ရေခဲဖုံးတောင်များနှင့် မေခ မလိခ မြစ်နှစ်သွယ် ပေါင်းဆုံသည့် မနောမြေ

ဇွန် ၁၆

 

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ်တွင် သစ်တောထိန်းသိမ်းရေး နယ်မြေအဖြစ် ပထမဆုံးတည်ထောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် ကြေညာခဲ့သည်။ ယခုအခါ အာဆီယံ အမွေအနှစ်ဆိုင်ရာ ဥယျာဉ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လျက် ရှိသည်။

 

ယင်းဥယျာဉ်သည် မြန်မာနိုင်ငံ မြောက်ဘက်စွန်းရှိ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာ ၁၄၇၂ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြန်မာနိုင်ငံ၌ အကြီးဆုံး သဘာဝဥယျာဉ်ဖြစ်ပြီး တောင်တန်းများ၊ ရေတံခွန်များ၊ ရေစီးသန်သော စမ်းချောင်း များနှင့် ချောင်းများဖြင့် ဖွဲ့စည်းတည်ရှိသည်။

 

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် ရှားပါးတိရစ္ဆာန်များဖြစ်သည့် သားမင်း၊ ပန်ဒါနီ၊ တောင်ဆိတ်နီ၊ သမင်၊ ဒရယ်၊ ချေ၊ ဆတ်တို့နှင့် သားရဲတိရစ္ဆာန်မျိုးစိတ် အမြောက်အမြားတို့အပြင် ရှားပါးငှက်များ၊ ရှားပါးအနက်ရောင် သစ်ခွများ၊ ရှီးပဒီးနှင့် ဆေးဖက်ဝင်သစ်မြစ်၊ သစ်ဥများကို ထိန်းသိမ်းကာကွယ်ထားပြီး အမြဲစိမ်းတော၊ ရွက်ပြတ်ရောနှောတော၊ တောင်ပေါ်ထင်းရှူးတော ဂေဟစနစ်များကိုလည်း ထိန်းသိမ်းထားသည်။

 

အဆိုပါ ဥယျာဉ်သည် ရုက္ခဗေဒ၊ ဘူမိ ဗေဒ၊ သတ္တဗေဒနှင့် ပထဝီဝင်ကျောင်းသား များအတွက် ကွင်းဆင်းလေ့လာရန် အကောင်းဆုံးပြတိုက်တစ်ခုဖြစ်သည်။ ရေခဲဖုံး တောင်ပေါ်များသို့ တက်ရောက်နိုင်ခြင်း၊ ဧရာဝတီမြစ်ဖျားခံရာ ဒေသပတ်ဝန်းကျင် အခြေအနေများလေ့လာနိုင်ခြင်း၊ သာယာ လှပသော သဘာဝရေမြေတောတောင် ရှုခင်းများ ခံစားကြည့်ရှုနိုင်ခြင်း၊ အပင်နှင့် တိရစ္ဆာန် မျိုးစိတ်သစ်များ လေ့လာရှာဖွေဖော်ထုတ်နိုင် ခြင်း၊ ဒေသခံ ရဝမ်၊ လီဆူး၊ မြန်မာ-တိဘက် လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် လူနေမှုစနစ်များကို လေ့လာနိုင်ခြင်း စသော အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။

 

ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောသည် ပူတာအို၊ မချမ်းဘောနှင့် နောင်မွန်းမြို့နယ်တို့တွင်တည်ရှိပြီး ဧရိယာ ၁၀၄၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ ယင်း ဘေးမဲ့တောတွင် မှတ်တမ်းတင်ထားပြီးသော ငှက်မျိုးစိတ် ၃၇၀၊ လိပ်ပြာမျိုးစိတ် ၃၆၀၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၈၂ မျိုး တို့အား လေ့လာနိုင်ခြင်း၊ ဆောင်းကာလတွင် ဆီးနှင်းဖုံးတောင်ပေါ် သဘာဝရှုခင်း၊ သဘာဝ တောင်ပေါ် ထင်းရှူးတော၊ တောင်ဇလပ်တောများကို လေ့လာခံစားနိုင်ခြင်း၊ ဆီးနှင်းဖုံး တောင်ထိပ်သို့ ခြေကျင်တောင်တက်ခရီးရှည် သွားလာခံစားနိုင်ခြင်း၊ တောတွင်း ဖောင်စီး ခရီးကြမ်း သွားလာခံစားနိုင်ခြင်း၊ ဖုန်ကန်ရာဇီ ဒေသ ဇီဝမျိုးစုံမျိုးကွဲလေ့လာနိုင်ခြင်းနှင့် သုတေသနပြုနိုင်ခြင်း၊ ဒေသခံလူမျိုးတို့၏ ဓလေ့စရိုက်တို့ကို လေ့လာနိုင်ခြင်း စသော အခွင့်အလမ်းများ ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။

 

ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေသည် မြစ်ကြီးနားခရိုင် တနိုင်းအနီးရှိ ဟူးကောင်းတောင်ကြားတွင် တည်ရှိပြီး ၈၄၅၂ စတုရန်းမိုင်ခန့် (စတုရန်းကီလိုမီတာ ၂၁၈၉၀) ကျယ်ဝန်း၍ ၂၀ဝ၃ ခုနှစ် မေလ ၁ ရက်က တည်ထောင်ခဲ့သည်။ ယင်းနယ်မြေသည် ကမ္ဘာပေါ်တွင် အကြီးဆုံးကျားထိန်းသိမ်းရေး နယ်မြေဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းထားသော နယ်မြေလည်းဖြစ်သည်။

 

 

ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေတွင် ကျားကောင်ရေ ၈၀ မှ ၁၀ဝ ကျော်အထိ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ရှိသည့် ရှားပါးကျားမျိုးစိတ်များ ရှိနိုင်ကြောင်း သဘာဝတောရိုင်းတိရစ္ဆာန် ကာကွယ်စောင့် ရှောက်ရေးအဖွဲ့  (Wildlife Conservation Society) ၏ ဖော်ပြချက်အရ သိရသည်။ ကမ္ဘာပေါ်တွင် ကျားကောင်ရေ ၃၅၀ဝ ခန့် သာရှိပြီး မျိုးပွားနိုင်သည့် ကျားမကောင်ရေ ၁၀ဝဝ ကျော်ရှိသည်။

 

ဟူးကောင်းတောင်ကြားသည် ၅၅၈၆ စတုရန်းမိုင်ကျယ်ဝန်းသော ချိုင့်ဝှမ်းကြီးဖြစ်၍ အရှေ့၊ အနောက်နှင့် မြောက်ဟူသော သုံးဘက်သုံးမျက်နှာ၌ ကျော်ဖြတ်ရန် ခဲယဉ်းသည့် မြင့်မားသော တောင်တန်းကြီးများဖြင့် ကာဆီးလျက်ရှိပြီး တောင်ဘက်၌မူ တောင်ကုန်းနိမ့်များရှိရာ ၎င်းဘက်မှ ဟူးကောင်းချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်နိုင်သည်။ အနောက်ဘက်ရှိ ပေ ၈၀ဝ ကျော်မြင့်သော ပတ်ကွိုင်တောင်တန်းသည် ချင်းတွင်းမြစ်နှင့် ဗြဟ္မပုတ္တရ (အိန္ဒိယနိုင်ငံ) မြစ်တို့၏ မြစ်လက်တက်များ မြစ်ဖျားခံရာ ရေဝေ ကုန်းတန်းဖြစ်သည်။ ဟူးကောင်းချိုင့်ဝှမ်း၏ အရှေ့မျက်နှာကို ကာဆီးလျက်ရှိသော ကူမွန် တောင်တန်းသည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့၏ မြစ်လက်တက်များ မြစ်ဖျားခံရာ ရေဝေကုန်းတန်းဖြစ်သည်။ ထိုချိုင့်ဝှမ်း၏ အရှေ့ဘက်နှင့် အနောက်ဘက် ရေဝေ ကုန်းတန်းတို့မှ ချောင်းကြီးချောင်းငယ် အသွယ်သွယ်တို့သည် ချိုင့်ဝှမ်း၏ အလယ်ဗဟိုဘက်သို့ စီးဆင်းလာရာမှ စုပေါင်းပြီးလျှင် ချင်းတွင်းမြစ်၏ အကြီးဆုံး မြစ်လက်တက်ဖြစ်သော တနိုင်းခကို ဖြစ်ပေါ်စေသည်။

 

ပတ်ကွိုင် တောင်၏ မြောက်ဘက် တောင်ကြားဒေသ နေရာ၌ ချင်းတွင်းမြစ်ဖြစ်ပေါ်စေသော မြစ်ငယ်တစ်စင်းနှင့် ဗြဟ္မပုတ္တရမြစ်၏ မြစ်လက်တက်တစ်ခုတို့ဆုံ၍ စီးဆင်းရာ ယင်းနေရာကို ဟူးကောင်းတောင်ကြားလမ်းဟု ခေါ်ဆို၍ အာသံပြည်နယ်သို့ လမ်းပေါက် နိုင်သည်။ ထိုတောင်ကြားလမ်းကို မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးပေါက်ဟုလည်း ခေါ်ဆိုကြလေသည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ကြည်းတပ်က တရုတ်အစိုးရအား ထောက်ပံ့ရေးပစ္စည်းများပို့ခဲ့သော နာမည်ကျော် လီဒိုလမ်းမကြီးသည် ဟူးကောင်းချိုင့်ဝှမ်းဒေသ ကို ဖြတ်၍ ဖောက်လုပ်ထားခြင်းဖြစ်သည်။

 

ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ၂၀ဝ၄ ခုနှစ်က စတင် တည်ထောင်ခဲ့စဉ် ဧရိယာ ၂၄၆၀ စတုရန်းမိုင် သာ ကျယ်ဝန်း၍ ၂၀၁၀ ပြည့်နှစ်တွင် ကချင် ပြည်နယ် တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ် တို့တွင် ဧရိယာ ၁၆၇၃ စတုရန်းမိုင်၊ စစ်ကိုင်း တိုင်းဒေသကြီး နန်းယွန်းမြို့နယ်နှင့် ခန္တီး မြို့နယ်တို့တွင် ဧရိယာ ၂၅၇၅ စတုရန်းမိုင် တို့ကို ထပ်မံတိုးချဲ့တည်ထောင်ခဲ့သည်။ ယင်း ဘေးမဲ့တောသည် သဘာဝအနေအထား နီးပါး တည်ရှိနေပြီး ဇီဝမျိုးစုံကြွယ်ဝသည့် အနေအထားကို လေ့လာကြည့်ရှုနိုင်ခြင်း၊ ကျား၊ ဆင်အပါအဝင် တောရိုင်းတိရစ္ဆာန် များအား လေ့လာနိုင်ခြင်း၊ တောတွင်းသို့ ဆင်စီး၍ ရက်ရှည်ခရီးသွားနိုင်ခြင်း၊ ချောင်းလက်တက်များတစ်လျှောက် လှေစီး စုန်ဆင်းခြင်း၊ ဆင်ဖြင့် လယ်ထွန်သည့်လုပ်ငန်းများ လေ့လာနိုင်ခြင်း၊ တိုင်းရင်းသားရိုးရာ နေအိမ်များတွင် တည်းခိုနေထိုင်နိုင်ခြင်း၊ နွေ၊ မိုး၊ ဆောင်းရာသီအလိုက် ပြောင်းလဲသွားသော သဘာဝ ရှုခင်းများအား ကြည့်ရှုခံစားနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လေ့လာနိုင်ခြင်းစသော အခွင့်အလမ်းများ ရရှိလေ့လာနိုင်မည်ဖြစ်သည်။ ဟူးကောင်းဘေးမဲ့တောနယ်မြေ၌ ငှက် မျိုးစိတ် ၃၇၀ ခန့်ရှိပြီး ၎င်းတို့အနက် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ဒီးဒုတ်ငှက် ကျောက်စိမ်းတုံးကြီးကို နမ့်မှော်ရွာတောင်ဘက် သုံးဖာလုံအကွာ ရေကြည်ချောင်းအနီးမှ တူးဖော်ရရှိခဲ့သည်။

 

ခရီးသွားမှတ်စု - စိုးစိုးနိုင် (ကြေးမုံ)

 

ဓာတ်ပုံ - ဌေးအောင် (ကြေးမုံ)