ရေဒီယိုခေတ်ရွှေဖြစ်ခဲ့သော သီချင်းများဂီတပွဲတော် အကြိုခံစားမှု

ဒေါက်တာနီလာသိန်း (လင်းရောင်သစ်)

ဒီပွဲကို ရေးနံချောင်းမြို့နယ်အသင်း (ရန်ကုန်)က ဦးစီးစီစဉ်တာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဆရာမဒေါ် မြင့်မြင့်ခင်၊ ဒေါ်ညိုညိုထွန်း၊ အတွင်းရေးမှူးဦးစန်းလွင်တို့နဲ့ နာယကကြီးတွေက ကျွန်မနဲ့မမဂျူးကို အကူအညီတောင်းပါတယ်။ ကျွန်မတို့ကလည်း မြန်မာနိုင်ငံစာရေးဆရာ ဆရာဝန်အသင်းရန်ပုံငွေပွဲနဲ့ အစ်မကြီး အေဝမ်းတင်တင်လှရဲ့ရွှေရတုအလွန် ဂီတသံစဉ်ညပွဲနှစ်ခုကို စီစဉ်ခဲ့ဖူးလေတော့ လက်မှတ်သာမရောင်းခိုင်းပါနဲ့ ဆရာမတို့ရယ်၊ လိုအပ်တဲ့နေရာလေးတွေမှာ ကူညီပေးပါ့မယ်လို့ ကတိပေးမိတယ်။


တကယ်တော့ ကျွန်မကလည်း ဆေးရုံဆေးခန်းလူနာတွေ အလုပ်တွေများတယ်။ ဒီရက်မှာမှ မြောက်ဦးဆရာတော်ကြီးရဲ့ ဇာတိမြေ မအီမြို့ကို မျက်စိအခမဲ့ခရီးစဉ် စီစဉ်နေရတယ်။ မမဂျူးကလည်း စာပေဟောပြောပွဲတွေက ဆက်တိုက်ဆိုတော့ ရသမျှအချိန်ကိုလုပြီး စီစဉ်ပေးကြရတယ်။ဦးစန်းလွင်ကတော့ အဓိကပင်ပန်းသူ ဖြစ်တယ်။


တာဝန်ခွဲယူအားထုတ်ခဲ့ကြ


ဦးဌေးဝင်း (ငွေစံပယ်လှိုင်) ကလည်း တာဝန်တွေ ခွဲယူ၊ ဆရာမတို့နဲ့ ကိုမောင်မောင်မြတ်ရယ်၊ အလုပ်အမှုဆောင်တွေရယ် အားလုံးက လက်မှတ်တွေ ရောင်းကြရတယ်။ နာယကကြီးဦးကောင်းလည်း အေးအေးဆေးဆေးမနေရ၊ ဝင်ပါရတယ်။သူရဦးဖုန်းစိန်ကလည်း အမျိုးသားဇာတ်ရုံကြီးမှာ ကျင်းပနိုင်ဖို့ စီစဉ်ပေးတယ်၊ ပွဲစမယ်ဆိုတော့ဦးစိုးသန်းထွန်း-ဒေါ်ခင်မေသန်း(ပွင့်သစ်စမ်း)မိသားစုက ငွေကျပ် ၁၀ သိန်း မတည်ပေးတယ်၊ကြိုတင်အစည်းအဝေးတွေလုပ်ကြတယ်၊ ရေနံချောင်းအသင်း(ရန်ကုန်)ဟာ ဒီပွဲအတွက် အတော်လေးအားထုတ်ခဲ့ကြပါတယ်။


ပွဲတစ်ခုစီစဉ်တဲ့အခါ အခက်အခဲတွေ လိုအပ်ချက်တွေ ရှိစမြဲပါ။ ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ် အစစ်မဟုတ်လေတော့ လမ်းကြောင်းတွေက သိပ်မမှန်ဘူးလေ။ ပြီးကာမှ ဪ….. ဒါလေးကဖြင့် ဘယ်သူ့ကိုအပ်လိုက်ရမှာပါလား၊ တော်ပါပြီ၊ နောက်ဆိုကိုယ်နဲ့မဆိုင်တာတွေ မလုပ်တော့ဘူးဆိုပြီးကတိတွေ ခဏခဏ ပေးခဲ့ပေါင်းများပြီ ။ ဒါပေမယ့် အမူးပြေတော့ ထန်းပင်မော့ကြည့်တဲ့ ဥပမာလိုပါပဲ၊ကြာတော့လည်း ပြောခဲ့တာတွေမေ့သွားပြီးလုပ်မိပြန်တယ်။ လက်မှတ်တော့ မရောင်းပါရစေနဲ့ ပြောထားခဲ့ပေမယ့် ပွဲနီးလာတော့မှ လက်မှတ်တွေကုန်ဖို့လိုလာတော့ ကိုယ်တိုင်ရောင်းပေးဖို့ဖန်လာပြန်ရော။ ဒီတော့လည်း ကိုယ်နဲ့ရင်းနှီးတဲ့ သူတွေဆီပြေးရပြီပေါ့။


လက်မှတ်တွေကို အမြဲအပြုံးနဲ့ ဆီးကြိုအားပေးခဲ့တဲ့ ကလေးဆေးရုံက ဒေါက်တာ အောင်ထွန်းဦး(ဒုဆေးရုံအုပ်)ကိုတော့ အဓိကအားထားတယ်။ ပြီးမှ ဒပ်ဖရင်ဆေးရုံအုပ်ကြီး မမဒေါက်တာခင်ပြုံးကြည်၊ ပြီးရင် အနောက်ပိုင်းဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကလည်း ပင်တိုင်အားပေးသူဆိုတော့ ပြောစရာမရှိ။ ဒီထဲကမှ အရိုးဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဆွေဆီ ဖုန်းဆက်ပေးတော့ လက်မှတ်တွေ အတော်ရောင်းလိုက်ရတယ်။ ဝယ်ယူအားပေးကြသူအားလုံးကို အထူးကျေးဇူးတင်မိပါတယ်။ အခုလိုအားပေးသူတွေဖြစ်လို့သာ အားမနာတမ်း ရောင်းရဲတာပါ။ လက်မှတ်ရောင်းတယ်၊ အလှူခံတယ်ဆိုတာလွယ်တဲ့အလုပ်မှမဟုတ်ဘဲ၊ နောက်ဆုံးတောသိမ်ဖြူ ၁၀၁ လမ်းမှာရှိတဲ့ ဘိုဘို အင်တာတိန်းမင့်ကလက်မှတ်ရောင်းပေးမယ်ဆိုတော့မှ ကျွန်မနဲ့မမဂျူးတို့ အသက်ရှူချောင်သွားတော့တယ်။


အနုပညာသစ်ပင်ကြီး ရှင်သန်နိုင်ရေး


အနုပညာဆိုတဲ့ပိုးကလည်း အသက်အရွယ်အလုပ်အကိုင်တွေနဲ့မဆိုင်၊ ဝါသနာက အရင်းခံတယ်။ အနုပညာမျိုးစေ့ပိုင်ရှင်တွေဆိုတာ မိမိစိုက်ပျိုးထားတဲ့ အနုပညာသစ်ပင်လေး ရှင်သန် ကြီးထွားခက်လက်ဝေဖြာစေဖို့ တာဝန်ရှိတယ်။သစ်တစ်ပင်စိုက်ပျိုးပြီးရင် ရေလောင်းပေါင်းသင် မြေတောင်မြှောက်၊ ဩဇာမြေဆွေးကျွေးပေးနေရသလို အနုပညာသစ်ပင်အတွက်လည်း“ဆိုကရေးတီး” ဆိုတဲ့ အနုပညာအတတ်တွေကိုဆက်လက်ဖြည့်ဆည်းပေးနေမှသာ အရိပ်အာဝါသကောင်းတဲ့ အနုပညာသစ်ပင်ကြီးအဖြစ်ဆက်လက်ရှင်သန်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။


အခုလည်း ဒီပွဲလေးကို စီစဉ်မယ်ဆိုတော့ ရေနံသာဝင်းမောင်က ရေဒီယိုခေတ် ရွှေဖြစ်ခဲ့သော သီချင်းများ ဖျော်ဖြေပွဲလို့ ခေါင်းစဉ်ပေးခဲ့ပါတယ်။ ရေနံချောင်းမြို့နယ် အသင်းအနေနဲ့လည်း ရေနံချောင်းသား တေးရေးတေးဆို ဂန္ထဝင် အဆိုတော်၊ ဂီတပညာရှင်ကြီးသုံးဦး ကျန်းမာနေစဉ်မှာ ဂုဏ်ပြုချင်တယ်။ တကယ်လည်းရေနံချောင်းမြို့ဂုဏ်ကိုဆောင်ရုံတင် မကဘူး၊အနုပညာလောကကြီးရဲ့ ကြယ်ပွင့်အကြီးကြီး တွေလည်း ဖြစ်ခဲ့တယ်၊ လူတစ်ယောက်မရှိတော့မှလွမ်းပြတမ်းတ၊ ဂုဏ်ပြုကြရတာထက် သက်ရှိထင်ရှား ကျန်းမာနေချိန်မှာ ဂုဏ်ပြုရတာက ပိုပြီးအနှစ်သာရရှိတယ်။


အခုဆို ဆရာ ရေနံသာစိုးလှိုင်က ၈၄ နှစ်ရှိခဲ့ပြီ။ ဦးတင်လှိုင်က ၈၁ နှစ်၊ ရေနံသာဝင်းမောင်က ၇၅ နှစ်။ ဒါပေမယ့် အနုပညာစိတ်တွေနဲ့ နေထိုင်နေကြသူတွေဆိုတော့ လူငယ်တွေနဲ့အပြိုင် ဆိုနိုင်နေသေးတယ်။ အသံတွေက နုပျိုနေကြသေးတယ်။ သီချင်းသံလေးတွေနဲ့ တက်ကြွနေကြသေးတယ်။ တကယ့်ကို လုပ်ပေးသင့်တဲ့ပွဲပါ။ 


မြန်မာ့အသံမှာ ဓာတ်ပြားရ


ဂီတကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ရေနံသာစိုးလှိုင်ဟာ ရှေးဟောင်းသံချိုသီချင်းများ ခေတ်ပေါ်သီချင်းများကို ဂီတနက်သန် ကိုစောငြိမ်း၊ ဂီတနက်သန် ဦးအုန်းလွင်တို့ထံမှာ သင်ယူခဲ့တယ်။၁၉၅၃ ခုနှစ်မှာ ပြေးနေတဲ့အချစ်သီချင်းကိုကိုယ်တိုင်ရေးသားသီဆိုခဲ့တယ်။ အသက်၂၀ အရွယ်မှာ ဂီတနက်သန် ကိုစောငြိမ်းရဲ့ ဝိဇယသီချင်းနဲ့ မြန်မာ့အသံမှာ ရေဒီယိုဓာတ်ပြားရခဲ့တယ်။


စခန်းအောင်မြေ၊ ညွှန်းပါရစေ၊ ချစ်ရိပ်သွယ်၊ညောင်ပင်သာရွာ၊ ပန်းလက်ဆောင်၊ သီချင်းတွေနဲ့လည်း ရေဒီယိုဓာတ်ပြားရခဲ့တယ်။ တောင်တန်းပြာနဲ့ကျောပိုးအိတ်၊ ချစ်ပြုံးနှင်းဆီ၊ ပွင့်ဦး၊ သစ္စာ၊ထားသခင်၊ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင်၊သီချင်းတွေကဖြင့် ယနေ့ထက်တိုင်ကျော်ကြားနေဆဲဖြစ်တယ်။ သင်္ကြန်သီချင်းတွေဖြစ်တဲ့ဟောတော့၊ ချမ်းပါတယ်၊ မြန်မာတွေချစ်တဲ့သင်္ကြန်သီချင်းတွေက ယနေ့ခေတ် အဆိုတော်များစွာ လက်ဆင့်ကမ်းသီဆိုလို့မရိုးနိုင်ခဲ့ဘဲနှစ်စဉ်သင်္ကြန်ကျတိုင်း မြူးမြူးကြွကြွကြားနေရမြဲဖြစ်ပါတယ်။


နွေနှောင်းရက်ကျန်၊ ငွေဝန်းသော်တာ၊ မြနဒီ၊ကိုယ်အလှဘဝငွေလမင်း၊ လမင်း ငိုအောင်လှတဲ့သူ၊ဆောင်းညဉ့်၊ လွမ်းတေးမဆုံးစေနှင့် စောသခင်၊မေတ္တာဝင်္ကပါခရီးလမ်း စတဲ့တေးသီချင်းပေါင်း၂၀ဝ ကျော် ရေးသားသီဆိုခဲ့သူဖြစ်ပါတယ်။


အဆိုတော်ကြီး ကိုတင်လှိုင်ဆိုရင် တစ်ခေတ်တစ်ခါက အလွမ်းသီချင်းတွေ ၊ အလွမ်းတေးစီးရီး တွေနဲ့နာမည်ကျော်ကြားခဲ့တယ်။ ဘကြီးအောင်ညာတယ်၊ ယောကျာ်းမှာလည်း အသည်းနဲ့ပါ၊ အမုန်းခွန်အားပေးသနားပါ၊ ရွာရန်ရာနှုန်း ၈၀၊စိန်ပန်းပြာနဲ့ဝေးသူရေ၊ ပန်းနဲ့ပေါက်တာလည်းနာချင်တယ်၊ သံသရာဆုတောင်း၊ ချစ်သူတိုင်းလည်းညားကြပါစေ၊ ချစ်သူကိုယ့်ထံမရောက်လာပါလား၊ အချစ်ဦးသို့ ရွှေနားတော်သွင်းဧချင်း၊ မပြောတော့ဘူး စတဲ့တေးသီချင်းများနဲ့ မောင်မုန်းရက်ရင် မုန်းလိုက်ပါကိုတော့ ကိုယ်တိုင် ရေးသားသီဆိုခဲ့ပါတယ်။ မြောက်မြားလှစွာသော အလွမ်းသီချင်းပေါင်း ၂၀ဝ ကျော်က သောတရှင်တွေရဲ့အသည်းစွဲဖြစ်ခဲ့ပါတယ်။ ခေတ်စကားနဲ့ပြောရရင်ဆိုတဲ့သီချင်းတိုင်းပေါက်ခဲ့တယ်။ နားဆင်မိသူတိုင်းလွမ်းရိပ်တွေဆင်၊ လွမ်းမိုးတွေရွာ၊ အလွမ်းကမ္ဘာတောမှာ၊ လွမ်းမောလှိုက်ဖြာစေခဲ့သူ၊ တေးပလ္လင်မှအဆွေးဘုရင်ဘွဲ့ကို ရရှိခဲ့သူ ဖြစ်ပါတယ်။


ဆရာရေနံသာဝင်းမောင်ကတော့ သီချင်းလည်းဆို၊ သီချင်းလည်းရေးသလို စာလည်းရေးသား တဲ့သူဖြစ်ပါတယ်။ မကြာခင်မှာ လုံးချင်းစာအုပ်ဖြစ်တဲ့ ပုဂံချစ်သူ စာအုပ်ထွက်ရှိတော့မှာဖြစ်ပါတယ်။


သီချင်းများကိုယ်တိုင်ရေးစပ်


ပထမဦးစွာ သူပို့သသော မေတ္တာကြောင့်နဲ့ဝိုင်းဝိုင်းလည် အငြိမ့်သီချင်းများ စတင်ရေးသားခဲ့ရာ မြန်မာ့အသံမှာ ဓာတ်ပြားရရှိခဲ့ပါတယ်။ထင်ရှားကျော်ကြားတဲ့ သီချင်းပေါင်းများစွာရှိတဲ့ အနက်က ရွှေတိဂုံကိုမြင်လျှင်၊ မြန်မာပြည်သား၊နေမဝင်အချစ်၊ မိဂဒါဝုန်၊ မချစ်စု၊ မလိခချစ်သူ စကား၊ သီချင်းတွေနဲ့ ဓာတ်ပြားရရှိခဲ့ပြီး သောတရှင်အကြိုက် တေးသီချင်းများဖြစ်ခဲ့ပါတယ်။ စာမလာသတင်းမကြား၊ မျက်စိလည်သွားပြီ၊ မောင့်တိုင်းပြည်သီချင်းတွေကိုတော့ ကိုယ်တိုင်ရေးစပ်သီဆိုခဲ့ပါတယ်။


ဒီဂီတပွဲတော်ကြီးမှာတော့ ရေနံသာကြယ်ပွင့်သုံးဦးနဲ့အတူ ယနေ့နိုင်ငံကျော် အဆိုတော်တွေကသီဆိုကြမယ်၊ သင်္ကြန်အကအလှတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေကြမယ်။


ကျွန်မကဖြင့် အနုပညာရှင်အားလုံးကိုလေးစားတယ်၊ တန်ဖိုးထားတယ်၊ အားကျတယ်။ပါရမီရှိမှ အဆိုတော်ကောင်းဖြစ်တာလို့ ခံယူတယ်။ လူတိုင်းသီချင်းဆိုလို့ရတယ်၊ ဆိုခွင့်ရှိတယ်၊ဒါပေမယ့် ပါရမီရှိသူမှသာ ပိုမိုအောင်မြင်၊ ရေရှည်တည်တံ့နိုင်တယ်၊ ကိုယ့်ရဲ့အသံကြောင့် နားဆင်သူတွေကို ပျော်ရွှင်မှုရသကို ပေးစွမ်းနိုင်တဲ့ သမ္မာအာဇီဝအလုပ်ကိုလည်း ပိုင်ဆိုင်ထားသူတွေမို့ကုသိုလ်ထူးတယ်လို့မြင်တယ်။


ဒီလိုပွဲတွေပေါ်လာတာ ကျေနပ်မိတယ်။တကယ်တော့ အင်မတန်ကိုတန်ဖိုးရှိတဲ့ အနုပညာရှင်ကြီးတွေ၊ သက်ရှိထင်ရှားရှိသူတွေ အများကြီးရှိနေပါသေးတယ်။ သူတို့အတွက် ဒီလိုပွဲတွေ စီစဉ်ပေးစေချင်မိပါတယ်။ ဒါဟာမျိုးဆက်သစ်လူငယ်အနုပညာရှင်တွေဆီ လက်ဆင့်ကမ်းပေးတဲ့ပွဲဆိုလည်း မမှားပါဘူး။ တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့တဲ့ ရေဒီယိုသီချင်းတွေရဲ့ ကောင်းခြင်းတွေကို ယနေ့လူငယ်တွေ ခံစားနားဆင်စေချင်တယ်။ မြန်မာ့ဂီတကို ချစ်တတ်စေချင်တယ်။ ဒီလိုရေဒီယိုခေတ်က သီချင်းတွေကို သူတို့လေးတွေနှစ်သက်တဲ့၊ လက်ခံတဲ့အဆိုတော်တွေနဲ့ ဆိုပြလိုက်တဲ့အခါ သူတို့ရင်ထဲလွယ်လွယ်ရောက်သွား နိုင်မယ်။


အနုပညာက စိတ်ကိုငြိမ်းအေးစေ


အနုပညာဆိုတာ လူတွေရဲ့နှလုံးသားကိုနူးညံ့ပျော့ပျောင်းစေတယ်။ ကရုဏာစိတ်၊ မေတ္တာစိတ်ကိုပွားစေတယ်။ ပူလောင်နေတဲ့စိတ်ကိုတဒင်္ဂငြိမ်းအေးစေတယ်။


ကျွန်မ ယုံကြည်မိတယ်၊ အနုပညာရှင်ဆိုတာခန္ဓာနဲ့ အသက်တည်မြဲနေသရွေ့ ဘယ်တော့မှရပ်တန့်နေမှာ မဟုတ်ဘူးဆိုတာကိုပါ။ ဒီတော့လည်း တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့တဲ့ရေနံချောင်းမြို့ရဲ့ ဂန္ထဝင်အနုပညာရှင်ကြယ်ပွင့်သုံးဦးကို ဂုဏ်ပြုတင်ဆက်မယ့် ရေဒီယိုခေတ်ရွှေဖြစ်ခဲ့သောသီချင်းများ ဖျော်ဖြေပွဲ ဂီတညလေးကို ကြိုတင်ခံစားမိရင်း စည်ကားသိုက်မြိုက်ခမ်းနားအောင်မြင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတော့တယ်။   ။


မြန်မာ့အလင်း