ရွှေဘို၌ လူသုံးယောက်စီးလာသော ဆိုင်ကယ် လမ်းလယ်မီးတိုင်အုတ်ခုံကို တိုက်မိ၍ တစ်ဉီးသေဆုံး

ရွှေဘို   ၈   နိုဝင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် နိုဝင်ဘာ ၇ရက် ညပိုင်းက လူသုံးဦးစီးနှင်းလာသောဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်မီးတိုင်အုတ်ခုံကို တိုက်မိ၍ လူတစ်ဉီးသေဆုံးခဲ့ကြောင်း  သိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့တွင် နိုဝင်ဘာ ၇ ရက် ည ၈ နာရီက ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ရွှေဘို - မြစ်ကြီးနားကားလမ်းအတိုင်း အနောက်မှအရှေ့သို့ အောင်ကိုကိုထက် စီးပြီး အလယ်ထိုင် ဇော်မျိုးထက်နှင့် နောက်ထိုင် ရဲစိုး ရွှေဘိုမြို့နေသူတို့ လိုက်ပါလာသော ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်မီးတိုင်အုတ်ခုံကို တိုက်မိ၍ သုံးဉီးစလုံး ထိခိုက်ဒဏ်ရာများရရှိကာ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက်ရောက်နေစဉ်   ဆိုင်ကယ်နောက်တွင်လိုက်ပါသူ ရဲစိုးမှာ ဆေးရုံကြီး၌ ည ၈ နာရီခွဲတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဆိုင်ကယ် မဆင်မခြင်မောင်းနှင်ကာ လူကိုဒဏ်ရာရရှိသေဆုံးစေသူ အောင်ကိုကိုထက်ကို ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)