ယနေ့ကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ် ရေမျက်နှာပြင် မြင့်တက်ခြင်း၊ မြေပြိုခြင်း၊ အပူချိန်နှင့် မိုးရွာသွန်းမှုများ နေရာ/ အချိန်အလိုက်ပြောင်းလဲ ဖြစ်ပေါ်ခြင်းနှင့် မမျှော်မှန်းနိုင်သော ရာသီဥတု ဖြစ်ပျက်ပြောင်းလဲမှုများကို ကြုံတွေ့နေရသည်။ မမျှော်မှန်းနိုင်သော ရာသီဥတုပြောင်းလဲမှုတွင် သဘာဝရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ဖြစ်သော အယ်နီညိုတွေ့ရှိမှုကို ဆိုလိုသည်။ စိုက်ပျိုးရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရသည်။ အာဖရိကဒေသများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးထိခိုက်မှုမှာ ဖွံ့ဖြိုးပြီး တိုင်းပြည်များထက် ပိုမိုဆိုးရွားသည်။ ၂၀၀၃ ခုနှစ်တွင် သုတေသန ပညာရှင် မက်သယူးနှင့် ဝက်စမန်တို့က သီးနှံကြီးထွားမှု၊ ဖွံ့ဖြိုးမှုနှင့်အထွက်နှုန်းတို့အပေါ် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို သုတေသနပြု ဖော်ထုတ်ခဲ့ကြသည်။
ရာသီဥတုပြောင်းလဲခြင်းသည် သဘာဝဖြစ်စဉ်များနှင့် လူတို့ဖန်တီးသော ဖြစ်စဉ်များကြောင့် ဖြစ်ပေါ် ပြောင်းလဲခြင်းဖြစ်သည်။ သဘာဝဖြစ်စဉ်များတွင် နေရောင်ခြည်စနစ် ပြောင်းလဲခြင်း၊ မီးတောင်များပေါက်ကွဲခြင်းများ ပါဝင်ပြီး လူတို့ဖန်တီးသော ဖြစ်စဉ်ကြောင့် ပြောင်းလဲမှုများတွင် လူတို့ကြောင့် ဖြစ်ပေါ်လာသော ဓာတ်ငွေ့များလေထုအတွင်း တိုးမြှင့်ဖြစ်ပေါ်စေခြင်းနှင့် မြေအသုံးချမှုစနစ်များ ပြောင်းလဲခြင်းတို့ ပါဝင်သည်။ လူတို့၏ လုပ်ဆောင်မှုများကြောင့် ရာသီဥတု ပြောင်းလဲဖြစ်ပေါ်ခြင်းသည် ဤရာစုနှစ် အလွန်အထိ ဆက်လက် ဖြစ်ပေါ်နေမည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းကြသည်။ မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုနှင့် ဆိုးရွားသော ရာသီဥတုဖြစ်စဉ်များကို ကြုံတွေ့နေရသည်။ ၂၀၁၈ ကမ္ဘာ့ ရာသီဥတုစွန့်စားမှု ညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရာသီဥတုပြောင်းလဲမှု အဆိုးရွားဆုံးခံရသော နိုင်ငံ သုံးနိုင်ငံထဲတွင် ပါဝင်ပြီး ယင်းနိုင်ငံများမှာ ပေါ်တိုရီကို၊ မြန်မာနှင့် ဟေတီနိုင်ငံတို့ ဖြစ်သည်။
ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ဖန်လုံအိမ်အာနိသင်
ကမ္ဘာကြီးပူနွေးလာခြင်းသည် ဖန်လုံအိမ်အာနိသင် နှင့် ဆက်စပ်ပြီး လေထုထဲတွင် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့တိုးမြင့်မှုနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။
ဖန်လုံအိမ်အာနိသင်ဆိုသည်မှာ လေထုထဲတွင် အနီအောက်ရောင်ခြည်ကို စုပ်ယူသော ဓာတ်ငွေ့များ၏ အနီအောက် ရောင်ခြည်ဓာတ်သတ္တုရောက်မှုကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဖန်လုံအိမ်အကျိုးသက်ရောက်မှုဆိုသည်မှာ နေမှ ကျရောက်လာသော အပူစွမ်းအင်ရှိ အလင်းတန်းများ (လှိုင်းအလျားတို)သည် ကမ္ဘာမြေ မျက်နှာပြင်သို့ ကျရောက်၍ reflection သဘောဖြင့်ပြန်ပြီး မြေမျက်နှာပြင်မှ အလင်းတန်းများ (လှိုင်းအလျား ရှည်-အနီအောက် ရောင်ခြည်)ထုတ်လွှတ်ရာတွင် ၎င်းအလင်းတန်းများကို လေထုအတွင်းရှိ ဓာတ်ငွေ့များက စုပ်ယူကာ မြေမျက်နှာပြင်သို့ တစ်ဖန်ပြန်လည် ထုတ်လွှတ်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းအပူစွမ်းအင်များသည် အာကာသထဲသို့ ထွက်မသွားဘဲ ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် ဖန်လုံအိမ်ဓာတ်သဖွယ် ဆက်လက်တည်ရှိနေခြင်းကြောင့် ဖန်လုံအိမ်အာနိသင်ဟု ဆိုလိုခြင်းဖြစ်သည်။
အနီအောက်ရောင်ခြည်ကို စုပ်ယူသော ဓာတ်ငွေ့များကို ဖန်လုံအိမ်ဓာတ်ငွေ့များဟု ခေါ်ဆို၍ ၎င်းဓာတ်ငွေ့များတွင် အဓိကအားဖြင့် ရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရပ်အောက်ဆိုဒ်၊ မီသိန်းနှင့် အိုဇုန်းတို့ ပါဝင်သည်။ အမှန်တွင် ဤဖန်လုံအိမ်ဓာတ်ငွေ့သည် ကမ္ဘာမြေကြီး အပေါ်၌ သက်ရှိသတ္တဝါတို့ နေထိုင်နိုင်သော အနေအထား အပူချိန်တစ်ခုကို ဖန်တီးပေးသည်။ ၎င်းတို့ မရှိလျှင် ကမ္ဘာမြေကြီး၏အပူချိန်သည် သက်ရှိသတ္တဝါများ နေထိုင်၍ မရလောက်အောင် အေးနေမည်ဖြစ်သည်။ နေမှဖြာ ထွက်လာသည့် လင်းရောင်ခြည်များသည် ကမ္ဘာမြေ မျက်နှာပြင်ကိုရိုက်ခတ်ပြီး ပဲ့တင်ပြန်လာသော အနီအောက်ရောင်ခြည်ကို ၎င်းဓာတ်ငွေ့များက စုပ်ယူ၍ ကမ္ဘာမြေကြီးသို့ ဖြန့်ကြက်ပေးခြင်းဖြင့် ပူနွေးသော အပူချိန်ကို ထိန်းထားပေးသည်။ သို့သော် ၎င်းဓာတ်ငွေ့ ပမာဏ များပြားလာသောအခါ အပူချိန်လွန်ကဲမှုများ ဖြစ်ပေါ်၍ ကမ္ဘာကြီးပူနွေးလာရခြင်းဖြစ်သည်။
ကာဗွန်ဒိုင်အောက်ဆိုဒ်သည် လူသိအများဆုံး ဖန်လုံအိမ်အာနိသင်ရှိဓာတ်ငွေ့ဖြစ်သည်။ လေထုထဲတွင် အတွေ့ရအများဆုံးသော ဓာတ်ငွေ့ဖြစ်ပြီး လူများ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်သော ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ပေါ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ အဓိကအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သဘာဝကျောက်မီးသွေး၊ ဓာတ်ငွေ့နှင့် တွင်းထွက်ဆီများ လောင်ကျွမ်းခြင်း၊ သက်ရှိ နှင့် ပင်ကြွင်းပင်ကျန်များ လောင်ကျွမ်းခြင်းနှင့် စက်ရုံများမှ ဓာတုဓာတ်ပြုမှုများကြောင့် တွေ့ရှိရသည်။ စိုက်ပျိုးမြေမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုသည် စုစုပေါင်း ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၂၀ ရာခိုင်နှုန်းရှိပြီး အဓိကအားဖြင့် အပင်အကြွင်းအကျန်များ မီးရှို့ခြင်း၊ ဓာတ်မြေ ဩဇာများ အသုံးပြုခြင်း၊ မြေကြီးထွန်ယက်စိုက်ပျိုးခြင်း နှင့် အပင်အသက်ရှူသည့်ဖြစ်စဉ်များမှ ထွက်ရှိသည်။
မီသိန်းကို သဘာဝကျောက်မီးသွေး၊ ဓာတ်ငွေ့နှင့် တွင်းထွက်ဆီများ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စားမြုပ်ပြန် တိရစ္ဆာန်များ၏ အစာချေဖျက်မှုမှ ဖြစ်ပေါ် ခြင်းနှင့် စိုက်ပျိုးရေးလုပ်ကိုင်သည့် နည်းစနစ်များကြောင့် သဘာဝစွန့်ပစ်ပစ္စည်းများ ဆွေးမြည့်ခြင်းမှ တွေ့ရှိရသည်။ နိုက်ထရပ်အောက်ဆိုဒ်မှာ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ဆောင်ချက်များ၊ သဘာဝလောင်စာများ လောင်ကျွမ်းခြင်း၊ စွန့်ပစ်ရေ စီမံခန့်ခွဲသည့် နည်းစနစ်များမှ ထွက်ရှိသည်။
ဖန်လုံအိမ်ဓာတ်ငွေ့ကို လျှော့ချသော နည်းလမ်းများတွင် လေထုထဲရှိ ဖန်လုံအိမ်ဓာတ်ငွေ့ကို ဖြစ်ပေါ်စေသော အရင်းအမြစ်ကို လျော့နည်းစေခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ကို ရယူထိန်းသိမ်းထားနိုင်သော လက်ခံရာများ ပွားများ တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ သို့သော် လျှော့ချသောနည်းများ ဆောင်ရွက်ရာတွင် ၎င်းနှင့် ပူးတွဲ၍ လူမှုဆိုင်ရာချိန်ကိုက်ခြင်းနှင့် သာလွန်ကဲခြင်းများကို ဖြစ်ပေါ်စေသောကြောင့် ကျယ်ပြန့်သော အစိုးရမူဝါဒကို ချမှတ်ကာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ လုပ်ကိုင်ဆောင်ရွက်ပေးရန် လိုအပ်သည်။
ဖန်လုံအိမ်အာနိသင်လျှော့ချနိုင်ရေး
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချသော နည်းလမ်းများတွင် နည်းပညာ လိုအပ်ချက်သာမက လူမှုရေးဆိုင်ရာ အလေ့အထနှင့် ဌာနဆိုင်ရာ ပြောင်းလဲမှုများကို လုပ်ဆောင်ပေးရန် လိုအပ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းက စိုက်ပျိုးရေးကဏ္ဍ၊ သစ်တောနှင့် မြေအသုံးချမှုကဏ္ဍများမှ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ထွက်ရှိမှုကို အချက်အလက်များ ကောက်ယူ၍ နောင်ကြုံတွေ့ရဖွယ်ရှိသော ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို လျော့နည်းအောင် နည်းလမ်းများ ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအတွက် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထွက်ရှိမှု အချက်အလက်များကို ရှာဖွေဖော်ထုတ် သုတေသနပြု ဆောင်ရွက်လျက်ရှိကာ ၎င်းအချက်အလက် များကို အခြေခံ၍ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချနိုင်သော နည်းလမ်းများကို ရှာဖွေဖော်ထုတ်ဆောင်ရွက်သွားရမည် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံတော်၏ မူဝါဒတစ်ခုအနေဖြင့် ချမှတ်၍ဆောင်ရွက်မှသာ တိုးတက်ကောင်းမွန်သော နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပေးနိုင် မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်တွင် ရာသီဥတု လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေး(Climate Smart Agriculture- CSA)အဖွဲ့ကို ဖွဲ့စည်းထူထောင်ခဲ့သည်။ CSA သည် လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံတော်၏မူဝါဒနှင့် လိုက်လျောညီထွေရှိသော ပတ်ဝန်းကျင်နှင့် စီးပွားရေး ဆိုင်ရာ နည်းဗျူဟာများကိုချမှတ်၍ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိပြီး ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချသော နည်းလမ်းများဖြင့် အစာအာဟာရ လုံလောက်မှုပေးစွမ်းနိုင်သော ရေရှည်စိုက်ပျိုးထုတ်လုပ်မှုကို အားပေးတည်ထောင်ရန် ဖြစ်သည်။ စိုက်ပျိုးရေး ရှုထောင့်မှ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချသော နည်းလမ်းများကို ဆောင်ရွက်ရာတွင် လက်ရှိစပါးစိုက်ပျိုးထုတ်လုပ် မှုမှထွက်ပေါ်သော ဖန်လုံအိမ်ဓာတ်ငွေ့ကို တိုင်းတာသော နည်းလမ်းများနှင့် ဓာတ်ငွေ့ထွက်မှုကို လျှော့ချသော နည်းလမ်းများကို သုတေသနပြုလျက်ရှိသည်။
စပါးစိုက်ပျိုးထုတ်လုပ်ခြင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့တို့ ထွက်ရှိ ကြောင်း နိုင်ငံအများစု၌ ဆောင်ရွက်ခဲ့သော သုတေသနများက ဖော်ပြထားသည်။ ရေအဆက်မပြတ် ပေးသွင်းထားသော စပါးခင်းထဲမှ မီသိန်းဓာတ်ငွေ့ကို ဖြစ်ပေါ်စေသော ဗက်တီးရီးယားက ၎င်း၏ အစာသဘာဝမြေဩဇာတို့ကို စားသောက်၍ မီသိန်းဓာတ်ငွေ့ကို ထုတ်လုပ်ခြင်း ဖြစ်သည်။ စပါးစိုက်ပျိုးသောမြေများ၌ နိုက်ထရိုဂျင်မြေဩဇာ ထည့်သွင်းပြီး စိုတစ်လှည့်/ ခြောက်တစ်လှည့် ရေသွင်း ရေထုတ်စနစ်ကျင့်သုံးပါက နိုက်ထရပ်အောက်ဆိုဒ် ထွက်ပေါ်သည်။ စပါးစိုက်ပျိုးထုတ်လုပ်ခြင်းမှ ကာဗွန်ဒိုင် အောက်ဆိုဒ် အဓိကထွက်ပေါ်သော နည်းလမ်းများမှာ မြေကြီးကို ထွန်ယက်စိုက်ပျိုးခြင်း၊ ပင်ကြွင်းပင်ကျန်များကို မီးရှို့ခြင်း၊ လောင်စာဆီသုံးစွဲရသော စက်ပစ္စည်း ကိရိယာများအသုံးပြုခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး များကို သုံးစွဲခြင်းတို့ ဖြစ်သည်။
စပါးစိုက်ပျိုးထုတ်လုပ်မှုမှ ဖန်လုံအိမ်ဓာတ်ငွေ့များကို လျှော့ချသော နည်းလမ်းများ ရှာဖွေရာတွင် မီသိန်း ဓာတ်ငွေ့ကိုလျှော့ချသော နည်းလမ်းများက နိုက်ထရပ် အောက်ဆိုဒ် တိုးထွက်ပေါ်မှုကို ဖြစ်ပေါ်စေ၍ ၎င်းတို့ အကြား tradeoff effect များကို တွေ့ရှိရသည်။ သို့ဖြစ်၍ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချသော နည်းလမ်းများသည် ရှုပ်ထွေး၍ နည်းပညာဆိုင်ရာကျွမ်းကျင်မှု လိုအပ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ တစ်ခုချင်းစီအလိုက် သင့်တင့်သော နည်းလမ်းများ ပေါင်းစပ်လုပ်ဆောင်မှသာ အကောင်းမွန် ဆုံးနည်းလမ်းများကို ရှာဖွေဖော်ထုတ်ပေးနိုင်မည် ဖြစ် သည်။ ထိုမျှမက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (FAO)က စိုက်ပျိုးရေးကဏ္ဍ၏ အသေးစိတ် လုပ်ဆောင်ချက်များ ပါဝင်သော စိုက်ပျိုးရေးမူဝါဒနှင့် ရာသီဥတုသတ်မှတ်ချက် မူဝါဒများကို ပေါင်းစပ်လုပ်ဆောင်မှု လိုအပ်ကြောင်း လမ်းညွှန်ထောက်ပြထားသည်။ ထို့ပြင် FAO အဖွဲ့အစည်း က ရာသီဥတုလိုက်လျောညီထွေသော စိုက်ပျိုးရေးမူဝါဒ ဆိုင်ရာ လုပ်ဆောင်ရမည့် ပန်းတိုင်(၅)ရပ်ကို ဖော်ပြ ထားသည်။
လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးနည်းလမ်းများ
(၁) မြေကြီးအတွင်း ကာဗွန်ပမာဏတိုးမြင့်အောင် ဆောင်ရွက်ခြင်း- မြေကြီးအတွင်း ကာဗွန်ပမာဏ တိုးမြင့်ခြင်းသည် လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ကို လျှော့ချပေးနိုင်သည်။
(၂) စိုက်ပျိုးရာတွင် မြေအတွင်းအာဟာရဓာတ်များ သံသရာလည်ခြင်းဆိုင်ရာ နည်းစနစ်များကို သိရှိ ဆောင်ရွက်ခြင်း- အာဟာရဓာတ်များကို ပြန်လည် အသုံးချခြင်းသည် မြေကြီးအတွင်း ကာဗွန်ပမာဏ တိုးမြင့်မှုကို ထိန်းပေးထားနိုင်သည်။ မြေကြီးအတွင်း ကာဗွန် သံသရာလည်အသုံးချခြင်းသည် မြေကြီး၏ နိုက်ထရိုဂျင်အာဟာရဓာတ်သာမက ပြန်လည်မဖြည့် တင်းပေးနိုင်သည့် ဖော့စဖောရပ်စ်ကဲ့သို့သော အာဟာရ ဓာတ်အတွက်လည်း အကျိုးဖြစ်ထွန်းမှု ဖြစ်ပေါ်စေသည်။
(၃) စားသောက်မှုပုံစံနှင့် စွန့်ပစ်ပစ္စည်းထိန်းသိမ်းမှုပုံစံ ပြောင်းလဲခြင်း- ရာသီဥတု လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲရန်အတွက် စားသောက်မှု ပုံစံကို မဖြစ်မနေ ပြောင်းလဲပေးရန် လိုအပ်သည်။ ဥပမာ- အသားစားမှုကို လျှော့ချခြင်း၊ ခံနိုင်ရည်ရှိပြီး ဒေသနှင့် ကိုက်ညီသောမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း။ စားသောက် မှုပုံစံပြောင်းလဲမှုသည် စွမ်းအင်သုံးစွဲမှုအပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သိုလှောင်မှု အားနည်းချက်ကြောင့် အစားအစာ လေလွင့် ဆုံးရှုံးမှုများကို ခေတ်မီအဆောက်အအုံများ အသုံးပြု၍ လျှော့ချပေးနိုင်သလို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စားသောက်မှု အလေ့အထများ ပြောင်းလဲခြင်းအားဖြင့် အလေအလွင့်များကို လျော့နည်းစေနိုင်သည်။
(၄) နိုက်ထရပ်အောက်ဆိုဒ် ထွက်ပေါ်မှုဆိုင်ရာ သိပ္ပံနည်းကျ အသိပညာ ဗဟုသုတ အချက်အလက်များကို တိုးမြင့်အောင်ဆောင်ရွက်ခြင်း- နိုက်ထရပ်အောက်ဆိုဒ် ဖြစ်ပေါ်ခြင်း၊ ထုတ်လွှတ်ခြင်းဆိုင်ရာ အချက်အလက်များကို သေချာသိရှိနားလည်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။ အထူးသဖြင့် သဘာဝမြေဩဇာ၊ သစ်စိမ်း မြေဩဇာတို့မှ နိုက်ထရပ်အောက်ဆိုဒ် ထွက်သည့်ပုံစံနှင့် နိုက်ထရပ်အောက်ဆိုဒ်ထွက်သည့် ပမာဏလျော့နည်းသည့် နှုန်းထားများကို ရှာဖွေဖော်ထုတ်ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ပြင်နေရာဒေသအလိုက် နိုက်ထရပ် အောက်ဆိုဒ်ထုတ်လွှတ်မှုအပေါ် လွှမ်းမိုးသော အချက်အလက်များကို သိရှိနားလည်ထားရမည်ဖြစ်သည်။
(၅) ရှုပ်ထွေးပြီး အပြန်အလှန်ဆက်နွှယ်နေသော စိုက်ပျိုး နည်းစနစ်များအတွက် မှန်ကန်လျော်ညီသော အကဲဖြတ် နည်းလမ်းများ ပံ့ပိုးပေးခြင်း - ရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်သော စိုက်ပျိုးနည်းစနစ်ကို ဖန်တီးတည်ထောင်ရာတွင် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထွက်ရှိမှုပမာဏကို သိရှိစေရန် လိုအပ်သကဲ့သို့ လေထုထဲမှကာဗွန်ကို မြေထုအတွင်း ဖယ်ထုတ်သော ပမာဏကိုလည်း သိရှိနားလည်ရန် လိုအပ်သည်။ သို့မှသာ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချနိုင်သော စိုက်ပျိုးနည်းစနစ်များကို အကောင်းဆုံးအကဲ ဖြတ်ပေးနိုင်သော Conceptual work ကို ဖန်တီး တည်ထောင်ပေးနိုင်မည် ဖြစ်သည်။
သို့ဖြစ်၍ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော ကမ္ဘာကြီးပူနွေးစေသည့် ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချပေးနိုင်သော နည်းလမ်းများကို နိုင်ငံ တစ်နိုင်ငံချင်းစီအလိုက် သုတေသနပြု ရှာဖွေဖော်ထုတ်ပြီး ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် အတူတကွ လုပ်ဆောင်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။
ဒေါက်တာအိဖြူဝင်း(ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)