ရေစကြိုမြို့တွင် စာပေပွဲတော် ကျင်းပလျက်ရှိ

ရေစကြို ၅ ဧပြီ

 

နံ့သာမြေမှ ကြယ်တစ်ပွင့် (သို့မဟုတ်) အရိုင်းစပယ် နှစ်ကိုးဆယ်ပြည့် အထိမ်းအမှတ် ကလေးစာပေပြပွဲ စာအုပ် အရောင်းပွဲတော်ကို ရေစကြိုမြို့ မဟာဓမ္မကလျာဏီ သာသနာ့ဗိမာန်တော်ကြီးအတွင်းတွင် ဧပြီ ၄ ရက်မှ ၆ ရက်အထိ နံနက် ၇ နာရီမှ ည ၁၀ နာရီအထိ ကျင်းပလျက်ရှိသည်။

 

အဆိုပါ စာပေပွဲတော်ကို မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့မှ စာအုပ်တိုက် ၁၅ တိုက်ခန့်မှ ကလေးစာပေများ၊ အခြားစာအုပ် စာပေများကို လာရောက်ပြသ ရောင်းချကြလျက်ရှိပြီး ဆရာကြီးဦးအောင်လင်း ရေးသားသည့် ၁၉၆၀ ပြည့်နှစ် စာပေဗိမာန်ဆုရ အရိုင်းစပယ် စာအုပ်အပါအဝင် အခြားစာအုပ်စာပေများကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

 

“နေစေးစာအုပ်တိုက်ပါ ရန်ကုန်က လာဖွင့်ဖြစ်တာပါ။ ဆရာဦးအောင်လင်းရဲ့ အနှစ် ၉၀ ပြည့် အမှတ်တရနေ့ဖြစ်တာမို့ လာပြီးတော့ စာအုပ်ရောင်းချဖြစ်တာပါ။ ကလေးစာပေရော တွဲထားတာဆိုတော့ ကလေးတွေကို စာဖတ်စေချင်လို့ လာဖွင့်ဖြစ်တာပါ။ လူကြီးစာဖတ်ပရိသတ်တွေကိုရော လွယ်လွယ်ကူကူ စာဖတ်နိုင်စေချင်လို့ လာရောက်ရောင်းချတာပေါ့။ စာအုပ်ကတော့အစုံပါပဲ။ အကျိုးအမြတ်ကိုတွက်ပြီး လာရောင်းတာမဟုတ်ပါဘူး။ စာဖတ်ပရိသတ်နဲ့ ကလေးတွေကို စာဖတ်စေချင်လို့ လာရောင်းတာပါ”ဟု နေစေးစာအုပ်တိုက်ပိုင်ရှင် ဦးနေစေးက ပြောသည်။

 

“ဆရာဦးအောင်လင်းက ရေစကြိုသားပါ၊ ၁၉၂၈ မှာမွေးတယ်။ ၁၉၈၄ ဆုံးသွားတယ်ပေါ့။ သူက ဂန္တဝင်စာရေးဆရာကြီးလည်း ဖြစ်တယ်။ စာပေဂီတ ရုပ်ရှင် ဘက်စုံက ထူးချွန်တဲ့ ပညာရှင်ဆရာကြီးဟာ ရေစကြိုသား ဖြစ်တယ်ဆိုတာကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ် ၉၀ ပြည့် အမှတ်တရပွဲလုပ်တာပါ”ဟု ပွဲဖြစ်မြောက်ရေးကော်မတီ နာယက ဦးလှရွှေက ပြောသည်။

 

အဆိုပါပွဲတော်တွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ မြန်မာသံတေးသီချင်း ဆိုပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလျက်ရှိပြီး ပွဲဖြစ်မြောက်ရေးအတွက် ရေစကြိုမြို့နယ်မှ စာရေးဆရာများ၊ စာပေမြတ်နိုးသူများ၊ ကဗျာဆရာများမှ စုပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

 

အိမွန်ဆွေ(ရေစကြို)