ရေစကြိုမြို့နယ်၌ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်တံတား တည်ဆောက်

ပခုက္ကူ  ၅  ဇူလိုင်

 

 ရေစကြိုမြို့နယ် နှောင်းဘကျေးရွာနှင့် ငါးမြာလေး ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါ်တွင် ပေ ၁၃၀ အရှည် ကွန်ကရစ်တံတားကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်လျှက်ရှိသည်။

 

ချည်းကပ်လမ်း အပါအဝင် အရှည် ပေ ၁၃၀ ၊ အကျယ် ၁၈ ပေရှိ ကွန်ကရစ်တံတားကို မတည်ငွေ ကျပ် ၇ သိန်းဖြင့် စတင်ဆောက်လုပ်ခဲ့ပြီး ယခုအခါ ငွေကျပ်သိန်း ၁၃၀ နှင့် ဒေသခံပြည်သူ လုပ်အားဒါနဖြင့် စုပေါင်းဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်း ၅၀ ခန့် ပြီးစီးနေပြီဖြစ်သည်။

 

အဆိုပါ ဒေသသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ အနီးတွင် တည်ရှိပြီး မြစ်ရေတက်ချိန်တွင် လျှိုမြောင်အတွင်း ရေဝင်ရောက်လာပါက ကုန်းလမ်း၊ ရေလမ်းအဆင့်ဆင့် သွားလာရသည်။ တံတား တည်ဆောက်ပြီးစီးပါက နှောင်းဘကျေးရွာအပြင် အနီးတဝိုက် ကျေးရွာများမှ ဒေသခံပြည်သူများ အနေဖြင့် သွားလာရေးလွယ်ကူ ချောမွေ့လာမည်ဖြစ်ပြီး လယ်ယာထွက်ကုန် ပစ္စည်းများ ပခုက္ကူမြို့သို့ အချိန်မရွေး သွားရောက်ရောင်း‌ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

  

လာမည့် ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက မြေနီလမ်းခင်းရန် လျာထားကြောင်း၊ တံတားမပါနိုင်တဲ့အတွက် မတည်ငွေကျပ် ၇ သိန်းဖြင့် စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ပံ့ပိုးပေးမည့်ဌာန၊ အဖွဲ့အစည်းရှိပါက အမြန်ပြီးစီးမည်ဖြစ်ပြီး ဒေသခံပြည်သူများကလည်း ကျေးဇူးလည်းတင် ဝမ်းလည်းသာကြမည် ဖြစ်ကြောင်း ကိုယ့်အားကိုယ်ကိုး တံတားတည်ဆောက်ရေး အဖွဲ့ဝင် နှောင်းဘကျေးရွာမှ ဦးကျော်ကျော်ခိုင်က ပြောသည်။

 

ကိုဇော်(ဓာတု)