ရှေးဟောင်းသမိုင်းဝင် ကန်တော်မင်္ဂလာ

၂၀ ဇူလိုင်

 

အမရပူရမြို့ကို တည်ထောင်ခဲ့သော ဘိုးတော်ဘုရားခေါ်ဗဒုံမင်းသည် ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ စန္ဒမုနိဘုရားဝင်းအတွင်း ကန်တော်မင်္ဂလာကို တူးဖော်ကုသိုလ်ပြုခဲ့သည်။ ကန်တော်မင်္ဂလာအား အုတ်ချပ်ပေါင်း ဆယ်ကုဋေကိုးသန်းရှစ်သိန်းခုနစ်သောင်းငါးဆယ့်ငါး ကုန်ကျခံတည်ဆောက်ခဲ့ကြောင်း သိရသည်။

 

ကန်တော်သည် အပြင်တံတိုင်း၊ အတွင်းတံတိုင်း နှစ်ထပ်ကာရံထားပြီး အပြင်တံတိုင်း အလျား ၁၂၄ ပေ ပတ်လည်အတွင်းတံတိုင်း အလျား ၇၇ ပေ ပတ်လည်ရှိသည်။ အတွင်းတံတိုင်း ထောင့်လေးထောင့်တွင် စေတီတစ်ဆူစီ တည်ထားကိုးကွယ်ထားသည်။ အပြင်တံတိုင်းမှ အတွင်းတံတိုင်းထိလှေကားထစ်ပေါင်း ၁၉ ထစ် ရှိသည်။

 

အပေါ်လှေကား အောက်ဆုံးထစ်နှင့် အတွင်းတံတိုင်းအကြားတွင် ငါးပေခန့်ကျယ်သော စင်္ကြံပတ်လမ်း ရှိသည်။ စင်္ကြံပတ်လမ်းမှ အောက်ရေပြင်အထိ ၃၅ ပေ နက်ပြီး အထက်တံတိုင်းမြေပြင်မှ အောက်ရေပြင်အထိ ၅၅ ပေ နက်သည်။ ကန်တော်မင်္ဂလာ၏ ထူးခြားချက်မှာ တစ်နှစ်ပတ်လုံး ရေများမပြတ်ထွက်နေခြင်းပင် ဖြစ်သည်။

 

ကန်တော်မင်္ဂလာသည် နှစ်ပေါင်း ၂၂၀ ခန့်ကြာမြင့်လာသည်နှင့်အမျှ သဘာဝဘေး၊ ရာသီဥတုဘေးဒဏ်ကြောင့် ပျက်စီးစပြုလာသည်။ ထို့ကြောင့် စန္ဒမုနိကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တန္ဒိယ (မြို့နယ်သံဃနာယက)နှင့် သာသနာပြု အကျိုးတော်ဆောင် ဦးလှမောင်သိန်း (ဥဿာပေါင်းသကြားစက်)၊ ဒေါ်ခင်စန်းရီ(ရွှေစွန်ညို)၊ ဂေါပကအဖွဲ့များမှပြုပြင်ရန် တိုင်ပင်၍ ၂၀ဝ၇ ခုနှစ် ဇွန်လတွင် အလှူရှင်များနှင့်ခုနစ်ရက်သား သမီးများ၊ ရပ်နီးရပ်ဝေးအလှူရှင်များ၊ လုပ်အားဒါနပြုသူများနှင့် ငါးလကျော်ကြာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။ စုစုပေါင်း ကုန်ကျငွေ ၁၃၅ သိန်းကျော်ဖြစ်ပြီး ၂၀ဝ၇ ခုနှစ်ဒီဇင်ဘာလ ၆ ရက်တွင် ပြီးစီးအောင်မြင်ခဲ့သည်။ ယခင်က လူသိနည်းသော်လည်း ထာဝရမန္တလေးဇာတ်ကား ဇာတ်ဝင်ခန်းတွင်ပါဝင်သည့် ကန်တော်မင်္ဂလာနှင့် ထနောင်းပင်များကြောင့် လူသိများခဲ့ပြီး ယခုအခါ အနယ်နယ်အရပ်ရပ် လာရောက်လည်ပတ်သူများနှင့် အထူးပင် စည်ကားလျက်ရှိလေသည်။

ဧရာဝတီသား