ရာသီဥတုပူသည်၏ နောက်ဝယ်

၂၂ ဧပြီ

 

ယခုတလော  မြန်မာနိုင်ငံ  ဒေသအတော်များများရှိ  ပြည်သူလူထုထံက  ရာသီဥတုပူသည့်အကြောင်း ထုတ်ဖော်ပြောဆိုသံများ ကြားရပါသည်။

 

အချို့က  တိကျသော    ကိန်းဂဏန်းများကို  ကိုးကား၍  ၁၀၄  ဒီဂရီ ဖာရင်ဟိုက်ရှိနေပြီ၊ ၁၀၇ ဒီဂရီဖာရင်ဟိုက် ရှိနေပြီ အစရှိသဖြင့် ပြောဆိုကြ သကဲ့သို့ အချို့ကလည်း မိမိတို့၏  ခံစားချက်အတွေ့အကြုံပေါ်မူတည်ပြီး  မှတ်မိသမျှ သည်ကာလများအတွင်း ယခုနှစ်၏ အပူချိန်မှာ စံချိန်ပါပဲဟု ဆိုကြ၏။

 

မည်သို့ပင်ဖြစ်စေ ရာသီဥတု ပူသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။ အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သော ပြဿနာများ၊ ဆိုးကျိုးများ၊ ရောဂါ ဘယများ၊ မည်သို့မည်ပုံ နေထိုင်ဂရုစိုက်ကြရန်များ၊ မီးဘေးအန္တရာယ်ကို ပိုမိုသတိထားကြဖို့ အကြောင်းများ စသည်စသည်ဖြင့် အစိုးရတာဝန်ရှိသူ များကရော၊ ပြည်သူလူထုအချင်းချင်းတွင်ရော သတိပေးနှိုးဆော်သံများ ကိုလည်း ကြားရပါသည်။

 

ရာသီဥတု  အလွန်ပူပြင်းလာသည့်  အကြောင်းရင်းဇာစ်မြစ်များကို ဆန်းစစ်ကြရာတွင် ကမ္ဘာကြီးပူနွေးလာမှု၊ ကာဗွန်ထုတ်လုပ်ခြင်း တိုးမြင့်လာမှု၊ မော်တော်ကား၊ လေအေးပေးစက် အစရှိသည့် စက်ကိရိယာများနှင့် စက်ရုံအမျိုးမျိုးတို့က ထုတ်လွှင့်နေသော အပူပမာဏ တစ်နှစ်ထက်တစ်နှစ် ပိုလာမှု၊  သစ်ပင်  သစ်တော ခုတ်ထွင်မှုများကြောင့် အပင်လျော့ပါးလာခြင်း၏  အကျိုးဆက်များ စသည်ဖြင့် မူလဘူတ  အကြောင်းခံများကိုလည်း သိရမြင်ရ ကြားရပါ၏။

 

ကမ္ဘာမြေကြီးပူနွေးလာမှုအကြောင်း  ပြောကြရာတွင် အသုံးအနှုန်းအရ ပူနွေးမှုဟုဆိုသော်လည်း ကမ္ဘာ့ရာသီဥတု ချိန်ညှိမှုစနစ် ပျက်ပြားကာ ပူသည့်နေရာများက အဆမတန်ပူပြင်းလာချိန်၊ အေးသည့်နေရာများက မခံနိုင်အောင် အေးခဲ၊ မြေအောက်ရေ ရှားပါးလာမှုများ၊ ရေရှားပါးသည့် ဒေသများက  ရေရရှိရေး အလွန်အင်မတန်ခက်ခဲခြောက်သယောင်းဖြစ် နေချိန်တွင် အခြားတစ်ဖက်၌ ရေကြီးရေလျှံမှုများနှင့်ကြုံနေရ၊ သဘာဝ တရား၏ ချိန်ညှိမှုများ ကမောက်ကမ ဖြစ်လာသည်နှင့်အမျှ မြေငလျင် လှုပ်ခြင်း၊ ယင်းနှင့် ဆက်စပ်နေသည့် ဆူနာမီခေါ် ပင်လယ်ရေလှိုင်းကြီးများ တစ်ဟုန်ထိုးတက်လာခြင်း၊  အယ်လ်နီညို၊  လာနီညာ  စသည့်စာရင်းထိုး ဖော်ပြရန်ပင် ရှည်လျားလှမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအဖို့မူ  စက်မှုကုန်ထုတ်လုပ်ငန်းများအနေဖြင့်  သိသာထင်ရှားလှသော တိုးတက်မှုများမရှိခဲ့ဘဲ၊  တစ်ချိန်တုန်းအခါက နိုင်ငံ၏ ဧရိယာအများစုကို လွှမ်းမိုးထားသော စိမ်းမြညို့ မှိုင်းနေသည့် သစ်တော အုပ်ကြီးများ သိသိသာသာ လျော့ပါးသွားခြင်းက ပြင်းထန်သော ရာသီဥတု အပြောင်းအလဲဖြစ်မှု၏ ဇာစ်မြစ်အဖြစ် ဖော်ထုတ်ဆန်းစစ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။

 

ယနေ့ခံစားနေရသည့် ရာသီဥတု အပြောင်းအလဲ၏ ဆိုးကျိုးပြစ်ဒဏ်များ အရေးအရာမှာ ကမ္ဘာလုံးဆိုင်ရာအရေးဖြစ်သကဲ့သို့ အမျိုးသားရေး ပြဿနာအဖြစ်လည်း ရှုမြင်ကြဖို့ လိုပါမည်။

 

လက်ငင်းရင်ဆိုင်ဖြေရှင်းရမည့်      ကျန်းမာရေးဆိုင်ရာ၊      နေနည်းထိုင်နည်း အစရှိသည်တို့ကို ပညာပေးခြင်း၊ ဖြစ်ပေါ်လာသည့် လိုအပ်ချက် များပေါ်မူတည်ကာ ကူညီထောက်ပံ့ပေးခြင်းတို့အပြင် ရေရှည် စီမံကိန်းချ လုပ်ဆောင်ရမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်ဆောင်ရွက် နေသည်တို့ကို တွေ့ မြင်နေရသော်လည်း ပိုမိုထိရောက်ကာ ပြည်သူလူထု ပါဝင်လုပ်ဆောင်နိုင်သည်အထိ ကျယ်ပြန့်သော လှုံ့ဆော်မှုများ၊ ပူးပေါင်း လက်တွဲရန် စီမံပေးမှုများ ယခုထက် လိုအပ်လိမ့်မည်ဟု ထင်မြင်ပါသည်။

 

ခေတ်အဆက်ဆက် ထုံးစံကဲ့သို့ဖြစ်နေသည့် အမြင်ကောင်းရုံ ဟန်ပြလုပ်ငန်းများသက်သက်မဟုတ်ဘဲ၊  အနိမ့်ဆုံးအားဖြင့်  အပူထုတ်ပစ္စည်း ပလတ်စတစ်ပစ္စည်းများ လျှော့ချအသုံးပြုရေးကို အားပေးသည့် အစီအမံ နှင့်  နှိုးဆော်ပွဲများ၊  သစ်ပင်များကို  စီမံချက်ဖြင့်  ထိထိရောက်ရောက် အားထုတ်စိုက်ပျိုးရေး၊ မြို့ပြနှင့်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စီမံကိန်းများ ရေးဆွဲကာ ချမှတ်လိုက်နာဆောင် ရွက်ရေး စသည်တို့ကို လုပ်ကိုင်ကြ ပြင်ဆင်ကြရန်သင့်ပြီဟူ၍ လေးစားစွာ တင်ပြလိုက်ရပါသည်။          

 

မြန်မာ့အလင်း