ရွှေဘိုပေါ်ဆန်း ဆန်ဈေး စံချိန်တင် မြင့်တက်နေ

mdn

နိုဝင်ဘာ ၂၅


ရွှေဘို ပေါ်ဆန်းဆန် တစ်အိတ်လျှင် ငါးသောင်းခွဲအထိ ဈေးတက်နေခြင်းက နှစ်နှစ်အတွင်း စံချိန်တင် ဈေးဖြစ်နေကြောင်း ဆန်ကုန်သည် များကပြောကြားသည်။

“ဈေးကွက်အတွင်းမှာ ဝယ်လိုအားများပြီးတော့ ရောင်းလိုအားနည်းနေတယ်။ ရာသီဥတုကြောင့် အထွက်နှုန်း ကလည်း လျှော့နည်းနေသလို ထွက်ရှိမှုကလည်း တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ ဆန်ဈေးကို ဆွဲတင် ဆွဲတင်ရင်းနဲ့ ဈေးတက်လာတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးကလည်း စားသုံးကြတာ နှစ်သက်တော့ ဈေးတက် လာတာပေါ့” ဟု  မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

လက်ရှိ ဆန်ကုန်သည်များမှ ရွှေဘိုပေါ်ဆန်းမွှေးကို ပါကင်ထုပ်ပိုးမှု ပြောင်းလဲ၍ ရောင်းချနေခြင်း၊ အနံအရသာ ရှိစေခြင်းတို့ကြောင့် စားသုံးသူများ ပိုမိုကြိုက်နှစ်သက်ကာ ဝယ်ယူမှု များပြားလာခြင်းကြောင့် လည်း ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ကြမ်းစပါးကို အရောင်တင် သန့်စင်ပြီး လေလုံသည့် ပါကင်ထုပ်ပိုးမှု ပြုလုပ်နိုင်ပါက ကျန်းမာရေးအတွက် ပိုမိုအကျိုးရှိသည့် စားသောကနေထိုင်မှု စနစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်များက ပြောသည်။

၂၀၁၅ ခုနှစ်က ရွှေဘို ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ်လေးသောင်းခွဲ၊ ၂၀၁၆ ခုနှစ်အတွင်းက တစ်အိတ်လျှင် ကျပ် ၄၆၀ဝ၀ နှုန်းသာ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုပေါ်ဆန်း ဒေသန္တရမူပိုင်ခွင့် ရရှိရေးဆောင်ရွက်နေပြီး  ထိုအတွက် ဆွေးနွေးပွဲသုံးကြိမ်၊ မူပိုင် ကာကွယ်ခွင့် ဆောင်ရွက်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းထားကာ ရွှေဘိုပေါ်ဆန်းမွှေးဆန်ကို ပထဝီ ဆိုင်ရာ အညွှန်း (GI)စာရင်းတွင် ပါဝင်ခွင့် ရရှိရန် လိုအပ်သည့် အချက်အလက်များ စစ်တမ်းကောက်ယူ ထားပြီး  (GI) စာရင်းဝင်ဖြစ်ပါက မူပိုင်ခွင့်ရရှိရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“ရရှိအောင် လုပ်နေပါတယ်။ နိုင်ငံရဲ့ ထုတ်ကုန်တံဆိပ်ပေါ့”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

လက်ရှိတွင် ရွှေဘိုပေါ်ဆန်းမွှေးဆန်၏ မျိုးရိုးဗီဇနှင့် အရည်အသွေးတည်ငြိမ်မှုရှိစေရန် မျိုးကောင်း၊ မျိုးသန့်များ စနစ်တကျ ထုတ်လုပ်ရေး၊ ဘက်စုံ ပိုးမွှားကာကွယ်ရေးစနစ် အသုံးပြုရေး၊ မြို့နယ်အလိုက် မြေနှင့် ရေအား ဓာတ်ခွဲစမ်းသပ်ရေးတို့ကို ဆောင်ရွက်နေသည်။

MDN