ရေစကြိုမြို့နယ်တွင် လှေအလှပြိုင်ပွဲ ယဉ်ကျေးမှု ပြန်လည်ဖော်ထုတ်ရန် လှေအလှပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်း

ရေစကြို  ၁၅  ဇူလိုင် 

 

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် လှေအလှပြိုင်ပွဲ ရိုးရာဓလေ့ ယဉ်ကျေးမှု တိမ်ကောမှေးမှိန်နေသည်မှာ နှစ်ပေါင်း ၅၆နှစ် ခန့်ရှိပြီဖြစ်သဖြင့်  ရေစကြိုမြို့နယ်၏ လှေအလှပြိုင်ပွဲယဉ်ကျေးမှု့ ပြန်လည်ဖော်ထုတ်ရန် လှေအလှပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ ဖွဲ့စည်းခြင်းကို ဇူလိုင် ၁၄ ရက်က အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

 

ရေစကြိုမြို့နယ်သည် ကျေးရွာအုပ်စုပေါင်း ၈၁ အုပ်စုရှိရာတွင် နှစ်စဉ် ချင်းတွင်းမြစ်ရေ ဝင်ရောက်သည့် ကျေးရွာအုပ်စုပေါင်း အုပ်စု ၂၀ ကျော်ခန့်ရှိပြီး မြစ်ရေဝင်ရောက်ရာ ကျေးရွာများတွင် ရှေးယခင်ကတည်းက မြန်မာ့ရိုးရာ လှေအလှပြိုင်ပွဲများကို နှစ်စဉ်ကျင်းပခဲ့ကြလေ့ရှိသည်ဟု သိရသည်။ ထို့ကြောင့် လှပခန့်ညားစွာ ထွင်းထုထားသော ရှေးဟောင်းလှေကြီးများကို ကျေးရွာဘုန်းတော်ကြီးကျောင်းများတွင် ထိန်းသိမ်းထားကြလေ့ရှိသည်ဟု သိရပြီးရေစကြိုမြို့နယ်အတွင်းတွင်  အလှပြိုင်ပွဲဝင်နိုင်သည့် ရှေးဟောင်းလှေပေါင်း  အစင်း ၃၀ ခန့် ရှိသည်ဟု သိရသည်။

 

ရေစကြိုမြို့နယ်တွင် လှေအလှပြိုင်ပွဲများ ကျင်းပခြင်းမရှိတော့သည်မှာ နှစ်ပေါင်း ၆၀ နီးပါးခန့် ကြာမြင့်လာပြီဖြစ်သောကြောင့်  ယခုကဲ့သို့ မြန်မာ့ရိုးရာ ရှေးလှေအလှပြိုင်ပွဲကျင်းပရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း လှေအလှပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဟန်ထံမှ သိရသည်။

 

အိမွန်ဆွေ(ရေစကြို)