ရေကြည်-ကျုံပျော် ကားလမ်းမပေါ်တွင် ယဉ်တိုက်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံး 

ရေကြည်    ၁၆   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  ရေကြည်မြို့နယ်မြို့မ ရပ်ကွက်အနီး ရေကြည်-ကျုံပျော် ကားလမ်းမပေါ်တွင် ယမန်နေ့ည‌ ၉ နာရီ ၅၀ မိနစ်အချိန်က ကျုံပျော်မြို့ဘက်မှ ရေကြည်မြို့ ပိတောက်ချောင်လမ်းဆုံဘက်သို့ သိန်းကျော် မောင်းနှင်ပြီး သက်ကိုကျော် လိုက်ပါစီးနင်းလာသည့် (၁၂)ဘီးကုန်တင်ကားသည် ရေကြည်-ကျုံပျော်သွားကားလမ်း မိုင်တိုင်အမှတ် ၄၃/၇ နှင့် ၄၄/ဝကြား မိတ္ထီလာတံတားအနီး လမ်းအကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိပြီး ပိတောက်ချောင်လမ်းဆုံဘက်မှ ရေကြည်မြို့တွင်းဘက်သို့ နိုင်လင်းမောင်းနှင်သည့် ဆိုင်ကယ်အား ဝင်တိုက်မိ၍ ဆိုင်ကယ်မှာလွင့်စင်လဲကျသွားစဉ် နိုင်လင်း၏နောက်တွင် ကပ်လျှက်လိုက်ပါလာသော ရဲဝင်းကို မောင်းနှင်သည့် ဆိုင်ကယ်ကို ရိုက်မိခဲ့ပြီး ရဲဝင်းကို၏ ဆိုင်ကယ်မှာ ကားလမ်းမ‌ပေါ်သို့ လဲကျတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

 

ဖြစ်စဉ်ကြောင့် နိုင်လင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့ပြီး ရဲဝင်းကိုတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ လူ့အသက်အန္တရာယ် ထိခိုက်ဒဏ်ရာများရရှိပြီး သေစေအာင် မဆင်မခြင် မောင်းမောင်းနှင်ခဲ့သူ သိန်းကျော်အား ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)