ရေကြီးရေလျှံမှုကြောင့် အဝေးပြေးခရီးစဉ်များ ရပ်နားထားရာ ယာဉ်လိုင်းအချို့ပြန်လည် ပြေးဆွဲလျက်ရှိပြီး ဧရာဝတီတိုင်းသို့ ပြေးဆွဲနေသောယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲ

ရန်ကုန် ၂ သြဂုတ်  

 

မိုးများ၍ရေလွှမ်းမိုးမှုကြောင့် ကားလမ်း၊ ရထားလမ်းများ ခရီးသွားလာရေး ယာယီအခက်အခဲ ကြုံတွေ့နေရလျက်ရှိရာ ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ပြေးဆွဲနေသော ခရီးသည်ယာဉ်လိုင်းအချို့ကို ပိတ်ထားရာမှ ယာဉ်လိုင်းအချို့ကို စမ်းသပ်ပြီး ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

 

ဇူလိုင်လ နောက်ဆုံးပတ်တွင် ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ နေရာအချို့ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့၍ ရန်ကုန်မှ မော်လမြိုင်-ဘားအံ-ရေး-ထားဝယ်-မြိတ်-ကော့သောင်းသို့ ပြေးဆွဲနေသော ခရီးစဉ်များကို ဇူလိုင်(၂၀)ရက်နေ့မှစ၍ ယာဉ်လိုင်းများကို ယာယီရပ်နားထား ဇူလိုင်(၃၀)ရက်နေ့တွင် ညနေပိုင်းမှစ၍ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းမှ မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်း ခရီးစဉ်များကို မန္တလာမင်း ခရီးသွားပို့ဆောင်ရေးမှ စမ်းသပ်ပြန်လည်ပြေးဆွဲလျက် ရှိသည့်နည်းတူ ဇူလိုင်(၃၁)ရက် နံနက်ပိုင်းမှစ၍ ရန်ကုန်မှ မော်လမြိုင်-ရေး-မြိတ်-ထားဝယ်-ကော့သောင်း ခရီးစဉ်များကို ရောင်နီထွန်း၊ ရွှေစင်စင်္ကြာ၊ မန်းရာဇာ၊ ရွှေဝယ်ရတနာ၊ ရွှေဝယ်သူ၊ အန်တီဝင်းနှင့် ရွှေမန္တလေးယာဉ်လိုင်းတို့ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

ကရင်ပြည်နယ်တွင်လည်း ကားလမ်းများရေကျော်မှုကြောင့် အဝေးပြေးခရီးစဉ်အချို့ ယာယီရပ်နားထားခဲ့ရာမှ ဇူလိုင်(၃၁) ရက်နေ့တွင် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ဘားအံမြို့သို့ စမ်းသပ်ပြီးပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

 

“ခရီးသွားပြည်သူတွေ မိုးရာသီခရီးသွားလာရေး အဆင်ပြေချောမွေ့ဖို့ ယာဉ်လိုင်းတွေ ပြန်ဖွင့်နိုင်ဖို့ တိုက်တွန်းထားပါတယ်။ အချို့လိုင်းတွေ စမ်းသပ်ပြီးပြန်ဆွဲနေပါပြီ။ သွားလို့ရတဲ့ ခရီးစဉ်ဖြစ်တာနဲ့ ပုံမှန်အတိ်ုင်းပြေးဆွဲမှာပါ” ဟု အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(အဝေးပြေး)မှ တာဝန်ခံ ဦးဘမြင့်က ပြောသည်။

 

ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ယာဉ်လိုင်းပေါင်း(၂၅၁)လိုင်းဖြင့် ယာဉ်အစီးရေ(၂၆၃၄)စီးဖြင့် ခရီးသွားပို့ဆောင်ရေး ဝန်ဆောင်မှုပေးလျက်ရှိပြီး မိုးရွာသွန်းမှုများ သည့်အတွက် တိုင်းနှင့်ပြည်နယ်အချို့သို့ ပြေးဆွဲနေသော ယာဉ်လိုင်းအချို့ ယာယီရပ်ဆိုင်းထားမှုများ ရှိကြောင်းလည်း သိရသည်။

 

လှိုင်သာယာမြို့နယ် ဒဂုံ-ဧရာအဝေးပြေးရပ်နားစခန်းမှ ဧရာဝတီတိုင်းဒေသကြီးရှိမြို့ များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများမှာ ယခင်မိုးရာသီက ယာဉ်လိုင်းအချို့ယာယီပိတ် ထားခဲ့ရသော်လည်း ယခုမိုးရာသီတွင်သြဂုတ်(၂)ရက် ယနေ့ထိ ယာဉ်လိုင်းတစ်လိုင်းမှ ပိတ်ခြင်းမရှိပဲပြေးဆွဲလျက် ရှိကြောင်းသိရသည်။

 

 “ကျွန်တော်တို့ ဒီနှစ်မိုးရာသီမှာ ယာဉ်လိုင်းတစ်လိုင်းမှ ပိတ်တာတော့မရှိဘူး။ အားလုံး ပုံမှန်ပြေးဆွဲနေပါတယ်။ ဒဂုံ-ဧရာ အဝေးပြေးမှာ ယာဉ်လိုင်းပေါင်း (၁၂၀)လိုင်းနဲ့ ယာဉ်အစီးရေ(၉၁၅)စီး ပြေးဆွဲနေပါတယ်။ မိုးရာသီဖြစ်တော့ ပုံမှန်(၅)စီးမှာ (၂)စီး၊ (၃)စီးပဲ ပြေးဆွဲကြတော့တယ်”ဟုဒဂုံ-ဧရာအဝေးပြေးဝင်းရှိ YRTA မှ တာဝန်ခံ ဦးမြင့်အောင်က ပြောသည်။

 

သန်းထိုက်

 

ဓာတ်ပုံ-သန်းစိုး