ရေးမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးခဲ့ရာ ခုနစ်ဦး ပိုးတွေ့ရှိ

ရေး ၁၄ အောက်တိုဘာ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမရှိစေရေးအတွက် ရေးမြို့နယ်အတွင်းသို့ တနင်္သာရီတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ရေးမြို့နယ်၊ ကလော့ကျေးရွာအုပ်စု၊ ရေးကားလမ်းရှိ ခေါဇာလမ်းဝ ဝမ်းတူးဓာတ်ဆီဆိုင်ရှိ စစ်ဆေးရေးစခန်း၌ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းများကို အောက်တိုဘာ ၆ ရက်မှ ယနေ့အထိ စစ်ဆေးခဲ့ရာ ခုနစ်ဦးထိ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက ဦးဆောင်၍ ရေးမြို့နယ် ဝမ်းတူဆီဆိုင်ဂိတ်၌ ဝင်ရောက်လာသည့် ကုန်တင်ယာဉ် (၄၅၅)စီးမှ ယာဉ်မောင်းနှင့် ယာဉ်မောင်းနောက်လိုက် (၈၄၁)ဦးတို့အား မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးကြရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ခုနစ်ဦးရှိခဲ့ပြီး ရေးမြို့နယ်ပြည်သူ့ဆေးရုံ (ခုတင် ၁၀၀ ဆံ့)၌ လူနာ (၅) ဦးကိုသာ ထားရှိကုသပြီး ကျန် (၂)ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့စည်းများနှင့် စေတနာရှင် အလှူရှင်တို့က ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)