်သုံးသပ်ခန့်မှန်းပေးပါဦး။

 

ဖြေ ။ ။ လက်ရှိ ရာသီဥတုအခြေအနေကို သုံးသပ်ကြည့်ရမယ်ဆိုရင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို အနောက်တောင်မုတ်သုံလေ ဝင်ရောက်တာ နောက်ကျတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကိုတော့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်မှုက ပုံမှန်ကာလ အတိုင်းဖြစ်လာမှာပါ။ လက်ရှိရာသီဥတုဟာ အယ်လ်နီညို၊ လာနီညာစတာမျိုး မဟုတ်ပါဘူး။ ပုံမှန်အနေထားမျိုးရရှိမယ့် ရာသီဥတုဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ မုန်တိုင်းတွေ ဆက်တိုက်ရှိလာနိုင်တာမို့ မိုးပိုရနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေ ပြန်လည်ထွက်ရှိမှုကိုတော့ စက်တင်ဘာလလယ်လောက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းကနေ စတင်ဆုတ်ခွာမယ်လို့ ခန့်မှန်းရပြီး အောက်တိုဘာလဆန်းဆိုရင် တစ်နိုင်ငံလုံးမှာ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသွားပြီလို့ ခန့်မှန်းထားပါတယ်။

 

မေး ။ ။ ရာသီဥတုအခြေအနေတွေဟာ လွန်ခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုများ ဖြစ်လာနေပါသလဲ။

 

ဖြေ ။ ။ ဒီနှစ်ပိုင်းတွေမှာ ရာသီဥတုက သိသိသာသာ ပြောင်းလဲလာတယ်။ အရင်က အနောက်တောင် မုတ်သုံလေ ဝင်ရောက်လာတဲ့ ကာလကနေစပြီး မိုးကြို၊ မိုးဦး၊ မိုးနှောင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်လာတယ်။ ဒီလို မိုးတိမ်တောင်တွေကြောင့် ထစ်ချုန်းမိုးရွာသွန်းမှုတွေ ဖြစ်တယ်။ အခုနောက်ပိုင်းမှာတော့ တစ်နှစ်ပတ်လုံး မိုးတိမ်တောင်တွေကို တွေ့ရတယ်။ ဒါဟာ ရာသီဥတုဖောက်ပြန်မှုတွေထဲက တစ်ရပ်ပဲဖြစ်ပြီး တစ်နှစ်ပတ်လုံး မိုးတိမ်တောင်တွေကြောင့် ထစ်ချုန်းရွာသွန်းမှုတွေကလည်း တစ်နှစ်ပတ်လုံးမှာ ဖြစ်ပွားတယ်။

 

မေး ။ ။ ထစ်ချုန်းမိုးရွာသွန်းမှုတွေကြောင့် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ သိပါရစေ။

 

ဖြေ ။ ။ ထစ်ချုန်းမိုးတွေရွာတယ်ဆိုတာက ရုတ်တရက် ရွာသွန်းတာမျိုးဖြစ်ပြီး မိုးရေလည်း အတော်များများ ပါတယ်။ မိုးတိမ်တိုက်တွေ စုဖွဲ့ထားတဲ့အတွက် မိုးရွာသွန်းတဲ့ပမာဏက များတယ်။ ဒါပေမယ့် ပုံမှန်မိုးရွာသွန်းမှုကို ထိခိုက်စေပြီး မိုးရွာတဲ့အကြိမ်ရေ နည်းသွားတယ်။ မိုးရေချိန်ရရှိပေမယ့် ဥပမာပေးရရင် ဆယ်ရက်အတွင်း ရွာသွန်းရင်ရမယ့် မိုးရေချိန်ကို ထစ်ချုန်းရွာပြီး ရလိုက်တယ်။ ဒါပေမယ့် ကျန်တဲ့ရက်တွေမှာ မိုးမရွာတဲ့အတွက် အပူချိန်က သိသိသာသာ မြင့်တက်တယ်။

 

မေး ။ ။ စိုက်ပျိုးရေးအတွက် ထွန်ရေးပြင်ကြတဲ့ တောင်သူတွေအတွက်ရော ဘယ်လို အကြံဉာဏ်တွေ ပေးချင်ပါသလဲ။

 

ဖြေ ။ ။ မိုးဦးကျဖြစ်တဲ့အတွက် အားလုံးကတော့ စိုက်ကြပျိုးကြဖို့ အချိန်လည်း ဖြစ်နေပါပြီ။ ဒီလိုရာသီဥတုတွေကြောင့် ဖြစ်နိုင်မယ်ဆိုရင် ရာသီဥတုဒဏ်ခံနိုင်မယ့် ပျိုးပင်တွေကို ရွေးချယ်သင့်တယ်။ ဥပမာပြောရရင် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အပူပိုင်း ဒေသတွေဆိုရင် ရေငတ်ဒဏ်ခံနိုင်တဲ့ သီးနှံအမျိုးအစားတွေ၊ စပါးဆိုလည်း ရာသီဥတုနဲ့ ချိန်ညှိပြီး ရွေးချယ်ဖို့ အချိန်ဖြစ်လာပါပြီ။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေဟာ မကြာခဏ မိုးထစ်ချုန်းရွာလေ့ရှိတဲ့အတွက် ရေကြီးရေလျှံမှုတွေကို ပိုပြီးခံစားကြရနိုင်တာကြောင့် ရေနစ်မြုပ်ခံနိုင်တဲ့ စပါးမျိုးတွေကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ဒီလို စိုက်ပျိုးကြရာမှာလည်း မိရိုးဖလာ စိုက်ပျိုးရေးနည်းစနစ်တွေကို စွန့်လွှတ်ကြပြီး ခေတ်မီစိုက်ပျိုးနည်းစနစ်တွေကို ကူးပြောင်းသင့်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မိရိုးဖလာစိုက်ပျိုးတဲ့ မျိုးရိုးတွေက လက်ရှိကြုံတွေ့နေရတဲ့ ရာသီဥတုဒဏ်ကို လုံး၀ မခံစားနိုင်ကြတော့ပါဘူး။ ဒါကြောင့် အပင်တွေပျက်စီးပြီး တောင်သူတွေ အမြဲအထိနာ နေကြရပါတယ်။ ဒါကြောင့် ဒေသအလိုက် ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို လိုက်နာပြီး စိုက်ပျိုးစေချင်ပါတယ်။ နောက်တစ်ခုက တောင်သူတွေအားလုံးကို ပန်ကြားချင်တာက ကျွန်တော်တို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ နေ့စဉ်တိုင်းမှာ ထူးခြားမှုဖြစ်စဉ်တွေကို အချိန်နဲ့တစ်ပြေးညီ ရုပ်သံတွေ၊ ရေဒီယိုလိုင်းတွေ၊ သတင်းစာတွေ၊ လူမှုကွန်ရက်တွေနဲ့ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်တွေမှာ လွှင့်တင်နေပါတယ်။ သတိပေးချက်တွေကိုလည်း အမြဲသတိပြုခြင်းအားဖြင့် စိုက်ပျိုးရေးကဏ္ဍကို အများကြီး အထောက်အကူ ဖြစ်စေမယ်လို့ ပြောချင်ပါတယ်။

 

မေး ။ ။ မိုးရာသီရေကြောင်း ခရီးသွားလာရေးနဲ့ ရေလုပ်သားတွေအတွက်ရော ဘယ်လို အကြံဉာဏ် ပေးချင်ပါသလဲ။

 

ဖြေ ။ ။ ကမ်းရိုးတန်း ရေကြောင်းသွားလာရေးမှာ လက်ရှိကာလက မုန်တိုင်းကာလမို့ အချက်ပြ တင်ထားတဲ့အတွက် ရေကြောင်းဦးစီး၊ ဆိပ်ကမ်းအာဏာပိုင်စတဲ့ ဌာနတွေက ရေယာဉ်တွေကို ပေးမထွက်ပါဘူး။ ပြည်တွင်းရေကြောင်းသွားလာရေးမှာ ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်က ရေခံနည်းခဲ့ပြီး ဒီနှစ်အတွက် ခန့်မှန်းရရင် မြစ်ချောင်း၊ အင်း၊ အိုင်တွေအားလုံးမှာ မိုးကောင်းမှာဖြစ်တဲ့အတွက် ရေခံကောင်းလာနိုင်လို့ ရေကြောင်း ခရီးသွားလာမှုတွေ တွင်ကျယ်လာနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ရေကြီးမှု ဖြစ်စဉ်တွေတော့ ဖြစ်ပွားလာနိုင်ပါတယ်။ အရင်နှစ်တွေကို ပြန်ကြည့်ရင် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ နှစ်တွေ အားလုံးမှာ မိုးရာသီ ရေကြီးရေလွှမ်းမှုဒဏ်ကို ခံစားခဲ့ကြရပါတယ်။ ရေကြီးမှုကလည်း နှစ်စဉ်ဖြစ်ပွားလာနေတာပါ။ ပြောရမယ်ဆိုရင် မိုးလေဝသ အစွန်းရောက် ဖြစ်စဉ်တစ်ခုကို ကြုံတွေ့နေကြရတာ။ မိုးကထစ်ချုန်းရွာသွန်းတဲ့အတွက် ကျန်တဲ့ရက်တွေမှာ အပူချိန်တွေက ပြင်းထန်တော့ မိုးတိမ်တောင်တွေ ပြန်လည်ဖြစ်၊ ဒီလိုနဲ့ ထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာနဲ့ လျှပ်စီးလက်တာ၊ လေပြင်းတိုက်တာတွေဟာ အတော်လေးများနေပါတယ်။

 

ဒီကာလတွေဟာ ရေကြောင်းခရီး ပြည်တွင်းသွားလာဖို့အတွက် ကောင်းမွန်တယ်။ နွေရာသီမှာဆိုရင်တော့ သတိထားရတယ်။ ရေနည်းတော့ သောင်ထွန်းပြီး ရေယာဉ်တွေ ထိခိုက်မိတတ်တယ်။ အခုကာလမှာ အထူးသတိပြုရမှာကတော့ ထစ်ချုန်းမိုးတွေရွာတဲ့အတွက် လေပြင်းတိုက်တတ်တော့ ဒါကိုတော့ ရေယာဉ်တွေနဲ့ ရေကြောင်းခရီးသွား လာသူတွေအားလုံး သတိထားဖို့လိုအပ်မယ်။ ကမ်းရိုးတန်းဒေသတွေမှာ လေဖိအားနည်း ရပ်ဝန်းတွေက ဆက်တိုက်ဖြစ်ပေါ်လာနိုင်သေးတဲ့အတွက် မုန်တိုင်းတွေ ပိုများလာနိုင်ပါတယ်။ အရင် ၁၉၈၉-၉၀ ကာလတွေမှာ တစ်နှစ်ကို မုန်တိုင်း ၁၀ ကြိမ်လောက် လာခဲ့ဖူးတယ်။ နောက်ပိုင်းမှာ မုန်တိုင်း ဖြစ်ပွားတဲ့အကြိမ်ရေ လျော့လာတယ်။ ၂၀၀၂- ၂၀၀၃ ခုနှစ်တွေကနေပြန်စပြီး မုန်တိုင်းတိုက်ခတ်ခံရမှု ပြန်လည်များပြားလာတယ်။ ဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပြီး ကမ်းနီး ကမ်းဝေးရေယာဉ်တွေ ထွက်ခွာသင့်တယ်။ ပင်လယ်လှိုင်းလေကို ခံနိုင်တဲ့ နည်းပညာ တွေကို ပိုပြီးအသုံးချလို့ ရေယာဉ်တွေကို တည်ဆောက်သင့်တယ်။ ရေယာဉ်တွေရဲ့ အရည်အသွေးကိုလည်း စနစ်တကျ စိစစ်ပေးကြဖို့ လိုအပ်ပြီး သတ်မှတ် စံချိန်စံòန်းတွေ ကိုလည်း ထားရှိဖို့၊ လိုက်နာဖို့ လိုအပ်ပါတယ်။

 

မေး ။ ။ အခုမိုးကြိုကာလနဲ့ မိုးတွင်းမှာ မိုးကြိုးပစ်ခတ်မှု အခြေအနေတွေကရော သိလိုပါတယ်။ မိုးကြိုးပစ်မှုကြောင့် ထိခိုက်မှုတွေ ပိုပြီးများလာတာရော ရှိပါသလား။

 

ဖြေ ။ ။ ဒီနှစ်မှာ လာနီညာရဲ့ သက်ရောက်မှုကြောင့် စံချိန်တင်တဲ့ အပူချိန်မျိုးအထိ မရှိခဲ့ဘူး။ ဒါပေမယ့် မိုးတိမ်တောင်စုဖွဲ့မှုတွေ အတော်ကိုများခဲ့တာ တွေ့ရတယ်။ အရင်က မြန်မာနိုင်ငံ အထက်ပိုင်းမှာပဲ ဖြစ်ခဲ့တာ။ ကုန်သည်လေဝင်ရောက်တဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မတ်လနဲ့ ဧပြီလတွေမှာ ပိုပြီး မိုးတိမ်တောင်တွေ ဖြစ်ကြတယ်။ မိုးတိမ်တောင်တွေကြောင့် မိုးကြိုးနဲ့ လေပြင်းတိုက်ခတ်မှုတွေက ဖြစ်လာတယ်။ ပင်လယ်က ရေခိုးရေငွေ့တွေနဲ့ အပူရှိန်တို့ကြောင့် မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ မိုးကြိုး ပစ်ခတ်တာတွေ အများဆုံး ဖြစ်တတ်တယ်။ ဒါက ပုံမှန်အခြေအနေတုန်းကပါ။ နောက်ပိုင်း ကျွန်တော်တို့ မေ့မေ့ပျောက်ပျောက်ပဲ နေခဲ့ကြတယ်။ မိုးကြိုးဟာ မိုးကြို၊ မိုးဦး၊ မိုးနှောင်းနဲ့ မိုးလွန်ကာလတွေမှာ ဖြစ်တယ်။ လေထုမငြိမ်သက်မှုတွေကြောင့် ဖြစ်တာ၊ အခုအချိန်မှာတော့ အစွန်းရောက် မိုးလေဝသဖြစ်စဉ် တစ်ခုအတိုင်း နွေမှာလည်း မိုးကြိုးပစ်တယ်။ မိုးတွင်းလည်း ပစ်တယ်။ ဆောင်းတွင်းပဲ နည်းနည်း သက်သာတယ်။ အချိန်ဆိုရင်လည်း ၂၄ နာရီပတ်လုံး ပစ်ချင်တဲ့အချိန်ပစ်တယ်။ ဆောင်းတွင်းမှာတောင် ဒီဇင်ဘာ၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလလောက်ပဲ မိုးကြိုးပစ်မှုနဲ့ လေပြင်း တိုက်ခတ်မှုဖြစ်စဉ်တွေ လျော့ပါးတာကို တွေ့ရတယ်။ အခုချိန်မှာ လူမှုဝန်ထမ်းကနေ ရရှိတဲ့ အချက်အလက်တွေအရ ကျွန်တော်တို့ သိထားသလောက် တစ်နှစ်ကို လူ ၂၀၀ ကနေ ၄၀၀ အကြား မိုးကြိုးကြောင့် သေကျေပျက်စီးနေရတယ်။ ဒါက ဌာနကို သတင်းပို့လို့ စုဆောင်းထားတဲ့ အချက်အလက်ပါ။

 

ဒီလိုသတင်းမပေးတဲ့ ဖြစ်စဉ်တွေ ဘယ်လောက်ရှိမလဲဆိုတာ မသိနိုင်ဘူး။ ဒါကြောင့် ဒီ့ထက်များမယ်လို့ ခန့်မှန်းရပါတယ်။ လွယ်လွယ်နားလည်အောင်ပြောရရင် မိုးကြိုးပစ် တယ်ဆိုတာ နေရာတစ်ခုရဲ့ အမြင့်ဆုံးနေရာကို ပစ်ချတာပဲ။ မိုးတိမ်တောင်တွေကနေ ဖြစ်တယ်။ ဒါကြောင့် မိမိတို့ဒေသတွေမှာ မိုးတိမ်တောင်တွေစုဖွဲ့လာရင် သတိထားဖို့ လိုတယ်။ လေပြင်းတိုက်နိုင်သလို မိုးကြိုးပစ်နိုင်တယ်။ နွေရာသီ မိုးလေကင်းလွတ်တဲ့ ကာလဆိုရင်တော့ သတိထားဆင်ခြင်နိုင်ပေမယ့် မိုးတွင်းမှာဆိုရင်တော့ မိုးခြိမ်းသံကို နားထောင်နေဖို့တော့ လိုအပ်မယ်။ အများစုက လယ်ကွင်းလို၊ ကွင်းပြင်တွေမှာ သွားလာ ကြသူတွေ ထိခိုက်ကြရတဲ့အတွက် မိုးခြိမ်းသံကြားရင် နီးစပ်ရာ လုံခြုံစိတ်ချရတဲ့နေရာကို သွားနေမယ်။ ငြိမ်သက်စွာနဲ့ မြေပြင်မှာ တစ်သားတည်းဖြစ်အောင်နေမယ်၊ လယ်ကွင်း တွေဘေးက လယ်ကန်သင်းမြောင်းတွေဆီမှာ ဝပ်နေမယ်ဆိုရင်တော့ သက်သာရာ ရနိုင်မယ်။

 

တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ ဓာတ်ပုံ - မေဦးမိုး