ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအိမ်ရာများသို့ စာအုပ်ငှားရမ်းပေး

နေပြည်တော် ၃ ဇန်နဝါရီ

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်(Mobile Library Bus) ဖြင့် ယနေ့နံနက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ သွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့သည်။

ဝန်ထမ်းများ အလွယ်တကူ စာပေဖတ်ရှုနိုင်ရန် ဝန်ကြီးဌာနများကို တစ်ရုံးလျှင် စာအုပ် ၃ စဉ်၊ သုတ၊ ရတ စာအုပ် ၃၀၀ အုပ်နှုန်းဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန ၆ ခု ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

လတ်တလော ဝန်ကြီးဌာန အားလုံးကို မဆောင်ရွက်နိုင်မီကာလအတွင်း သီးခြားအစီအစဉ်တစ်ခုအနေဖြင့် ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်ငှားရမ်းခြင်းကို စာဖတ်သူများထံ အရောက်စနစ်ဖြင့် ဆောင်ရွက်ပေးသွားကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ကြီးကြပ်သူဖြင့် သုတ၊ရသ စာအုပ်(၃၅၀၀)ပါရှိမည်ဖြစ်ပြီး ဝန်ကြီးဌာန (၁၈) ရုံးသို့ ရုံးဖွင့်ရက်များတွင် နေ့ရက်များအလိုက် ငှားရမ်းပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများ နေထိုင်ရာ အိမ်ရာများကို ရုံးပိတ်ရက်များတွင် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)

mdn