ရွှေကူမြတ်စွာဘုရားကြီး သီတင်းကျွတ်မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပခုက္ကူ ၁၂ အောက်တိုဘာ

 

နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်မြဲဖြစ်သည့် ပခုက္ကူမြို့ ဂုဏ်ဆောင် မူလဒါယကာ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူသော ရွှေကူမြတ်စွာဘုရားကြီး သီတင်းကျွတ် မီးထွန်းပွဲတော်ကို ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ပခုက္ကူမြို့တွင်း လှည့်လည်အပူဇော်ခံသွားမည်ဖြစ်သည်။

 

လပြည့်နေ့နှင့်လပြည့်ကျော် ၁ရက်နေ့တွင် ကိုအောင်ကျော်အေး ဦးစီးသည့် HAPPY STARS တေးဂီတအဖွဲ့မှ မြဝတီလမ်းတွင်လည်း‌‌ကောင်း၊ BLACK ROSE တေးဂီတအဖွဲ့မှ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့ညများတွင် ဆယ့်တစ်မီးငြိမ်းဓမ္မာရုံအတွင်း၌လည်းကောင်း၊ တီးခတ် ဖျော်ဖြေမည် ဖြစ်သည်။

 

သီတင်းကျွတ်လပြည့်နေ့ညတွင် ရွှေကူမြတ်စွာဘုရားကြီးရှေ့ ဝန်းအလှပြအခမ်းအနား ကျင်းပမည်ဖြစ်ပြီး MRTV4 မှ သရုပ်ဆောင်များဖြစ်ကြသည့် ဟိန်းထက်၊ ဝင့်ယမုံလှိုင်၊ ရှင်မွေလ နှင့် ခေးဆက်သွင်တို့မှ ဝန်းအလှပြရာတွင် ပါဝင်ပြသမည်ဖြစ်သည်။

 

သီတင်းကျွတ်လပြည့်နေ့ နံနက်တွင် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းသပိတ်လုံးကပ်လှူခြင်း၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့တွင် ရွှေကူနိဗ္ဗာန်ဆော်အဖွဲ့၊ ရွှေကူမင်္ဂလာစည်တော်အဖွဲ့၊ ရတနာပုံဝန်းအလှပြအဖွဲ့နဲ့အတူ သရုပ်ဆောင်များက လိုက်ပါ ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဇော်(ဓာတု)