ရွှေဘိုမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲပြုလုပ်

ရွှေဘို  ၂၂   နိုဝင်ဘာ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ရွှေဘိုမြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဉီးကိုကိုအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်စစ်ကိုင်းတိုင်းဒေသကြီး၊ ဥပဒေဆိုင်ရာအထောက်အကူပြုပေးရေး အဖွဲ့ဥက္ကဌ ဉီးမောင်မောင်လေးမြင့်က အဖွဲ့၏ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများ၊ အခမဲ့အနေဖြင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ထံ တောင်းခံခွင့်ရှိသည့် ပြစ်မှုများ၊ အကြောင်းကိစ္စရပ်များနှင့် ဥပဒေဆိုင်ရာအထောက်အကူ တောင်းခံခွင့်ရှိသူများ အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ယခုဖွင့်လှစ်သောရုံးသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီမြို့နယ်အဆင့်တွင် ပထမဉီးဆုံးသော ရုံးဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ရွှေဘိုမြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဥက္ကဌ ဉီးတိုးမြင့်က အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးခဲ့ပြီး ရုံးတည်နေရာကို ပြောကြားခဲ့ပြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ထံသို့ အကူအညီများတောင်းလိုပါက လာရောက်အကူအညီများ တောင်းဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ရုံးသည်အမှတ်(၁၀)ရပ်ကွက် ရွှေဘိုခရိုင် စုပေါင်းရုံးကြီးအတွင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

စိုးသီဟ(ကုန်းဘောင်)