ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူသို့ အသိပေးနှိုးဆော်

မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ပါသည်။

 

သို့ဖြစ်ရာ ယခုကာလ၌ ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း အထူးသတိထားရန်လိုအပ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို သတိပြုလိုက်နာ ဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်-

 

  • မိုးလေဝသသတင်းများနှင့် ထူးခြားမြစ်ရေအခြေအနေ ထုတ်ပြန်ချက်များကို သတိပြုနားထောင်ပါ။
  • အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ကားတာယာကျွတ် အစရှိသည့် အရေးပေါ် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။
  • မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း အစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားများဖြင့် ကြိုတင်မှတ်သားထားရှိပါ။
  • တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက် ရေကြီးခြင်းများဖြစ်နိုင်ကြောင်း သတိပြုပါ။ လျှပ်တစ်ပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြုနေထိုင်ပါ။
  • မြစ်၊ ချောင်းကမ်းပါးများနှင့် အလွန်နီးကပ်စွာ နေထိုင်သူများ၊ သဲသောင်ပြင်များတွင် သီးနှံစိုက်ပျိုးကြသူများ လိုအပ်ပါက အန္တရာယ်လွတ်ကင်းသည့်နေရာများသို့ ခေတ္တပြောင်းရွှေ့နေထိုင်ပါ။
  • ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်း ကမ်းပါးများအနီးသို့ မသွားပါနှင့်။ တောင်ကုန်း၊ တောင်စောင်းများအနီးတွင် နေထိုင်သူများ တောင်ပြိုကျမှုအန္တရာယ်ကို သတိထားပါ။
  • ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်။ မလွှဲ မရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။
  • ရေကြီးနေစဉ် တောင်ကျချောင်းများ၌ လူ၊ တိရစ္ဆာန်၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကား မဖြတ်ကူးပါနှင့်၊ ရေစီးနှင့်မျောပါတတ်ပါသည်။
  • ရေကြီးနေချိန်၊ ရေကြီးပြီးချိန်များတွင် လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့် တတ်နိုင်သမျှ ဝေးဝေးနေပါ။ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။ မြွေနှင့်အဆိပ်ရှိသော သတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။

ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန်၊ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်သတင်းရယူ အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

 

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန