ရောဂါကာကွယ်၍ ကျန်းမာသောဘဝပိုင်ဆိုင်

 

ကမ္ဘာ့ကျန်းမာရေးသမိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ကိုဗစ်-၁၉ ရောဂါ လျင်မြန်စွာ ကူးစက်ဖြစ်ပွားခဲ့သည်မှာ လေးနှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကိုဗစ် - ၁၉ တတိယလှိုင်းတွင် ဆိုးရွားပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ပြည်သူအများစု၏ အသက်ခန္ဓာ၊ ကျန်းမာရေးတို့သာမက လူမှုစီးပွားကဏ္ဍအပေါ်တွင် အကြီးအကျယ် သက်ရောက်မှုများရှိခဲ့သည်။ ယနေ့ကာလတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာမရှိတော့သော်လည်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲများရှိနေသည်ကို သတိပြုရမည် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွား သည့် ၂၀၂၀ ပြည့်နှစ်မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့အထိ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၇၇၄ သန်းကျော်နှင့်  သေဆုံးသူလူဦးရေ ခုနစ်သန်းကျော်ရှိသည်ဟု အတည်ပြုထားသည်။  ပြီးခဲ့သည့်  ဇန်နဝါရီလ၏ လစဉ် အစီရင်ခံစာအရ တစ်လအတွင်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ တစ်သန်းကျော်ရှိပြီး သေဆုံးသူ ၈၇၀၀ ရှိသည်ဟု သိရှိခဲ့ရာ အဆိုပါကူးစက်ရောဂါ နှင့်ပတ်သက်၍  လက်ရှိတွင်  စိုးရိမ်ဖွယ်ရာမရှိသော်လည်း ဆက်လက်သတိပြု ကာကွယ်နေထိုင်ကြရန် လိုအပ်သည်ကို သတိမူမိကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာမရှိတော့သဖြင့်  အများပြည်သူတို့က  ပုံမှန်နေမြဲအတိုင်းသာ  နေထိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။  အဆိုပါရောဂါမှာ  လုံးဝကင်းစင်သွားခြင်းမရှိ သေးဘဲ ရောဂါမျိုးကွဲဖြစ်ပွားမှုများကို ကမ္ဘာတစ်ဝန်းတွင်သာမက မြန်မာနိုင်ငံတွင်ပါ စစ်ဆေးတွေ့ရှိနေသည်ကို သိရှိကြမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ မှစတင်၍ တွေ့ရှိခဲ့သည့် ရောဂါပြင်းထန်ဖြစ်ပွားနိုင်ခြေနှင့် သေဆုံးနိုင်ခြေမြင့်မား သော ဒယ်လ်တာမျိုးကွဲသည် ၂၀၂၁ ခုနှစ်  မေလနှင့် ဇွန်လတွင် ကမ္ဘာ့နိုင်ငံများ၌ မြန်ဆန်စွာ ကူးစက်ဖြစ်ပွားခဲ့ရာ လူအများ ထိခိုက်သေဆုံးနှုန်း မြင့်မားခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ဒယ်လ်တာမျိုးကွဲထက် ပိုမိုကူးစက်နိုင်ခြေ မြင့်မားသော်လည်း ရောဂါ အပြင်းအထန်ဖြစ်ပွားနိုင်ခြေနှင့် သေဆုံးနိုင်ခြေနည်းပါးသည့် အိုမီခရွန်မျိုးကွဲများ ကူးစက်ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲသည် အခြားမျိုးကွဲများအဖြစ် ဆက်လက်၍ လျင်မြန်စွာပြောင်းလဲလျက် ကူးစက်ဖြစ်ပွားနေကြောင်း အသိပေး ထုတ်ပြန်ထားသည်။ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပြီး ၂၀၁၉-၂၀၂၀ ရောဂါစတင် ဖြစ်ပွားချိန်မှ ယနေ့အထိ အယ်လ်ဖာ၊ ဘီတာ၊ ဂါမာနှင့် ဒယ်လ်တာ၊ အိုမီခရွန် ကူးစက်ရောဂါများ ဖြစ်ပွား တွေ့ရှိခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြီးခဲ့သည့် ဇန်နဝါရီလ ထုတ်ပြန်ထားချက်အရ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်မျိုးကွဲ ငါးမျိုးအား စိတ်ဝင်စားဖွယ်မျိုးကွဲများအဖြစ် တွေ့ရှိထားပြီး စောင့်ကြည့်ရမည့်မျိုးကွဲများအဖြစ် သတ်မှတ်ထားသည်။ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားရှိမှုမှ ပယ်ဖျက်ပြီး နောက်ပိုင်းတွင် မျိုးရိုးဗီဇပြောင်းလဲမှု စောင့်ကြည့်ခြင်းကို ဆက်လက်ဆောင်ရွက်သွားရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အကြံပြုထားသည်။ ယခုလက်ရှိတွင် အဆိုပါရောဂါမျိုးကွဲများ ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း အကယ်၍ စိုးရိမ်ဖွယ်ရာရောဂါမျိုးကွဲ တွေ့ရှိပါက အသင့်ပြင်ဆင်ထားရှိရန် လိုအပ်သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကို ဖြစ်ပွားစေသည့် ဆားစ်ဗိုင်းရပ်စ်ပိုးတစ်မျိုးသည် လျင်မြန်စွာ မျိုးရိုးဗီဇ ပြောင်းလဲဖြစ်ပွားလျက် ရှိသောကြောင့် ရောဂါပြင်းထန်ပြီး သေဆုံးနိုင်ခြေမြင့်မားသည့် ဗီဇပြောင်းမျိုးကွဲများ ထွက်ပေါ်လာပါက စောစီးစွာသိရှိပြီး အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက မျိုးရိုးဗီဇ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်မှု မဖြစ်ပွားမီကပင်စတင်၍ ယနေ့အထိ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှီးနွှယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုအခါ မျိုးရိုးဗီဇကွဲရောဂါများ ကူးစက်မှုနှုန်း မြင့်တက်နေသည်ဟု အသိပေးထားသည်။ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်ကာ ပြည်သူ့ကျန်းမာရေး ထိခိုက်မှု အန္တရာယ် နည်းပါးပြီး ရောဂါပြင်းထန် ဖြစ်ပွားနိုင်မှုနည်းပါးကြောင်း အသိပေးထားသော်လည်း အသက်အရွယ်၊ ကိုယ်ခံအား၊ ရောဂါအခံရှိမှုတို့အပေါ်မူတည်၍ ရောဂါပြင်းထန်ဖြစ်ပွားနိုင်ခြေရှိသည်ကို သတိပြုရမည်ဖြစ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ထပ်ဆောင်း ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်ပြုမူ လုပ်ကိုင်မှု စသည်တို့ကို ပြည်သူများအားလုံး သတိပြုလုပ်ကိုင်ပြီး ကျန်းမာသော လူမှုဘဝကို ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ