ရွှေကူမြို့နယ်တွင် ကူးစက်တတ်သောရောဂါများနှင့် မကူးစက်တတ်သောရောဂါများ တားဆီးကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ရွှေကူ   ၂၈  ဇူလိုင်    

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ကျန်းမာရေးကြီးကြပ်(၂)များအတွက် ကူးစက်တတ်သောရောဂါများနှင့် မကူးစက်တတ်သောရောဂါများ တားဆီးကာကွယ်နှိမ်နင်းခြင်း ဆိုင်ရာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာစိုင်းထွန်းက သင်တန်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များအတွက် ရောဂါများ ကူးစက်ပုံကို သိရှိစေရန်၊ ကူးစက်ရောဂါအမျိုးအစားအလိုက် စောင့်ကြပ်ကြည့်ရှုရန်နှင့် ကာကွယ်ထိန်းချုပ်ရန် နည်းလမ်းများအား ခြုံငုံသိရှိစေရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ မြို့နယ်စီမံချက်ညှိနှိုင်းရေးမှူး ဦးညိုဝင်းက မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)များမှ သင်တန်းမှပို့ချမှုများကို ကောင်းမွန်စွာ လေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည် အသုံးချနိုင်ရေးအတွက် ကြိုးစားသင်ယူ ဆောင်ရွက်ရန် ပြောကြားပြီး စီမံချက်အရာရှိ ဦးငြိမ်းချမ်းနောင်က ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များအတွက် ကူးစက်တတ်သော ရောဂါများနှင့် မကူးစက်တတ်သောရောဂါများ တားဆီးကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းတွင် ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်းသား သင်တန်းသူ ၃၄ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်အထိ  သုံးရက်ကြာ ဖွင့်လှစ်ပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)