ရေဆင်းဆိပ်ခံ သံကူကွန်ကရစ် တံတားနှင့် ကျေးရွာအဝင် ကျောက်တန်းစီ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

မြိတ် ၂၃  ဇွန်  

 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု အုတ်ဖိုမော်ကျေးရွာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ဖြည့်စွက်)ရန်ပုံငွေဖြင့် ကျေးရွာပြည်သူများအတွက် တည်ဆောက်ပြီးစီးခဲ့သော ရေဆင်းဆိပ်ခံ သံကူကွန်ကရစ်တံတားနှင့် ကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဇွန် ၂၂ ရက် နံနက် ၉ နာရီက အဆိုပါဆိပ်ခံတားတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အုတ်ဖိုမော်ကျေးရွာ ရေဆင်းဆိပ်ခံသံကူကွန်ကရစ်တံတားနှင့် ကျေးရွာအဝင် ကွန်ဂရစ်လမ်းသစ်ကို တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ဖြည့်စွက်)ရန်ပုံငွေ ကျပ်(၁၈၈၅)သိန်းဖြင့် ရိုးမာန်အား ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးခဲ့ပြီး တံတားအရှည်မှာ(၁၃၅)ပေ၊ အကျယ်(၈)ပေရှိ၍ ကျောက်တန်းစီကွန်ဂရစ်လမ်းသစ်မှာ အရှည် (၆၁၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ရှိကာ ရေတိုက်စားခြင်းမရှိအောင် လမ်းတစ်ဖက်ကမ်းပါးယံအား ကျောက်တန်းစီနံရံ တည်ဆောက်ခဲ့ကြောင်း မြိတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

 

ရေဆင်းဆိပ်ခံ သံကူကွန်ကရစ်တံတားနှင့် ကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီး ကြပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က တံတားနှင့်ကွန်ကရစ်လမ်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက မဲတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထံ တံတားဆိုင်ရာ အချက်အလက်များကို လွဲပြောင်းပေးအပ်သည်။ ထိုနောက် အုတ်ဖိုမော်ကျေးရွာ ရပ်မိရပ်ဖ ဦးအောင်မြင့်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ဆက်လက်၍ ရေဆင်းတံတားနှင့် ကွန်ကရစ်လမ်းသစ်အား တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုး၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရေဆင်းတံတားနှင့် ကွန်ဂရစ်လမ်းသစ်မုဒ်ဦးအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထိုနောက် တက်ရောက်လာကြ သူများက ရေဆင်းတံတားနှင့် ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ကျွန်းစုမြို့နယ်သည် ရေလမ်းခရီးကို အဓိကအားထားရသည့်အတွက် တံတားလိုအပ်သည့် ကျေးရွာတွေအများကြီးရှိကြောင်း၊ တံတားလိုအပ်သည့် ကျေးရွာများရှိသော ဒေသဖြစ်သည့်အတွက် နိုင်ငံတော် အစီအစဉ်ဖြင့်သော်လည်းကောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်ဖြင့်သော်လည်းကောင်း ထပ်မံပြီး ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုတည်ဆောက်ပေးနိုင်ပါက ဒေသပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ကျွန်းစု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးက ပြောသည်။ ကျေးရွာပြည်သူများအတွက် တည်ဆောက်ပြီးစီးခဲ့သော ရေဆင်းဆိပ်ခံတံတားကို အုတ်ဖိုမော်ကျေးရွာအပါအဝင် ကျေးရွာ(၁၀)ရွာမှ ပြည်သူများမှ တံတားကို နေ့စဉ် အသုံးပြုပြီး အမြန်ရေယာဉ်စီနင်းရအဆင်ပြေပြီဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )