ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်သီးဖြင့်ထိုးသူအား တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် အမှုဖွင့်

မန္တလေး ၂၂ သြဂုတ်


မန္တလေးမြို့၊ ချမ်အေးသာစံမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်သီးဖြင့် ထိုးသူအား တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။


ချမ်းအေးသာစံမြို့နယ်၊ ၂၇ လမ်းနှင့် ၆၃ လမ်းထောင့်တွင် သြဂုတ် ၂၀ ရက် ည ၈ နာရီခန့်က ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းရသဖြင့် ဒုတပ်ကြပ် မင်းသူရ မှာ သွားရောက်စိစစ်ခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ဆိုင်ကယ်တစ်စီးနှင့် သွေးထွက်ဒဏ်ရာများ ရရှိနေသည့် အမျိုးသားတစ်ဦးအား မေးမြန်းရာ ၄င်းက မင်းတို့ရဲတွေ ဘာလုပ်ရမှာလဲဟုဆိုကာ ဒုတပ်ကြပ် မင်းသူရအား လက်သီးဖြင့် ထိုးခဲ့ကြောင်း သိရသည်။


လက်သီးဖြင့်ထိုးသဖြင့် ဒုတပ်ကြပ် မင်းသူရမှာ နှာခေါင်းရိုးကျိုးကာ သွေးထွက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။


လက်သီးဖြင့် ထိုးခဲ့သူသည် အရက်သေစာ သောက်စားထားပြီး တာဝန်ထမ်းဆောင်နေသည့် ရဲဝန်ထမ်းအား လက်သီးဖြင့် ထိုးခဲ့သောကြောင့် အမှတ်(၃) နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


အိမို့မို့ခိုင်