ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ဗုဒ္ဓဝင်ပြခန်း ရုပ်ကြွများပါ ၁၀ ချပ်နှင့် ဗုဒ္ဓရုပ်ပွားတော် ရုပ်ကြွများပါ ၂၆ ချပ် မြဝတီမြို့နယ်၌ သိမ်းဆည်းရမိ

မြဝတီ ၈  ဇွန် 
    

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ၊ ကော့ကရိတ် - မြဝတီကားလမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌  ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်နေစဉ် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ မျိုးနွယ်(၅၃)နှစ် မောင်းနှင်လာသော ယာဉ်အား ရပ်တန့်စစ်ဆေးရာ ပီနံအိတ်ဖြင့် ထုပ်ထားသည့် ရှေးဟောင်းပစ္စည်းဟု ယူဆရသော  ကျွန်း၊ ပျဉ်းမ၊ ပိန္နဲသားများဖြင့် ပြုလုပ်ထားသော ဗုဒ္ဓဝင်ပြခန်း ရုပ်ကြွများပါ ၁၀ ချပ်နှင့် ဗုဒ္ဓရုပ်ပွားတော် ရုပ်ကြွများပါ ၂၆ ချပ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍  မျိုးနွယ်အား စစ်မေးရာ အဆိုပါပစ္စည်းများမှာ မြဝတီမြို့တွင် ကြိုတင်ရောက်ရှိနေသည့် ရမ်းဗြဲမြို့နယ်၊ လက်ပံကျေးရွာနေ တင်အောင် ၏ပစ္စည်းများ ဖြစ်ကြောင်း၊ ရန်ကုန်မှ မြဝတီသို့ ငွေ ၈၀,ဝ၀ဝ ကျပ်ဖြင့် ပို့ဆောင်ခိုင်း၍ သယ်ဆောင်လာခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် မျိုးနွယ်နှင့် တင်အောင်တို့ (၂)ဦးအား သင်္ဃန်း ညီနောင် နယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။


MDN