ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲစာရွက်စာတမ်းများ

မောင်စာဂ

 

နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ဆောင်ရွက်သည်ဟုဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

(စာတည်းအဖွဲ့)

 

ရွေးကောက်ပွဲတစ်ခုကျင်းပပြီးနောက် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော စာရွက်စာတမ်း မှတ်တမ်းများကို မည်သို့ ထိန်းသိမ်းရပါသနည်း။ မည်သည့်အချိန်ကာလအထိ ထိန်းသိမ်းထားရှိရပါသနည်း။ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေများနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်း ချက်များကို ကိုးကား၍ အနှစ်ချုပ်မျှဝေပါရစေ။

 

ရွေးကောက်ပွဲစာရွက်စာတမ်းမှတ်တမ်းများ

ရွေးကောက်ပွဲစာရွက်စာတမ်း မှတ်တမ်းများဆိုသည်မှာ ရွေးကောက်ပွဲတစ်ခုတွင် အသုံးပြုရသည့် စာရွက်စာတမ်း၊ ပုံစံများကိုဆိုသည်။ ပုံစံများဆိုသည်မှာ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ၌ ပုံစံ(၁) မှ ပုံစံ ( ၂၀)အထိ ဖော်ပြထားသည်။ ယင်းပုံစံများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံမှူးများ၊ မဲဆန္ဒရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများက အသုံးပြုကြရသည်။

 

ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲက အသုံးပြုရန်ပုံစံများ

ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက အသုံးပြုရသည့်ပုံစံများမှာ ပုံစံ (၁) မဲဆန္ဒရှင်စာရင်း၊ ပုံစံ (၁-က) တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်စာရင်း၊ ပုံစံ (၂) မဲ စာရင်းနှင့် စပ်လျဉ်းသောကြော်ငြာစာ၊ ပုံစံ (၂-က) တိုင်း ရင်းသားလူမျိုးမဲစာရင်းနှင့်စပ်လျဉ်းသော ကြော်ငြာစာ၊ ပုံစံ (၁-၁) မဲဆန္ဒနယ်ပြင်ပ (ပြည်တွင်း) ကြိုတင်မဲပေးသူ များစာရင်း၊ ပုံစံ (၁-၂) မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော် သားများနှင့် အတူနေမိသားစုများစာရင်း၊ ပုံစံ (၁-၃) မဲဆန္ဒနယ် ပြင်ပ (ပြည်ပ) ကြိုတင်ဆန္ဒမဲပေးမည့်သူများစာရင်း၊ ပုံစံ (၃-ခ) မဲစာရင်းမှ ပယ်ဖျက်ပေးရန် တောင်း ဆိုလွှာ၊ ပုံစံ (၄-ခ) မဲစာရင်း၌ ပယ်ဖျက်ပြီးကြောင်း ထောက်ခံစာ ၊ ပုံစံ (၁၁-ခ) ရပ်/ကျေးက မဲရုံမှူးသို့ ဆန္ဒမဲ လက်မှတ်ထုတ်ပေးသည့်စာရင်းနှင့် ပုံစံ (၁၃) မဲဆန္ဒနယ် အတွင်း ကြိုတင်ဆန္ဒမဲပေးသူများစာရင်းတို့ဖြစ်သည်။

 

မဲဆန္ဒရှင်တစ်ဦးအသုံးပြုရန်ပုံစံများ

မဲဆန္ဒရှင်တစ်ဦးအသုံးပြုရန် ပုံစံများမှာ ပုံစံ (၃) မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာ၊ ပုံစံ (၃-က) ရက်ပေါင်း ၉၀ ထက်မနည်းဘဲ မဲဆန္ဒနယ်ပြင်ပ ရောက် မဲဆန္ဒရှင်များ မဲစာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုလွှာ၊ ပုံစံ (၄) မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ၊ ပုံစံ (၄-ဂ) မဲစာရင်းပါအချက်များ ပြင်ဆင် လွှာ၊ ပုံစံ (၄-က) ပြောင်းရွှေ့မည်ဖြစ်၍ မဲစာရင်းမှ ပယ်ဖျက် ပေးရန်တောင်းဆိုလွှာနှင့် ပုံစံ (၁၅) မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်မဲပေးရန် ဖြည့်သွင်းလွှာများ ဖြစ်သည်။

 

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအသုံးပြုရန်ပုံစံများ

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက အသုံးပြု ရန် ပုံစံများမှာ ပုံစံ (၆) အမည်စာရင်း တင်သွင်းလွှာ၊ ပုံစံ (၇) မိမိကိုယ်ကို ရွေးကောက်ပွဲကိုယ်စားလှယ်ခန့်စာ၊ ပုံစံ (၇-က) အခြားသူ တစ်ဦးအား ရွေးကောက်ပွဲကိုယ်စားလှယ် ခန့်စာ၊ ပုံစံ (၇-ခ) ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းလွှာ၊ ပုံစံ (၈) မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စား လှယ်ခန့်စာ၊ ပုံစံ (၈-က) မဲရုံ ကိုယ်စားလှယ်၊ အကူ ကိုယ်စားလှယ်ရုပ်သိမ်းလွှာ၊ ပုံစံ (၉) ကိုယ်စားလှယ်လောင်း အမည် ရုပ်သိမ်းလွှာနှင့် ပုံစံ (၂၀) ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတို့ဖြစ်သည်။

 

မဲရုံမှူးက အသုံးပြုရန်ရှိသည့်ပုံစံများ

မဲရုံမှူးက အသုံးပြုရန်ရှိသည့်ပုံစံများမှာ ပုံစံ (၁၁) ဆန္ဒမဲ ပေးခြင်းမပြုမီ ဆန္ဒမဲလက်မှတ်များ ရေတွက်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ပုံစံ (၁၂) မဲစာရင်းပြင်ဆင်ခြင်း ဆောင် ရွက်ချက် မှတ်တမ်းအကျဉ်း၊ ပုံစံ (၁၄) ကန့်ကွက်မဲစာရင်း၊ ပုံစံ (၁၆)၊ (၁၆-က) ကိုယ်စားလှယ်လောင်းများရရှိသည့် မဲစာရင်း၊ ပုံစံ (၁၆-၁) အသုံးမပြုဘဲ ကျန်ရှိနေသည့် မဲလက်မှတ်စာရင်းနှင့် ပုံစံ (၁၇) ၊ (၁၇-က) ပယ်မဲစာရင်း များဖြစ်သည်။

 

မြို့နယ်ကော်မရှင်အဖွဲ့ခွဲက အသုံးပြုရန်ပုံစံများ

မြို့နယ်ကော်မရှင်အဖွဲ့ခွဲက အသုံးပြုရန်ပုံစံများမှာ ပုံစံ (၁၁-က) မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ဆန္ဒမဲလက်မှတ်နှင့် စာအိတ် ထုတ်ပေးသည့် စာရင်း၊ ပုံစံ (၁၇-က) ကြိုတင်ဆန္ဒမဲ လက်မှတ် ပယ်မဲစာရင်း (ပြည်သူ/အမျိုးသား)၊ ပုံစံ (၁၇-ခ) ကြိုတင်ဆန္ဒမဲလက်မှတ် ပယ်မဲစာရင်း (တိုင်းဒေသကြီး/ ပြည်နယ်)၊ ပုံစံ (၁၇-ဂ) ကြိုတင်ဆန္ဒမဲလက်မှတ် ပယ်မဲ စာရင်း (အမျိုးသား)၊ ပုံစံ (၁၈) လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် ကြိုတင်မဲစာရင်း၊ ပုံစံ (၁၈-က) တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ရရှိသောဆန္ဒမဲစာရင်း၊ ပုံစံ (၁၈-၁) မဲဆန္ဒနယ် ပြင်ပ ရောက် (ပြည်တွင်း+ပြည်ပ) မဲဆန္ဒရှင်များထံမှရရှိသော ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်စာရင်း၊ ပုံစံ (၁၉) လွှတ်တော်ကိုယ်စားလှယ်လောင်းရရှိသည့် ဆန္ဒမဲစာရင်း နှင့် ပုံစံ (၁၉-က) တိုင်းရင်းသားကိုယ်စားလှယ် ဆန္ဒမဲ စာရင်းများ ဖြစ်သည်။

 

ခရိုင်ကော်မရှင်အဖွဲ့ခွဲက အသုံးပြုရန်ပုံစံများ

ခရိုင်ကော်မရှင်အဖွဲ့ခွဲက အသုံးပြုရန်ပုံစံများမှာ

ပုံစံ (၅) ကိုယ်စားလှယ်လောင်းအမည် တင်သွင်းရန် အကြောင်းကြားစာ၊ ပုံစံ (၆-က) ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းကြောင်း ကြေညာချက်၊ ပုံစံ (၆-ခ)၊ (၆-ဂ)၊ (၆-ဃ) ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေ ပြန်လည် ထုတ်ပေးခြင်းပုံစံ၊ ပုံစံ (၁၀) ကိုယ်စားလှယ်လောင်းအမည် ကြေညာချက်နှင့် ပုံစံ (၁၉-က) တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းရရှိသည့် ဆန္ဒမဲစာရင်း နှင့် (၁၉-ခ) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း များရရှိသည့် ဆန္ဒမဲစာရင်းများ ဖြစ်သည်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ကော်မရှင်အဖွဲ့ခွဲကသုံးစွဲရန်ပုံစံများ

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ကော်မရှင် အဖွဲ့ခွဲကသုံးစွဲရန်ပုံစံများမှာ ပုံစံ (၅-က) တိုင်းရင်းသား လူမျိုးကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် ကြေညာချက်၊ ပုံစံ (၆-က) ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းကြောင်း ကြေညာချက်၊ ပုံစံ (၆-ခ)၊ (၆-ဂ)၊ (၆-ဃ) ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေ ပြန်လည်ထုတ်ပေးခြင်း၊ ပုံစံ (၁၀-က) တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာချက်နှင့် ပုံစံ (၁၉-ခ) တိုင်းရင်းသား လူမျိုးကိုယ်စားလှယ်ရရှိသော မဲစာရင်းတို့ဖြစ်သည်။

 

ထိန်းသိမ်းထားရှိခြင်း

မဲရုံမှူးသည် ရွေးကောက်ပွဲပြီးစီး၍ ဆန္ဒမဲလက်မှတ်များ ကို ရေတွက်ခြင်း၊ မဲရလဒ်များကို သက်ဆိုင်ရာပုံစံများတွင် ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အခါ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီရရှိသည့် ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ၊ မသုံးဘဲ ကျန်နေသော ဆန္ဒမဲလက်မှတ်များ၊ လက်ခံဖြတ် ပိုင်းများနှင့် ပုံစံ (၁၆-၁) အသုံးမပြုဘဲကျန်ရှိနေသောဆန္ဒမဲ လက်မှတ်စာရင်း၊ မဲရုံတွင် အသုံးပြုသော မဲစာရင်း၊ ကြိုတင်ဆန္ဒမဲ လက်မှတ်လက်ခံဖြတ်ပိုင်းများ၊ ပယ်မဲ ပုံစံ (၁၇) နှင့် ပုံစံ (၁၇-က) များကို နည်းဥပဒေတွင် သတ်မှတ် ထားသည့်အတိုင်း အထုပ်သေးကလေးများပြုလုပ်၍ အထုပ်ကြီးထဲတွင် လုံခြုံစွာထည့်သွင်းသည်။ သတ်မှတ် ထားသည့်အတိုင်း ချိပ်တံဆိပ်များ ရိုက်နှိပ်ရသည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များအားလည်း ချိပ်တံဆိပ် ရိုက်နှိပ် လိုကရိုက်နှိပ်သည်။ ပြီးလျှင် ယင်းအထုပ်များကို ပုံစံ (၁၆) နှင့်အတူ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့သည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ချိပ်တံဆိပ်များ ရိုက်နှိပ်၍ လုံခြုံစွာထုပ်ပိုးထားသော အဆိုပါအထုပ်များကို လျှို့ဝှက် လုံခြုံစွာ ထိန်းသိမ်းထားရသည်။

 

မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကလည်း မဲစာရင်းများ အပါအဝင် မြို့နယ်ရွေးကောက်ပွဲ မှတ်တမ်းများကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင် ကော်မရှင်အဖွဲ့ခွဲများသို့ ပေးပို့ရသည်။ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲများသည် မိမိတို့လက်ခံ ရရှိသော မဲစာရင်းများအပါအဝင် ရွေးကောက်ပွဲမှတ်တမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကုန်ကျစရိတ်များ၊ အခြားစာရွက်စာတမ်းများကို ရွေးကောက်ပွဲပြီးသည့်နေ့မှ စ၍ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲကျင်းပ ပြီးစီးသည့်အချိန်အထိ မပျောက်မပျက်စေရန် ကောင်းမွန် စွာ ထိန်းသိမ်းစောင့်ရှောက်ထားရသည်။ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ပြီးစီးသည့်အခါ ယင်း တို့ကို သတ်မှတ်သည့်အတိုင်း ဖျက်ဆီးကြရသည်။

 

ပေါက်ကြားခြင်းမရှိစေရပါ

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အပါအဝင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် တာဝန်ဝတ္တရားများကိုထမ်းဆောင်သောပုဂ္ဂိုလ်သည် ရွေးကောက်ပွဲနှင့်သက်ဆိုင် သော စာရင်းဇယားများနှင့်မှတ်တမ်းများကို တိကျစွာ ပြုစုထိန်းသိမ်းကြရပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခွင့်ပြုသော စာရင်းအချက်အလက် များမှတစ်ပါး အခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေါက် ကြားခြင်းမရှိစေရန် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာစောင့် ထိန်းကြရသည်။

 

အရေးကြီးသောစာရွက်စာတမ်းများ

ရွေးကောက်ပွဲနှင့်သက်ဆိုင်သော ပုံစံစာရွက်စာတမ်း များသည် များပြားပါသည်။ အရေးကြီးသော စာရွက် စာတမ်းများလည်း ဖြစ်ပါသည်။ ပုံစံများအားလုံးတွင် အသုံးပြုသူများ၏ လက်ရေး၊ လက်မှတ်၊ အမည်၊ နေရပ် လိပ်စာများ ပါရှိသည်။ ပုံစံ (၁)၊ ပုံစံ (၁ - က )၊ ပုံစံ (၁-၁)၊ ပုံစံ (၁-၂)၊ ပုံစံ (၁-၃)၊ ပုံစံ (၃)၊ ပုံစံ (၃-က) ၊ ပုံစံ (၃-ခ)၊ ပုံစံ (၄-က)၊ ပုံစံ (၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ (၁၃)၊ ပုံစံ(၁၄)၊ ပုံစံ(၁၅)တို့သည် မဲဆန္ဒရှင်များနှင့် သက်ဆိုင်သည်။ ၎င်တို့၏အမည်၊ အဘအမည်၊ အမိအမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ အမြဲတမ်းနေရပ် လိပ်စာ စသည်ဖြင့် ၎င်းတို့၏ကိုယ်ရေးအချက်အလက်များပါရှိ သည်။ ပုံစံ (၁) နှင့် (၁-၂) တို့တွင် တပ်မတော်သားများနှင့် အတူနေမိသားစုများပါရှိသည်။ ပုံစံ (၆)၊ ပုံစံ (၆-က)၊ ပုံစံ (၇-က)၊ (၇-ခ)၊ ပုံစံ (၈)၊ ပုံစံ (၈-က)၊ ပုံစံ (၁၀)၊ ပုံစံ (၁၀-က) တို့သည် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ရွေးကောက်ပွဲကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ် များနှင့်သက်ဆိုင်သည်။ ယင်းပုံစံများတွင် ၎င်းတို့၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာများပါရှိသည်။

 

ရွေးကောက်ပွဲတွင်အသုံးပြုသော ပုံစံစာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ မဲစာရင်းနှင့် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းနှစ်မျိုးကိုသာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မိတ္တူကူးယူခွင့်ပြုထားသည်။ ကျန်ပုံစံ စာရွက်စာတမ်း များကို မိတ္တူကူးယူခွင့်ပြုမထားပါ။ မဲစာရင်းကို မိတ္တူ ကူးယူခွင့်ပြုထားသော်လည်း ရွေးကောက်ပွဲကျင်းပခြင်း မပြုမီ မဲဆန္ဒရှင်များမကျန်ရှိစေရေးအတွက် စစ်ဆေးမှု ပြုလုပ်နိုင်ရန် ကူးယူခွင့်ပြုထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပပြီးနောက် နောက်ဆုံး မဲဆန္ဒရှင်များလက်မှတ်ထိုး၍ ဆန္ဒမဲပေးခဲ့သော မဲစာရင်းသည် မဲရုံမှူးက ချိပ်ပိတ်ထား သော အထုပ်ထဲတွင်ရှိနေ၍ လျှို့ဝှက်လုံခြုံစွာ ထိန်းသိမ်း ထားရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

 

ရွေးကောက်ပွဲပြီးစီးသည့်အခါတွင် ယင်းရွေးကောက် ပွဲ စာရွက်စာတမ်းများ၊ ပုံစံမှတ်တမ်းများသည် အရေးကြီး သောစာရွက်စာတမ်းများဖြစ်ခြင်း၊ သက်ဆိုင်ရာပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်များ ပါရှိနေခြင်းတို့ကြောင့် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်သည့် အနေဖြင့် လျှို့ဝှက်အဆင့်သတ်မှတ်ကာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပေါက်ကြားမှုမရှိစေရေး စနစ် တကျလုံခြုံစွာ ထိန်းသိမ်းထားရှိရသည်။

 

ကြည့်ရှုစစ်ဆေးခွင့်

ရွေးကောက်ပွဲကျင်းပပြီးနောက် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများအပေါ် ရွေးကောက်ပွဲ ကန့်ကွက်လွှာများ တင်သွင်းလျှောက်ထားလာတတ်ကြပါသည်။ ထိုသို့ တင်သွင်းလျှောက်ထားလာကြသည့် ကန့်ကွက်လွှာအမှုများကို စစ်ဆေးကြားနာရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ခုံအဖွဲ့များဖွဲ့စည်းပေးသည်။ ထိုခုံအဖွဲ့များက ရွေးကောက် ပွဲ ကန့်ကွက်လွှာအမှုများကို စစ်ဆေးကြားနာသည့်အခါ အမှုတွင် ပေါ်ပေါက်ချက်အရ အမှန်တကယ်ကြည့်ရှု စစ်ဆေးရန်လိုအပ်သည့် အဆိုပါထိန်းသိမ်းထားသော ရွေးကောက်ပွဲစာရွက်စာတမ်းများကို တောင်းယူကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ရသည်။

 

ဥပဒေနှင့်အညီဆောင်ရွက်ရခြင်း

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးများကို သုံးကြိမ် တိုင်တိုင် ကျင်းပခဲ့ပြီးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးအား ကိုဗစ်-၁၉ ကာလအခက်အခဲ၊ အကျပ်အတည်းများကြားမှ ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ မဲဆန္ဒရှင်ပြည်သူများအပါအဝင် သက်ဆိုင်သူများ အားလုံး အတူတကွပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ယခင် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများနည်းတူ ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ရွေးကောက် ပွဲ လုပ်ငန်းစဉ်အရ ရွေးကောက်ပွဲ စာရွက်စာတမ်းမှတ်တမ်း များကို လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ စနစ်တကျ အသုံးပြု၊ ထိန်းသိမ်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်းပါဗျာ။

 

ရွေးကောက်ပွဲစာရွက်စာတမ်းမှတ်တမ်းများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းနိုင်ကြပါစေ၊

 

တာဝန်ရှိသူများက ဥပဒေနှင့်အညီ တာဝန်သိသိ၊ သစ္စာရှိရှိ လိုက်နာစောင့်ထိန်းနိုင်ကြပါစေ၊

 

ရွေးကောက်ပွဲနောက်ဆက်တွဲ လုပ်ငန်းများ အားလုံး ဥပဒေနှင့်အညီ ချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေ။