ရေဗက္ကာဝင်း၏ ကချင်ဘာသာဖြင့် သီဆိုသည့် တေးစီးရီးထွက်ရှိ

၂၄ ဖေဖော်ဝါရီ

 

အသံအေးအေးနှင့် ပရိသတ် အသည်းနှလုံးကို ရယူသိမ်းပိုက်ထားသူ ရေဗက္ကာဝင်း တစ်ယောက် ဂီတလောကနှင့် အဆက်အသွယ် ပြတ်ခဲ့သည်မှာ ခုနစ်နှစ်တာပင် ရှိခဲ့ပြီဖြစ်သည်။ ယခုအခါ ဂီတရေစီးကြောင်းအတွင်း တစ်ဖန်ပြန်လည် ဝင်ရောက်လာခဲ့ပြီး တစ်ကျော့ပြန် ဝင်ရောက်လာချိန်တွင် ပထမဆုံးခြေလှမ်းအဖြစ် ကချင်ဘာသာဖြင့် တေးစီးရီး MAKA ကို ဖေဖော်ဝါရီလ တတိယပတ်တွင် ပရိသတ်လက်ဝယ်သို့ ထည့်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

"ကျွန်မရဲ့ အဖေက မြန်မာလူမျိုးပါ၊ ကျွန်မရဲ့အမေက ကချင်အမျိုးသမီးပါ၊ ကချင်ဘာသာ စကားကို ငယ်ငယ်လေးကတည်းက ပြောဆိုခဲ့တာပါ၊ ကိုယ်တိုင်လည်း ကချင်ရိုးရာ သီချင်းတွေရော၊ ကချင်ဘာသာနဲ့ ရေးစပ်ထားတဲ့ သီချင်းတွေကိုရော ကြိုက်နှစ်သက်ပါတယ်၊ ချစ်တဲ့ ပရိသတ်တွေအတွက် မြန်မာသီချင်း မဟုတ်တဲ့ ကျွန်မတို့လူမျိုး ကချင်သီချင်းလေးတွေကို ထူးထူးခြားခြား နားဆင်ကြည့်စေချင်တယ်၊ အားလုံးနားလည်သွားအောင်လို့ MTV မှာ မြန်မာဘာသာပြန် စာတန်းလေးတွေလည်း ထိုးပေးမှာပါ" ဟု ရေဗက္ကာဝင်းက ပြောကြားသည်။

 

ကချင်ဘာသာ စကားဖြင့် သီချင်းလေးများ သီဆိုရခြင်းမှာ မူလကတည်းက စိတ်ကူးရှိခဲ့ပြီး သူ့အိပ်မက်တစ်ခုပင် ဖြစ်ကြောင်း သိရသည်။

 

"ကချင်ဘာသာ စကားဆိုပေမယ့် ဂီတအမျိုးအစား စုံလင်အောင် ထည့်ပေးထားပါတယ်၊ ကချင်လူမျိုးတွေ အတွက်ချည်း မဟုတ်ပါဘူး၊ မြန်မာလူမျိုးတွေရော၊ အားလုံးရော နားဆင်လို့ရမှာပါ၊ အဓိကကတော့ ဂီတဟာ အားလုံးနဲ့ သက်ဆိုင်ပါတယ်၊ ဘာသာစကားတစ်ခုကို နားလည်ခြင်း၊ နားမလည်ခြင်းဆိုတာ ရှိပေမယ့် ဂီတမှာတော့ အားလုံးနားလည်နိုင်ပါတယ်၊ တေးသွားတွေဟာ အနုပညာဖြစ်တာကြောင့် အနုပညာကို အားလုံးခံစား နိုင်မယ်လို့လည်း ယုံကြည်ပါတယ်၊ ဂီတသံစဉ်လေးတွေ၊ သီဆိုမှုတွေက ပရိသတ်နဲ့ ထပ်တူကျမယ်ဆိုရင် ဘယ်ဘာသာစကားမဆို၊ ဘယ်နိုင်ငံကမဆို အားလုံးက ကြိုက်ကြမယ်လို့လည်းထင်ပါတယ်၊ နောက်တစ်ခုက ကချင်သံစဉ်လေးတွေ၊ ရိုးရာ အငွေ့အသက်လေးတွေကိုလည်း ခံစားနိုင်ကြရမယ့် အခွေလေးဖြစ်ပါတယ်" ဟု ရေဗက္ကာဝင်းက ပြောပြသည်။

 

အဆိုပါ တေးစီးရီးတွင် တေးသီချင်း ၁၁ ပုဒ်ပါဝင်ပြီး တေးသီချင်းများကို ကချင်တိုင်းရင်းသား တေးရေးဆရာများနှင့် ဖန်တီးရေးသားထားပြီး တေးသီချင်းသစ်များ အနေဖြင့် ကိုယ်ပိုင်သံစဉ်များဖြစ်ပြီး အချစ်သီချင်းများ ပါဝင်ကြောင်း သိရသည်။ သူအနေနှင့် ဂီတလောကတွင်သာမက သရုပ်ဆောင်ဘက်တွင်ပါ ထူးချွန်သူတစ်ဦးဖြစ်ခဲ့ပြီး အနုပညာလောကတွင် အောင်မြင်သူ တစ်ဦးအဖြစ် ရပ်တည်လာခဲ့ရာမှာ အိမ်ထောင်ပြုပြီး ဂီတနှင့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့သည့်အပေါ် ခံစားရသည် ခံစားချက်များကိုလည်း ပြောပြသည်။

 

"ဂီတအလုပ်တွေနဲ့ ဝေးကွာပေမယ့် ပရိသတ်က ချစ်ခင်မှုကြောင့် ကိုယ့်အတွက် နေရာလေးက ကျန်နေခဲ့တာပါ၊ ဂီတအလုပ်ကို လုပ်တဲ့အခါမှာလည်း အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာထက် ပရိသတ်အားပေးမှုနဲ့ ကျေနပ်ပါတယ်၊ နောက်တစ်ခုကတော့ ကိုယ့်အသွေးအသားထဲက ဝါသနာပါတဲ့ အလုပ်ကို ကြိုးစားပြီး အကောင်အထည်ဖော်ခွင့်ရလို့ ကျေနပ်မိပါတယ်" ဟု ရေဗက္ကာဝင်းက ပြောပြသည်။

 

ကိုလင်း