ရှေးကတေးသံ မင်္ဂလာရှိလို့နေပြန်

သိုက်ထွန်းသက်

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုယ့်ကိုယ်ကိုယ် မင်းတုပ်ချ စာရေးစာဖတ် အလုပ်လုပ်နေတဲ့ ကျွန်တော်ဟာ မြန်မာစံတော်ချိန် ည ၈ နာရီတိတိမှာတော့ တီဗွီရှေ့အမြဲရောက်ပါတယ်။ ည ၈ နာရီနောက်ပိုင်း သတင်းအပြီး မြန်မာ့ရုပ်သံက ထုတ်လွှင့်တဲ့အစီအစဉ်များဟာ ကျွန်တော်တို့ အဘိုးကြီးလေးများကို အိပ်ရာမဝင်မီ ကြည်နူးနှစ်သိမ့်မှု တစ်ခုခုပေးသွားမြဲဖြစ်လို့ တီဗွီရှေ့ထိုင်ဖြစ်အောင် ထိုင်လေ့ရှိပါတယ်။ ည ၈ နာရီမှာ အိမ်ရှင်မက အမ်အာရ်တီဗွီ အိပ်ခ်ျဒီလိုင်းကို ပြောင်းပေးပြီး သူ့လက်ထဲနာရီအတော်ကြာ ကိုင်ထားတဲ့ တီဗီရီမုဒ်ကို အသာချထားခဲ့ပါတယ်။ ပြီးတော့ ထိုင်နေတဲ့နေရာက ထသွားတယ်။ စိတ်လိုလက်ရရှိမှ ပြန်လာထိုင်တတ်ပြီး များသောအားဖြင့် ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လေ့ရှိပါတယ်။ တစ်ခါတစ်ခါကျ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာ၊ ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာ အစီအစဉ်တွေထဲ တစ်ယောက်တည်းမျောပါနေတဲ့ ကျွန်တော့်ကို အဖော်လုပ်တဲ့သဘောနဲ့ အနားမှာလာထိုင်တဲ့ ကျွန်တော့်အိမ်သူ မရွှေအေးပါ ဂီတရုပ်ရှင်ရေအလျဉ်ထဲ လိုက်ပါစီးမျောသွားပါတယ်။

 

ကိုဗစ်ကာလအတွင်းမှာ အဖြူအမည်း မြန်မာ့ရုပ်ရှင်ကားတွေ အတော်များများ ပြန်ကြည့်ဖြစ်သလို မြန်မာ့ရုပ်ရှင် တေးသီချင်း ၁၀၀ကိုလည်း နှစ်ကျော့လောက် နားဆင်ဖြစ်ပါတယ်။ ရုပ်ရှင်ရာပြည့်ပြီးတော့ ရန်ကုန် တက္ကသိုလ်ရာပြည့်၊ တက္ကသိုလ်နောက်ခံရုပ်ရှင်တွေ ပြန်ကြည့်ရ၊ တက္ကသိုလ်သီချင်း ၁၀၀ ကို နားဆင်ရပြန်တယ်။ ဒီကြားထဲ ဆရာကြည်စိုးထွန်းက ရေဒီယိုခေတ် တစ်လျှောက် မြန်မာ့အသံက ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့် ဇာတ်လမ်းတွေ၊ ဇာတ်လမ်းပမာ နားဆင်စရာတွေ၊ ကက်ဆက်တိပ်ခွေ ဇာတ်လမ်းတွေကို ပြန်လည်ဆန်းသစ်ပြနေပြန်တော့ ည ၉ နာရီလောက်ကစပြီး အတိတ်ရဲ့ အရိပ်ထဲ တဝဲဝဲရယ်မှ တလည်လည် ဖြစ်ရပါတယ်။ ကျွန်တော် လူမှန်းသိတတ်စ အရွယ်ကတည်းက ဗမာ့ အသံရေဒီယိုအစီအစဉ်တွေကို နားဆင်ခံစားကြီးပြင်းခဲ့ရတာမို့ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ “ရေဒီယို လွမ်းနာ” လေး ဖြစ်လာတယ်။ ရေဒီယိုလွမ်းနာ၊ တိတိကျကျပြောရရင် “ဗမာ့အသံ” / “မြန်မာ့အသံလွမ်းနာပေါ့”။ ဒါဟာ အနုပညာဆာလောင်မှုလို့လည်း ဆိုနိုင်တယ်။ အဲဒီအနုပညာက “အသံလွှင့်အနုပညာ” ဖြစ်ပါတယ်။ မြန်မာ့အသံ အသံလွှင့်ဌာနကနေ ထုတ်လွှင့်လိုက်တဲ့ လေလှိုင်းသံများကို ရေဒီယိုနဲ့ ဖမ်းယူနားဆင်ရတာ အရသာရှိလှပါတယ်။ တစ်နည်းအားဖြင့် “နားချမ်းသာစရာ” ကောင်းလှပါတယ်။ တစ်ခါ “နားချမ်းသာစရာကောင်းလှပါတယ်” ဆိုတဲ့စကားကိုပဲ ထပ်ပြီးအကျယ် ရှင်းပါရစေ။

 

ကွဲပြားခြားနားကြ

 

ကျွန်တော်တို့ ဒီနေ့ ရုပ်သံမီဒီယာများက မြင်ရကြားရသမျှ အသံတိုင်းအရုပ်တိုင်းကို မိသားစုဝင်တိုင်း တစ်ယောက်မကျန် နှစ်သက်သဘောကျကြတာ မဟုတ်ပါဘူး။ အသက်အရွယ်အလိုက် သူ့အကြိုက် ကိုယ့်အကြိုက် သဘာဝကျစွာ ကွဲပြားခြားနားကြပါတယ်။ ဒါပေမယ့် ခြားနားမှုက သိသာလွန်းတယ်။ အရုပ်မမြင်ရဘဲ အသံပဲကြားရတဲ့နေရာမှာ ထိုင်နေမိရင်းက နားမခံသာလို့ ထပြေးရတဲ့သူတွေထဲမှာ ကျွန်တော်တို့ အသက်အရွယ်တွေ အများဆုံးပဲမဟုတ်ပါလား။ ဒါဟာမျိုးဆက်ကွာဟမှု သက်သက်လို့ မယူဆနိုင်ပါဘူး။ ကျွန်တော်လူမှန်းသိတတ်စ အရွယ်ကနေ အိမ်ထောင်ရက်သားကျပြီး မိဘအိမ်ကနေ အိမ်ထောင်ခွဲထွက်ခဲ့တဲ့ အချိန်အထိ ရေဒီယိုနားထောင်လာတဲ့ အတွေ့အကြုံအရပြောရရင် မြန်မာ့အသံကထုတ်လွှင့်ခဲ့တဲ့ ဘယ်အစီအစဉ်တွေကြောင့် အဘိုးတွေ အဘွားတွေ နားမခံသာ ဖြစ်ရတယ်ဆိုတာမျိုး မကြားဖူးပါဘူး။

 

အစီအစဉ်တစ်ခုချင်းကို သူတို့မကြိုက်တာရှိချင်ရှိမယ်။ အာရုံစိုက် နားမထောင်ချင်တာ ရှိချင်ရှိမယ်၊ စိတ်အနှောင့်အယှက်ဖြစ်ရလို့ အမြန်ပိတ်ခိုင်းတာမျိုး မကြုံဖူးပါဘူး။ လွန်ရောကျွံရော အသံလေး နည်းနည်းလျှော့ပေးပါဦးလောက်ပဲ ပြောတတ်ကြပါတယ်။ ဒါက ဘာကြောင့်လဲ။ ဟိုတုန်းက သတိမပြုမိပေမယ့် အခုနေပြန်စဉ်းစားလိုက်တော့ အစီအစဉ်တိုင်းလိုလိုဟာ အနုပညာဓာတ်ပါနေလို့ပဲ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချမိတယ်။ မနက် ၇ နာရီ ရေဒီယိုခလုတ်ဖွင့်လိုက်တာနဲ့ သာယာငြိမ့်ညောင်းလှတဲ့ ရေခင်းသံနဲ့အတူ “သောတရှင်များ ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတော်မူကြပါစေရှင်” ဆိုတဲ့ နှုတ်ခွန်း ဆက်သံလေး ကြားလိုက်ရတာကိုက အင်မတန် မင်္ဂလာရှိပြီး စိတ်နှလုံးချမ်းမြေ့သွားရပါတယ်။ ပြီးတော့ နံနက်ချိန်ခါတေးသံသာများ တစ်ပုဒ်ပြီးတစ်ပုဒ် တင်ဆက် သွားတယ်။

 

စိတ်ရွှင်လန်းဆန်း ခွန်အားဖြစ်စေခဲ့

 

ဒီအချိန် ထုတ်လွှင့်တဲ့သီချင်းတွေဟာ တစ်ညတာအိပ်စက်ပြီးနိုးလာတဲ့ ပြည်သူအားလုံး စိတ်ရွှင်လန်းဆန်း ခွန်အားဖြစ်စေခဲ့ပါတယ်။ ကျက်သရေမင်္ဂလာလည်း ရှိလှပါတယ်။ ဘယ်လိုသီချင်းတွေလဲ ပြောပြပါဦးဆိုရင် မျက်စိမှိတ်စဉ်းစား ချရေးပါ့မယ်။ ကိုထွန်းရွှေရဲ့ ငဘတို့ရွာ၊ ကြည်ကြည်ဝင်းရဲ့ မင်္ဂလာနေ့ပါရှင်၊ လှလှရီရဲ့ မေတ္တာသံဝေ၊ သန်းသန်းဆင့်ရဲ့ တုံ့လှယ်မေတ္တာ၊ မြကေသီရဲ့ဆွမ်းတော်လို မနက်ခင်းမှာ ပုံမှန်နားဆင်ရတာပေါ့။ ကိုယ်လက် လှုပ်ရှား အားကစားကို အားပေးတဲ့ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့လို သီချင်းတွေ၊ ရိုးရာအားကစားနဲ့ဆိုင်တဲ့ သီချင်းတွေလည်းပါပေသပေါ့။ ကျွန်တော်တို့အိမ်မှာ ဧရာမရေဒီယိုကြီး နှစ်လုံးရှိပါ တယ်။ အောက်ထပ်မှာတစ်လုံး၊ အပေါ်ထပ်မှာတစ်လုံး။ တစ်လုံးက ဟိုင်ဖိုင်၊ တစ်လုံးနာမည်ကတော့ မမှတ်မိဘူး။ အမေ့စကားအတိုင်း ပြန်ပြောရရင် စန္ဒရားခလုတ်ဖြူဖြူတွေလိုဟာပါတဲ့ ရေဒီယိုပေါ့။ အောက်မှာထားတဲ့ ရေဒီယိုက တာဝန်ထမ်းဆောင်ချိန် ပိုများပါတယ်။ အပေါ်ထပ်က ရေဒီယိုကတော့ ညစာစားပြီး အတော်ကြာတော့မှ အောက်ထပ်တံခါးတွေပိတ် မိသားစုအားလုံး အိမ်ပေါ်ရောက်ချိန်မှာဖွင့်တာမို့ သက်သာတယ်လို့ ဆိုရပါမယ်။ မနက်ပိုင်း ရေဒီယိုဖွင့်စလောက်မှာပဲ အဖေနဲ့ကျွန်တော်က ဂေါဝိန်ကမ်းနားဈေးမှာ ဖွင့်ထားတဲ့ အထည်ဆိုင်မှာ ဈေးကိုအမီသွားရတယ်။ အဲဒီမှာ ဆိုင်ကူခင်းပြီးမှ ကျောင်းသွားရပါတယ်။ အမေက အိမ်မှာဗာဟီရကိစ္စများ လုပ်ကိုင်ပြီးမှ ဈေးလိုက်လာတာပါ။ မနက်ပိုင်းအစီအစဉ်ကတည်းက ဖွင့်ထားတဲ့ ရေဒီယိုကိုလည်း အမေကပိတ်မသွားပါဘူး။ မြန်မာ့အသံကလာသမျှ သီချင်းတွေရော သတင်းတွေရော ပြောင်းဖူးဖက်ဆေးလိပ်ကြီးသောက်ရင်း တစ်ယောက်တည်းဒိုင်ခံနားထောင်မယ့် သောတရှင်တစ်ယောက် ရှိတယ်လေ။

 

အဲဒီသောတရှင်က အသက် ၈၀ ကျော် ကျွန်တော် တို့အဘွားပါပဲ။ မြန်မာပိုင်းအစီအစဉ်ပြီးရင်တော့ ရေဒီယိုခလုတ်ကို အဘွားကိုယ်တိုင် ထပိတ်ပါတယ်။ ဒါမှမဟုတ် အဘွားထိုင်နေတဲ့ ကွပ်ပျစ်ကနေ လှမ်းမြင်ရတဲ့ တူမဖြစ်သူကို လှမ်းခေါ်ပိတ်ခိုင်းလေ့ရှိပါတယ်။ မွန်းလွဲပိုင်း အစီအစဉ်တွေကိုလည်း မနက်ပိုင်းတစ်ပိုင်း ဆိုင်ထိုင်ပြန်လာတဲ့ အမေက အဘွားနားထောင်ချင်ရင် ဖွင့်ပေးတတ် ပါတယ်။ များသောအားဖြင့် အဘွားဟာ ခပ်တိုးတိုးဖွင့်ထားတဲ့ ရေဒီယိုအသံလှိုင်းငြိမ့်ငြိမ့်အောက်မှာ မျက်ခွံတွေလေးပြီး အိပ်ပျော်သွားတတ်ပါတယ်။ ညနေပိုင်းအစီအစဉ်တွေကိုတော့ အဖေဈေးသိမ်းပြီး ပြန်ရောက်ချိန်မှ စဖွင့်ပါတယ်။ ရေဒီယိုဖွင့်ထားပြီး အဖေက ခြံထဲဆင်းတယ်။ သူစိုက်ပျိုးထားတဲ့ သီးပင်ပန်းပင်မျိုးစုံကို ရေလောင်းပေါင်းသင်လုပ်တာ မှောင်ရိပ်သန်းတဲ့အထိပါပဲ။ အဖေ့ကို ကူလုပ်ပေးနေရတဲ့ ကျွန်တော်ဟာ တနင်္လာနေ့မျိုးမှာတော့ အဖေ့နားကလစ်ထွက်ပြီး ရေဒီယိုပြေးကပ်လေ့ရှိပါတယ်။ ရေဒီယိုက ရုပ်ရှင်သီချင်းတွေ လာနေလေပြီ။ များသောအားဖြင့် ကြားနေကျ ရုပ်ရှင်သီချင်းတွေပဲ များပါတယ်။ ကိုမင်းနောင်ရဲ့ လုလင်ငယ်သွေး၊ တင်ဦးလေးရဲ့ လတန်ဆောင်တိုင်၊ စန္ဒရားချစ်ဆွေနဲ့ အေဝမ်းတင်တင်လှ ရဲ့ ပန်းတံတား၊ တွံတေးသိန်းတန်ရဲ့ တစ်ကိုယ်ရေစစ်သား၊ ကိုချစ်မြိုင်ရဲ့ တစ်နေဝင်သော်၊ မာမာအေးရဲ့ ချစ်သောမောင် စတဲ့သီချင်းတွေပဲဖြစ်ပါတယ်။ ကျွန်တော့်အစ်မကတော့ မြန်မာ့အသံက လွှင့်သမျှသီချင်းတိုင်း သိ၊ သီချင်းတိုင်း ရနေတတ်တယ်။ သောတရှင်လိုရာ၊ စစ်မြေမှချစ်ဆွေသို့၊ အနှစ်၂၀ တေး၊ ကာလပေါ်တေး၊ ခေတ်ဟောင်းတေး။ သူမို့ သိလည်းသိနိုင်တာ၊ သောတရှင်၊ ချိုတေးသံစတဲ့ ဂီတမဂ္ဂဇင်းတွေ လစဉ်ဝယ်တော့ ဘယ်နေ့မှာ ဘယ်ကာလပေါ် တူရိယာအဖွဲ့လာမယ်။ အဆိုတော်ဘယ်သူဘယ်သူ ပါမယ်လို့ ကြိုပြောတတ်တယ်။ သီချင်းကြိုက်တဲ့အစ်မက အဘွားအချစ်တော်ပါ။ ဒါပေမယ့် မမက အဘွားကြိုက်တဲ့ ဆရာလင်းရဲ့ ကွက်စိပ်တို့၊ ရွှေမန်းတင်မောင်ရဲ့ ဖွားတော်မူခန်း၊ လေးတော်တင်ခန်း၊ တောထွက်ခန်းစတဲ့ ဗုဒ္ဓဝင် ဇာတ်ထုပ်တို့၊ သီချင်းကြီးသရုပ်ဖော်တို့ကို လုံးဝမကြိုက်ဘူး။

 

“သံကြားရုပ်ထင်” လို့တောင် ဆိုလိုက်ချင်

 

ကျွန်တော့်အဖေဟာ သူ့ယောက္ခမကြီး ကြိုက်တတ်တဲ့ အစီအစဉ်တွေကို လွတ်မသွားအောင် ဂရုတစိုက်ဖွင့်ပေးတတ်ပါတယ်။ သီချင်းကြီးသရုပ်ဖော်လာရင် ဒေါ်ဒေါ်ရေစစ (မြ၀တီမင်းကြီးဦးစ) လာပြီလို့ အသိပေးတတ်တာကိုလည်း မှတ်မိပါသေးတယ်။ အဖေကိုယ်တိုင် စွဲစွဲမြဲမြဲနားထောင်လေ့ရှိတာက အဘဦးသန်းမြင့်ရဲ့ ကမ္ဘာ့ဂီတအစီအစဉ်ပါပဲ။ ပြီးတော့ ဆရာကြီးဦးဂုဏ်ဘဏ်ရဲ့ ဟောပြောချက်များဖြစ်ပါတယ်။ မြန်မာ့အသံ ဝန်ထမ်းအမျိုးသားတွေရော အမျိုးသမီးတွေပါ အသံအနုပညာနဲ့ ပတ်သက်ရင် တစ်ဖက်ကမ်းခတ်သူတွေချည်းဖြစ်ပါတယ်။ သတင်းတွေ၊ သတင်းစာခေါင်းကြီးပိုင်းတွေကို စာကြည့်ဖတ်တာပဲ ဖြစ်ဖြစ်၊ ပုံပြင်လက်ဆောင်မှာ ပုံပြောတာပဲဖြစ်ဖြစ်၊ ဘဝကြေးမုံဇာတ်လမ်းစုံတို့၊ ဇာတ်လမ်းပမာနားဆင်စရာတို့မှာ အသံနဲ့ သရုပ်ဆောင်တာပဲဖြစ်ဖြစ် သေသေသပ်သပ် လှလှပပရှိပါတယ်။ အသံအိုက်တင်တွေ နားနဲ့ခံစားရင်း မျက်စိနှစ်လုံးမှိတ်ထားရင် ကိုယ့်ဘေးမှာ သူတို့တကယ် ပြောဆိုလှုပ်ရှားနေသလို မြင်ယောင်ထင်ယောင်ခဲ့ရတာမို့ ရုပ်မြင်သံကြားဆိုတာကြီး မပေါ်မီက ကျွန်တော်တို့ပြည်သူတွေ ပိုင်ဆိုင်တဲ့ “သံကြားရုပ်ထင်” လို့တောင် ဆိုလိုက်ချင်ပါတယ်။ အဖေက စန္ဒရားအောင်ခင်နဲ့ ဦးဇော်ဝင်းကို အတော်သဘောကျတယ်။ သူတို့တစ်တွေ အဘိုးကြီးလုပ် စကားပြောတာ ပီပြင်လွန်းလို့ ကွမ်းသီးငုံပြီးများ ပြောသလားလို့ အမြဲရယ်စရာပြောပါတယ်။ ကျွန်တော်က ဟုတ်မယ်မထင်ပါဘူး အဖေရယ်လို့ပြောတော့ “ပြောမရဘူးကွ။ ဒီလူကြီးတွေက ပြောလို့ရတာမဟုတ်ဘူး။ မြန်မာ့ အသံမှာ နိုင်ငံခြားက ထုတ်လုပ်တဲ့အသံမျိုးစုံ ဓာတ်ပြားတွေ ရှိလျက်သားနဲ့ ဓာတ်ပြားထဲက မိုးရွာသံ မကြိုက်လို့တဲ့မောင် မြေပဲဆန်တွေ ဆန်ကောထဲ ထည့်လှိမ့်ပြီး မိုးရွာသံအတု လုပ်တယ်လို့ ငါဖတ်ဖူးတယ်” လို့ ပြန်ပြောတယ်။ မြန်မာ့ အသံဦးဇော်ဝင်းအကြောင်း ဆရာမရွှေကူမေနှင်း ရေးသားထားတာလည်း မှတ်မိတယ်။ အသံနဲ့သရုပ်ဆောင်တဲ့အခါ ပျိုအောင်လည်းပြောတတ်တယ်၊ အဖေခန်း၊ အဘိုးကြီးခန်းလည်း သရုပ်ဆောင်ပိုင်တယ်၊ အသံကကြည်လည်းကြည်၊ မြည်လည်းမြည်တယ်၊ မြေကျလည်းသာတယ်၊ နားဝင်သာတယ်၊ နားစွဲတယ်လို့ ရေးဖူးတယ်။ ပြီးတော့ အသံမင်းသားကြီး ဗိုလ်ဗကိုက သူ့ရဲ့ ဇနီး ဒေါ်ခင်ကြည်ကြည်ခေတ်ကစ မင်းသားလုပ်လာတာ ချစ်စံပယ်ခေတ်လည်း သူပဲမင်းသား၊ စမ်းစမ်းယဉ်လေးခေတ်လည်း သူပဲမင်းသားမို့ လွန်တာပေါ့ပြောပြီး ပြုံးရတယ်လို့ဆိုတယ်။ ရွှေရတုခေတ်ရုပ်ရှင်ကား နမူနာကားပိုင်းတွေမှာလည်း နောက်ခံစကားပြောဆိုရင် ဗိုလ်ဗကို ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ဦးဇော်ဝင်းပါပဲ။ အဖေရောအမေပါ အတူ နှစ်သက်ကြတာက ကိုမြသီးနဲ့မခင်မူတို့ရဲ့ သီရိဂေဟာ အစီအစဉ်ပါ။ ဒါပေမယ့် အဖေက ကိုမြသီးမဟုတ်သလို အမေကမခင်မူမဟုတ်လေတော့ အမြဲတမ်းတကျက်ကျက်နဲ့ပေါ့။ ဦးတဲ့သူက ပြောကြသေး၊ သီရိဂေဟာထဲက မခင်မူနဲ့ ကွာပါကွာလို့ အဖေကဆိုရင် အမေကဘယ်ခံလိမ့်မလဲ။ တော်ကကော ကိုမြသီး မို့လို့လားတဲ့။

 

ဒီနေရာမှာ မြန်မာ့အသံရဲ့ အသံဝိဇ္ဇာကြီးတွေ စာရင်းချရေးဖွင့်ဆိုပြရရင်ပဲ စာတစ်ပုဒ်ဖြစ်သွားပါလိမ့်မယ်။ မာတလိဦးကျော်ညိန်း၊ အဘဦးသန်းမြင့်၊ ဦးတင်ဦး၊ ဦးကျော်မင်း၊ ဦးကျော်ဦး၊ ဦးဝင်းကြည် (ကိုသစ္စာ)၊ ဦးအောင်မြင့် (ကိုမြသီး)၊ ဦးတင်မောင် (ကိုဖိုးအေး)၊ ပြီးတော့ ကျွန်တော်တို့ချစ်သော ဆရာမောင်အောင်မွန် (ဦးဝင်းအောင်) မကျန်ပေါ့။ ဒီလိုပဲ ဒေါ်မေရှင်၊ ဒေါ်ခင်ခင်ကြည်၊ ဒေါ်မူမူမြင့်၊ ဒေါ်သန်းနှစ်၊ ဒေါ်မြနှစ်၊ ဒေါ်မေလှမြိုင်၊ ဒေါ်တင်တင်မြ၊ ဒေါ်မာမာအေး၊ ဒေါ်သန်းမြ (မယ်ကျော့)၊ ဒေါ်ခင်သိန်းဆွေ၊ ဒေါ်သန်းချစ် (ချစ်စံပယ်)၊ ပြီးတော့ ကျွန်တော်တို့ ဆရာမ ရွှေကူမေနှင်း (ဒေါ်စံမေ) မကျန်ပေါ့။

 

သောတရှင်တစ်ယောက် မှတ်မိသမျှ ဒါထက်မက ရေးချနိုင်ပါသေးတယ်။ ရေးပြချင်ပါသေးတယ်။ မြန်မာ့အသံရဲ့ အမာခံပရိသတ် ကျွန်တော်တို့ မိသားစုအကြောင်းပဲ ပြန်ကောက်ရအောင်။ အဲဒါကတော့ ကျွန်တော်ရှစ်နှစ် ကိုးနှစ်သားလောက်က အကြောင်းပါပဲ။ ၁၉၆၀ ဝန်းကျင် ဖြစ်မှာပေါ့။ ကျွန်တော်တို့ အဘိုး အသည်းကင်ဆာနဲ့ ကွယ်လွန်သွားပါတယ်။ အဘိုးက မဆုံးခင်အတော်ဝေဒနာ ခံစားသွားရပါတယ်။ အဘိုးမကျန်းမာတော့ဘူးဆိုကတည်းက အိမ်မှာ ရေဒီယိုမဖွင့်တော့ပါဘူး။ ကျွန်တော်နဲ့အစ်မဟာ အိမ်နောက်ဖေး ကားဂိုဒေါင်နားသွားပြီး ဂျပ်ဘူးခွံတစ်လုံးနဲ့ ရေဒီယိုဖွင့်တမ်း ကစားကြပါတယ်။ အဲဒီကာလက မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အာရှမှာ မော်ကြွားနိုင်တဲ့ အခြေအနေ ဖြစ်ပါလိမ့်မယ်။

 

သမီးငယ်တို့ခေတ်မှာ တံခါးဖွင့်စီးပွားရေးနဲ့အတူ ရုပ်မြင်သံကြားကြော်ငြာတွေ ခေတ်စားလာခဲ့သလို ကျွန်တော်တို့ ကလေးဘဝကလည်း နိုင်ငံစီးပွားရေး တံခါးပိတ်ခါနီး မြန်မာ့အသံရေဒီယိုကြော်ငြာများက ကျွန်တော်တို့မောင်နှမ ပါးစပ်ဖျား ရောက်နေကြပြီလေ။ “ဒီနေ့ဘောပွဲနေ့ပါလား (ဘောလုံးကွင်းထဲက ပရိသတ် အသံတွေ၊ ဂိုးဝင်သွားလို့ အော်ဟစ်အားပေးသံတွေ) ပွဲတိုင်းကျော် သူကဗိုလ်စွဲနေပါပကော၊ ဒါနဲ့ သူက ဘယ်အသင်းကပါလိမ့်၊ ဘယ်အသင်းကမှန်းတော့ ငါမသိဘူး၊ သူအမြဲသုံးဆောင်တာက အိုဗာတင်းမှန်း ငါသိတယ်၊ အိုး ဟိုး ဒါကြောင့်ကိုး၊ အိုဗာတင်း သင့်အင်အား ကိုတိုးပွားစေရန် အရသာရှိသော အိုဗာတင်း၊ အိုဗာတင်းကို သုံးဆောင်ပါ ဒန်တန်တန်။ ကားဂိုဒေါင်နားမှာ မောင်နှမနှစ်ယောက် ရေဒီယိုဖွင့်နေကြတာ၊ “ဈေးသွားရင်လည်း မောင်ဗမာမောင်ဗမာ (စက်ဘီးဘဲလ် ကလင် လင်) ကျောင်းသွားရင်လည်း မောင်ဗမာမောင်ဗမာ အဖိုးနှုန်း ချိုသာ အမျိုးမျိုးသုံးတော့ လိုရာလိုရာ”ဆိုတဲ့ သီချင်းနဲ့ မောင်ဗမာ စက်ဘီးကြော်ငြာ။ ဟောဟော ဟောဟော လစ် ဆိုတဲ့ ဟောလစ်ကြော်ငြာ။ ပြည်မြို့နဝင်းမသိန်းတင် တကယ့်စေတနာရှင်ဆိုပြီး သံချပ်နဲ့ မသိန်းတင်ဆေးလိပ်ကြော်ငြာ။ ဟန်သာအေး နိုင်လွန်အင်္ကျီစကြော်ငြာ။ ရေဒီယိုအစစ် မဖွင့်ရလို့ ပါးစပ်နဲ့ဖွင့်နေကြရတာ။ ဒါကို အားမရတော့ အစ်မက ရေဒီယိုအငြိမ့်ခန်းဖွင့်ပြီး လူကိုယ်တိုင် ထကပါရောလား။ အဘိုးဆုံးသွားပြီးတဲ့ နောက်လည်း ရေဒီယိုကို တော်တော်နဲ့ပြန်မဖွင့်ရသေးဘူး။ အမေကသူ့အဖေကို အောက်မေ့ပြီး တငိုတည်းငိုနေခဲ့တာကိုး။ အဲဒီအကြောင်း သတိရတိုင်း မရွှေအေးကို မေးကြည့်မိတယ်။ “ဖွတဲ့ ငါသေသွားရင်ကော မင်းတီဗွီမဖွင့်ဘဲ အကြာကြီးနေမှာလား” ဆိုတော့ “ဖြစ်မလားရှင့် ကြည့်လက်စဇာတ်လမ်းတွဲက တန်းလန်းကြီးနဲ့”တဲ့လေ။

 

သုံးလလောက်နေတော့ တိုင်းရေးပြည်ရေး အကြောင်းပြုပြီး အဖေက ည ၈ နာရီသတင်းစဖွင့်တယ်။ အဲဒီအပတ်ထဲမှာပဲ တိုင်းနှင့်ပြည်နယ် ဘောလုံးပွဲစပါရောလား။ မန္တလေးတိုင်းနဲ့ ပဲခူး၊ တနင်္သာရီ၊ ရှမ်းတို့က အပြိုင်၊ ရန်ကုန်ဆိုတာ ပဲခူးတိုင်းထဲမှာ၊ ရန်ကုန်တိုင်းရယ်လို့ ဖြစ်မလာသေး။ ကျွန်တော်လည်း ရေဒီယိုနားက မခွာတော့။ မောင်ဖုန်းကွ၊ ညီပုကွ၊ သောင်းနိုင်ကွ အော်ဟစ်ရ အားပေးကြ။ အမေက သီချင်းသံတော့တိုးတိုးပဲ ဖွင့်ခိုင်းတယ်။ အဖေသီချင်းကြီးဖွင့်မယ်လုပ်တော့ “မဖွင့်ပါနဲ့ ကိုသိန်းတန်ရယ်”လို့ တောင်းပန်ပြန်တယ်။ သီချင်းကြီးသံကြားရရင် မျက်ရည်ကျရလွန်းလို့ပါတဲ့။ အမေ့ကြောင့် ကျွန်တော်တို့အိမ်မှာ သီချင်းတောင်ကျယ်ကျယ် မဖွင့်ရပေမယ့် အမေ့ညီမ ကျွန်တော်တို့အဒေါ်အိမ်ဘက်က ဖွင့်နေတဲ့ ရေဒီယိုသံကို ဒီဘက်ကအတိုင်းသားကြားရလို့ အဖေပြုံးတယ်၊ ကျွန်တော်သိအောင်လည်း မျက်စပစ်ပြတယ်။ အဲဒီဘက်မှာက ဓာတ်ဆီဓာတ်ဆံတို့ ဟဒယရွှင်ဆေး တိုက်ကျွေးနေပေသကိုး။ ။