ရေကောင်းရေသန့်၊ လေကောင်းလေသန့်နှင့် လူထုကျန်းမာရေး

mdn

နေပြည်တော် ၁ မတ်

 

ယနေ့ ကမ္ဘာတစ်ခွင်သည် မြေထု၊ လေထု၊ ရေထု အစရှိသော ကမ္ဘာမြေနှင့် ဆက်စပ်တည်ရှိရာ ပတ်ဝန်းကျင်သည် ညစ်ညမ်းလာနေပြီဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို လူသားတို့ ဝိုင်းဝန်း ထိန်းသိမ်းကြဖို့ လိုပြီဖြစ်ကြောင်း စသည်ဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ကြေညာပြောဆိုနေ၏။

 

သူတို့က မြေထု၊ ရေထု၊ ညစ်ညမ်းနေမှုများမှာ အလွန်ပင် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကောင်းနေပြီဟု ဆိုကြ၏။ မဝေးလှတော့သော အနာဂတ် ကမ္ဘာအတွက် စိတ်ပူပင်စိုးရိမ်စရာ ကောင်းလောက်အောင် ဖြစ်လာနေသည်ဟုလည်း သတိပေးနေ၏။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာနေသူများ၊ သုတေသန ပြုနေသူများ၏ တွေ့ရှိဖော်ပြနေမှု အမျိုးမျိုးကလည်း ယနေ့ကမ္ဘာ၏ အနေအထားမှန်ကို ကွက်ကွက်ကွင်းကွင်း မြင်နေရလေသည်။ ဘယ်ဆီပို့ကာ လွှင့်ပစ်ရမည်ကို မသိနိုင်အောင် ဖြစ်နေသည့် အမှိုက်ပုံကြီးများက ကမ္ဘာ့မြေပြင် နေရာအများအပြားတွင် တွေ့နေရသည်။ နည်းပညာ အကူအညီဖြင့် အမှိုက်မှတစ်ဆင့် လောင်စာနှင့် စွမ်းအင်အဖြစ် ပြောင်းလဲပစ်ရန် ကြိုးစားနေသည့်ကြားမှ ထိန်းမနိုင် သိမ်းမရ ဖြစ်လာနေသော အမှိုက်များ၊ ပွယောင်းနေသည့် အမှိုက်ထုကြီးကို ဖိကာ၊ သိပ်ကာ ချဲ့ကာဖြင့် ကျစ်လျစ်၊ ကျုံ့ဝင်၊ သိပ်သည်းသွားအောင် ပြုလုပ်နေသည့်ကြားက တောင်ပုံ ရာပုံများပြားလာနေခြင်း ဖြစ်၏။ ပင်လယ်ထဲ၊ သမုဒ္ဒရာထဲရှိ ရေပြင်ပေါ်ရော ရေနက်ကြမ်းပြင်ထဲမှာပါ တပြန့်တပြောရှိနေသည့် အမှိုက်မျိုးစုံနှင့် စွန့်ပစ်ပလတ်စတစ်များ စေးကပ်ညစ်ထေး နေသော ဆီနှင့် အညစ်အကြေးများကလည်း ရေပြင်ကို တစ်စတစ်စ လွှမ်းမိုးလာနေသည်။ စက်ရုံများဆီက တလူလူ လွှင့်ထုတ်နေသည့် မီးခိုးငွေ့များ၊ လမ်းပေါ်ရှိ ယာဉ်အမျိုးမျိုးက စွန့်ထုတ်နေသည့် ကာဗွန်အခိုးများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၏ ဝန်းကျင်တစ်ခိုရှိ ဖုန်များ၊ သဲများ၊ ကျောက်မှုန့်၊ ဘိလပ်မြေမှုန့်များကလည်း လူတစ်ဦးနှင့် တစ်ဦးပင် ကွဲကွဲပြားပြား မမြင်ရလောက်သည်ထိ မှုန်နေသည်မှာ မြို့ကြီးများတွင် တွေ့မြင်နေကျ မြင်ကွင်းဖြစ်နေပြီး၊ လေထုညစ်ညမ်းမှုကို ခံစားနေရသည့်အတွက် လူတို့မှာ အသက်ပင် ရဲရဲမရှူဝံ့ဖြစ်နေရသည်။ ကမ္ဘာ့မြို့ကြီးများ၏ လေထုသန့်စင်မှုအဆင့်က လျော့နည်းကျဆင်းနေပြီဟု ကြေညာနေ၏။ အထူးသဖြင့် မြို့တော်ကြီးများ၊ မြို့ကြီးများတွင်ဖြစ်၏။

 

ကမ္ဘာမြေပေါ်တွင် တည်ရှိနေရသည့် မြန်မာနိုင်ငံသည်လည်း သီးခြား ထီးထီးကြီး လွတ်ကင်းကာ ကျန်နေခဲ့စရာ မရှိသည့်အတွက် အထက်ဖော်ပြပါ ညစ်ညမ်းမှုအစုစုကို ကမ္ဘာနှင့်အတူ ယှဉ်ကာတွဲကာ ခံနေရမည်သာ။ ရန်ကုန်၊ မန္တလေး၊ ပုဂံက၊ အင်းလေးက၊ ပုသိမ်က၊ တောင်ကြီးကဟူ၍ ခွဲခြားပြောဆိုဖို့ ခက်ခဲနေချေပြီး အမှိုက်တို့က နေရာတကာတွင် ဖြစ်နေ၏။ ရှိရှိသမျှသော မြို့များသာမက ကျေးလက် ဒေသများထိ မြန်မာနိုင်ငံတစ်ဝန်း က အမှိုက်ထု၊ ပလတ်စတစ်ထုက တောင်ပုံရာပုံ ဖြစ်လာနေပြီ။ မြေပြင်တစ်ခို မက မြစ်ထဲ၊ ချောင်းထဲ၊ ကန်ထဲမှာပါ ရေနုတ်မြောင်းထဲ ရှင်းသူကရှင်း၊ ပစ်သူ ကပစ်ဖြင့် အမှိုက်များက ထိန်းမနိုင် သိမ်းမရပင် ဖြစ်လာနေပြီ။ မြေပြင် ရေပြင်၊ လေပြင်တို့၏ ညစ်ညမ်းမှုက ကမ္ဘာနှင့်အမီ လိုက်နေပြီဟု ထင်၏။

 

မြန်မာနိုင်ငံရှိ မြို့များ၏ လေထုညစ်ညမ်းမှုသည်လည်း သတိပြုစောင့်ကြည့်ကြဖို့ လိုနေပြီဟု မြင်ပါသည်။ အချို့သောအချိန်များတွင် ရန်ကုန်မြို့ကို ခပ်လှမ်းလှမ်းမှ မြင်လိုက်ရသည့်အခါများတွင် မြူခိုးလိုလို၊ ဖုန်လိုလို ဝေဝါးမှုန်မှိုင်းနေသည့် ကန့်လန့်ကာတစ်ခုက ကာဆီးထားလေ့ရှိ၏။ မကြာ မတင်က တိုင်းတာထားချက်များအရ အန္တရာယ်ဖြစ်လောက်သည့် လေထုညစ်ညမ်းမှု မဖြစ်သေးဟု သတင်းများတွင် တွေ့လိုက်ရပါသည်။ ကိန်းဂဏန်းများအရ ကျန်းမာရေးကို ထိခိုက်လောက်သည်ထိ မဖြစ်သေးဟုဆိုသော်လည်း အမြင်အရမူ စိတ်ပူဖွယ်ရာဖြစ်နေပြီ။

 

ထို့ပြင် အခြားသော လူမှုအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်း တို့ကလည်း တိုင်းတာစစ်ဆေး တွေ့ရှိချက်များ ထုတ်ပြန်နေသည်ကို တွေ့ရ၏။ အပေါ်ယံအမြင်အရ လူတို့ သွားလာရင်း ဖုန်ရှောင်၊ သဲရှောင်ကာ အသက်ရှူနေရသည့် ပကတိအခြေအနေအရဆိုလျှင်မူ လေထုပြဿနာက ရှိနေပြီ။ စနစ်တကျတိုင်းတာမှုများအရ အန္တရာယ်မရှိသေးဟုဆိုလျှင်ပင် အချိန်မရွေး အန္တရာယ်ရှိလာနိုင်နေပြီဟု ယူဆရပါသည်။ မည်မျှလောက် အန္တရာယ်ရှိသလဲ၊ မည်မျှလောက် လေထုညစ်ညမ်းမှု ရှိနေပြီလဲဆိုသည်ကို နေရာအနှံ့ အခြေအနေမျိုးစုံ အချိန်ကာလမျိုးစုံကို တိုင်းတာ ကာ အဖြေရှာရမည်ဟု မြင်ပါသည်။ အနိမ့်ဆုံးအားဖြင့် ကျန်ခဲ့သည့် ဆယ်စုနှစ်ကာလများအတွင်း တစ်နှစ်ထက်တစ်နှစ် လေထုအရည်အသွေး လျော့ကျလာနေသည်ကတော့ သိသာနေပြီဟု ယူဆ ပါသည်။

 

မည်သို့ပင်ဖြစ်စေ လူအများတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးကို သတိပြုကာကွယ်ပေးရမည့် တာဝန်ရှိသူများအဖို့ အလေးအနက်ထား စီမံရမည့် အခြေအနေကိုတော့ ရောက်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ရေကောင်းရေသန့် သောက်နိုင်ရေး၊ လေကောင်းလေသန့် ရှူနိုင်ရေးက နိုင်ငံသားတို့ အတွက် အရေးကြီးသည်ပင် မဟုတ်ပါလား။ ရေကောင်းရေသန့် အရေးကြီးမှု၊ လေကောင်းလေသန့် အရေးကြီးမှုတို့ကိုလည်း လူထုက အလေးအနက်ထား ဂရုပြုကြရန် လိုပါလိမ့်မည်။

 

ယနေ့အခြေအနေအရ မြို့ကြီးများ၏ လေထုသန့်စင်မှု အနေအထားက ကျန်းမာရေးကို ထိခိုက် လောက်သည်အထိ မဖြစ်သေးဟုဆိုလျှင်ပင် ကျန်းမာရေးကို ထိခိုက်လောက်အောင် ဖြစ်စရာ အကြောင်းမရှိဟု ဆိုခြင်းမဟုတ်။ ရသည့်အချိန်တွင် ရောက်နေသည့်နေရာမှစကာ လေထုညစ်ညမ်းမှုကို မည်သို့ ကာကွယ်တားဆီးကြမည်၊ လေထုအရည်အသွေး ကောင်းမွန်မြင့်မားလာအောင် မည်သို့ပြုပြင် ထိန်းသိမ်းရမည်တို့ကို တွက်ဆစီမံကြရန် လိုအပ်နေမည်ဟု တင်ပြလိုက်ရပါသည်။ 

 

မြန်မာ့အလင်း