ရာသီဥတုပြောင်းလဲမှုနှင့် သီးထပ်စိုက်ပျိုးမှုတို့ကြောင့် စိုက်ပျိုးရေးသွင်းအားစုများအား ယခင်ထက်ပိုမိုအသုံးပြုလာ

ရေစကြို ၁၇ နိုဝင်ဘာ

ရေစကြိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုနှင့် သီးထပ်စိုက်ပျိုးမှုတို့ကြောင့် သီးနှံအထွက်နှုန်း ကျဆင်းလာကာ စိုက်ပျိုးရေးသွင်းအားစုများအား ယခင်ထက် ပိုမိုအသုံးပြုလာကြကြောင်း သိရသည်။ 

“ဦးလေးတို့ငယ်ငယ်က ဆေးပတ်စရာမလိုဘူး။ ဓာတ်မြေသြဇာသုံးစရာမလိုဘူး။ အခုက ဆေးသုံးတာတောင် အရင်တုန်းက အထွက်နှုန်းကို မမီချင်ဘူး။ တစ်နှစ်သုံးသီးဆိုတော့ မြေကလည်းအားကုန်တာပေါ့၊ ဦးတို့ငယ်ငယ်တုန်းကတော့ တစ်သီးပဲစိုက်ကြတာ၊ အဲဒီတုန်းက ရာသီဥတုကလဲကောင်း အထွက်နှုန်းကလည်း တအားကောင်းတာ”ဟု ဆင်တဲကျေးရွာမှ တောင်သူလုပ်သက် ၄၀ ကျော်ရှိပြီဖြစ်သော တောင်သူ ဦးစိန်ကျော်က ပြောသည်။

ယခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုမမှန်ခြင်းတို့ကြောင့်  သီးနှံများပျက်စီးဆုံးရှုံးခဲ့ရပြီး  ရာသီဥတု အလွန်ပူပြင်းမှုနှင့် ယခုကဲ့သို့ ဆောင်းရာသီတွင် ရာသီဥတုမအေးခြင်းတို့ကြောင့် သီးနှံအထွက်လျော့ခြင်းများကို နှစ်စဉ်ကြုံလာလျက်ရှိကြောင်း သိရသည်။

နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် အပင်များ မကြီးထွားနိုင်သကဲ့သို့ ယခုကဲ့သို့ ဆောင်းရာသီတွင်လည်း နှင်းကျရောက်ခြင်းမရှိသဖြင့် နှင်းကြိုက်သည့်  ကုလားပဲပင်များ ကြီးထွားအောင်မြင်မှု နည်းလာသည်ဟု သိရသည်။ တောင်သူများအနေဖြင့်  စိုက်ပျိုးရေးသွင်းအားစုများကို ပိုမိုအသုံးပြုလာရခြင်းဖြစ်သည်ဟု တောင်သူများထံမှ သိရသည်။ ရာသီဥတုပြောင်းလဲမှုနှင့် စိုက်ပျိုးမြေ အရည်အသွေး နိမ့်ကျလာမှုတို့ကြောင့်  ပိုးမျိုးစုံလည်း မကြာခဏ ကျရောက်လာသည်ဟု တောင်သူများထံမှ သိရသည်။

“အခုက ရာသီဥတုကလည်း ဟိုးအရင်ကလို မကောင်းတော့ဘူး။ အခုဆိုရင် ပိုးတွေအမျိုးစုံလာတာပဲ၊ ပိုးသတ်ဆေးကလည်း မျိုးစုံသုံးနေရတာ၊ ဟိုးအရင်ကဆို စပါးတစ်ဧကကို ပုလဲမြေသြဇာမှ ၈ ပြည်ပဲသုံးရတာ၊ တစ်ခါပဲပတ်ရတာ၊ အခုမြေသြဇာကို စပါးတစ်ဧကကို ၃ အိတ်ခွဲ ၄ အိတ်လောက် သုံးနေရတာ၊ အခုဟာ ပျိုးပင်ကို စိုက်ခင်းထဲစစိုက်ပြီး ရက် ၂၀ အတွင်း တစ်ခါပတ်ရတယ်။ အဲဒါပတ်မိအောင် ပတ်ကြရတော့တာ၊ ပုလဲမြေသြဇာမပတ်ရင် ကောက်ပင်က  တက်မလာတော့ဘူး” ဟု တောင်သူလုပ်သက် ၄၅ နှစ်ရှိပြီဖြစ်သော  စပါးတောင်သူ ဦးပေါကြွယ်က ပြောသည်။

ထိုသို့ ပုလဲဓာတ်မြေသြဇာများကို ၈ ပြည်အသုံးပြုရာမှ တဖြည်းဖြည်းတိုးကာ အသုံးပြုလာကြသည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်သည်ဟု တောင်သူများထံမှ သိရသည်။ ပုလဲဓာတ်မြေသြဇာ တစ်အိတ်လျှင် ၂၄ ပြည်ခန့်ပါရှိရာ ယခင်က ၈ ပြည်ခန့်သုံး ရာမှ ယခုအခါ ၉၆ ပြည်နီးပါးခန့် သုံးစွဲလာခြင်းဖြစ်သည်။

“ပုလဲမြေသြဇာဟာ နိုက်ထရိုဂျင်မြေသြဇာပဲ။ တောင်သူက စိုက်လို့တာ စိုက်နေတာ နိုက်ထရိုဂျင်က ဘယ်လောက်ရှိတယ်၊ ဘယ်အတွက် သုံးတာလဲဆိုတာကို မသိဘူး။ ဘယ်အချိန်မှာ ဘာသုံးရမယ်ဆိုတာကို တောင်သူကမသိဘူး။ ဦးတို့လည်း ရှင်းပြနေတယ်။ ဒါပေမယ့် တောင်သူက မှတ်သားမှုတို့ နည်းစနစ်တို့ အားနည်းနေသေးတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေးက ပြောပြသည်။

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များဖြစ်သည့် ရေကြီးခြင်း၊ အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆားငန်ရေဝင်ရောက်ခြင်း၊ မြစ်ရေကြီးခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းအပေါ် ထိခိုက်ဆုံးရှုံးမှုများ နှစ်စဉ်နီးပါးခံ စားနေရကြောင်း မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (MCCA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ရာသီဥတုပြောင်းလဲမှုကြောင့် တောင်သူများ သီးနှံထိခိုက်မှုလျော့နည်းကာ စိုက်ပျိုးရေး နည်းစနစ်ကျစေရန် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာပေးများ ဆောင်ရွက်နေသော်လည်း လိုက်နာမှုအားနည်းနေသေးသည်ဟု သိရသည်။

အိမွန်ဆွေ(ရေစကြို)