ဦးဟန်ညွန့် ( ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် ဘယ်ဆီကို မင်းရောက်နေလဲ...တဲ့”
“ကဗျာဆန်လှချည်လားဆရာ”
“အေးဗျာ၊ သူ့မူရင်းအတိုင်းပါပဲ။”
“ရှင်းပြပါဦး ဆရာ”
“နားဆင်၊ ရှုမြင်ကြစို့လားဗျာ”
မွန်းကြပ်မှုများ
ထူထူထဲထဲ ဥပဒေစာအုပ်ကြီးများ၊ ပုဒ်ထီး ပုဒ်မများ၊ ရှည်လျားထွေပြားသော တိုင်စာများ၊ မကျေနပ်ချက်စာတွဲများကို တာဝန်အရ ဖတ်ရှုရင်း ရှင်းရှင်းလင်းလင်းဖြစ်အောင် စီမံဆောင်ရွက်နေသော ကျွန်တော်သည် မွန်းကြပ်မှုများ ကြုံရခြင်းဖြစ်မိသည်ဟု ရေးလျှင် အပြစ်မတင်ကြစေချင်ပါ။ မှားသည်၊ မှန်သည်ကို မတိမ်းမယွင်းရအောင် ဥပဒေနှင့် အညီ မျှမျှတတဖြစ်ဖို့ ဝါယမစိုက်ထုတ်ဖို့မှာ ဥပဒေလေ့လာသော ရှေ့နေတစ်ဦး၏ အဓိကတာဝန်ဖြစ်သည် မဟုတ်လား။ သမိုင်းပေးတာဝန် ကျေပွန်ဖို့၊ အများပြည်သူ၏ စေတနာခံယူဖို့မှာလည်း ကိုယ့်အရိပ်ကိုယ် အခြေပြုရ ပေမည် မဟုတ်လား။ “ကိုယ်သာလျှင် ကိုယ့်ဘဝပဲ့ကိုင်” စွဲကိုင်သင့်သည် မဟုတ်လား။
ရက်အား
ရက်အားတွေမှာဖြင့် ရသစာပေ နုနုလှလှလေးတွေနှင့် မိတ်ဆက်ရသည်။ ပေါ့ပေါ့ပါးပါး လန်းဆန်းရှင်သန်သော စာကောင်းပေကောင်း။ ဘဝအလင်းရောင် မီးရှူးရောင်၊ ကြံဆောင်ရစ်ပတ် လွှမ်းခြုံအပ်သော စာပေအငွေ့အသက်တွေနှင့် ချစ်ခင်နှစ်သက် ပွေ့ဖက်ပါရစေ----။ အတွေ့ အကြုံတွေကိုဖြင့် ကြေးမုံစာချစ်ပရိသတ်များအတွက် နှင်းအပ်ဝေငှပေးမည်မှာ အသေအချာ။
အောင်စိုးဦး
စာရေးဆရာ
ရုပ်ရှင်ဒါရိုက်တာ
ရှေ့နေ ဤတာဝန်တွေကို သူထမ်းသည်။ တာဝန်တွေ များလွန်း၍ ကျေအောင်ထမ်းနိုင်ပါ့မလားဟု ကျွန်တော်စိုးရွံ့သည်။ သူက ခပ်ပြုံးပြုံးနှင့် ထမ်းဆဲ ---။ လှမ်းဆဲ။
မာတိကာ
ဆောင်းပါး(၂၃)ပုဒ် ပါဝင်သည်။ ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ အရှင်သခင်၊ အာရုံတွေ မများပါနဲ့၊ လက်ရှိအခြေအနေကို လက်ခံပါ၊ လသာတုန်း ဗိုင်းငင်ကြရအောင်၊ ဘယ်ဆီကို မင်းရောက်နေလဲ၊ ဖြတ်သန်းသွားလာခွင့်၊ ကွာလတီလမ်းမကြီးများ၊ အခုအချိန်ကစ၍ လျှောက်လှမ်းပါ။ ခရီးလမ်းမှာ တစ်ထောက်နား၊ လက်ဆင့်ကမ်းပြေးပွဲ၊ ခြေဦးတည့်ရာ၊ ဖြည်းဖြည်း၊ ဖြည်းဖြည်းဦးလေး၊ နင်းတက်ခဲ့သော လှေကားထစ်များ၊ ဆူးလှည်းကြီးနှင့် ခရီးသွားခြင်း၊ ခရီးလမ်းမှမိုင်တိုင်များ၊ ကျွံကျသွားသော လှေကားထစ်များ၊ ပန်းခင်းသောလမ်း၊ ပုရွက်ဆိတ်လေးတွေ လျှောက်သောလမ်း၊ အဖေ့ခြေရာ၊ ကြောင်လိမ်လှေကားနှင့် မြွေအလမ္ပာယ်ကစားသူများ၊ ခရီးဖော်၊ လမ်းဖောက်ကြသူများ၊ နောက်ဆုံးပန်းတိုင်တို့ ဖြစ်သည်။ ဆရာမောင်ရင့်မာ (ကျောင်းကုန်း) နှင့် ဆရာ ကျူးစံတို့က အမှာစာရေးသည်။ အလင်းရှင်စာပေ(၂၀၁၉၊ ဒီဇင်ဘာ) က ထုတ်ဝေသည်။
My Way
လူငယ်ထုအတွက် ရေးသည့်ဆောင်းပါး။ တက်ကျမ်းအလား ခံစားရသည်။ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ရှေ့နေ သုံးဘဝဖြင့် တည်ဆောက်နေသူမို့ ဘဝစုံသည်။ အလှစုံသည်။ ရသစုံသည်။ သူရေးပုံကိုရှုပါ။ အောင်စိုးဦး ရေးခဲ့သော ဆောင်းပါး(၂၃)ပုဒ်ထဲက ကျွန်တော်အကြိုက် နှစ်သက်ဆုံးစာစုတွေကို အောက်ပါအတိုင်း ချပြ၊ ရေးပြ ပါရစေ။
(၁) လမ်းတွေအများကြီး
လူသည် ပတ်ဝန်းကျင်၏အရိပ် လွှမ်းမိုးသောသတ္တဝါဖြစ်ကြောင်း ကိုယ်တွေ့ သိရပုံ၊ ဘဝမှာ လမ်းတွေအများကြီးရှိပုံ၊ My Way တွေ များလွန်းပုံ၊ ဘယ်ကိုရောက်နေလဲ၊ ဘယ်သူတွေနဲ့ ရှိနေလဲ၊ ဘာတွေလုပ်နေလဲ၊ ထိုမေးခွန်း၏ အဖြေသည် ကျွန်တော့်ဘဝဖြစ်ပုံ၊ လေးဖြူ၏ သီချင်း စာသားလေးကို တီးတိုးရေရွတ်မိပုံ၊ မိမိဘဝ၏ My Way ကို မိမိကိုယ်တိုင် မေးခွန်းထုတ်ကြည့်စေချင်ပါသည်။ (စာ-၃၈) ဟု အောင်စိုးဦးရေးသည်။
(၂) အာရုံတွေများလွန်းတယ်
အာရုံတွေများလွန်းသည်။ ဖြစ်ချင်တာတွေများသည်။ လိုချင်ဆန္ဒ “ချင်” များက သံသရာ လည်စေသည်ဟု ဓမ္မ သဘောအရ ကြားသိမှတ်သားရသည်။ “ အသိ ” သာရှိ သည်။ “သတိ” မရှိ။ အာရုံကများလွန်းသည်။ (စာ-၁၀)
(၃) တစ်ခုတည်းသောပန်းတိုင်
အာရုံတစ်ခုတည်း စွဲစွဲမြဲမြဲထား၍ ကျင့်ကြံကာ အောင်မြင်မှုကို ရယူလေ့ရှိသည်။ အောင်မြင်သူ အများစုသည် ရည်ရွယ်ချက် တစ်ခုတည်းထားကြသည်။ ရည်မှန်းချက် တစ်ခုတည်းထားကြသည်။ ဘဝပန်းတိုင်တစ်ခုတည်းသာ ထားလေ့ရှိသည်။ ထိုအခါ အောင်မြင်မှုအသီးအပွင့်က ကြီးသည်။ အောင်မြင်သူတို့ အခြေခိုင်ခြင်းသည် အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ကိုင်ခြင်း၏ အောင်မြင်မှုသော့ချက် ဖြစ်သည်။ ထို့ကြောင့် အောင်မြင်လိုသော လူငယ်များကို ကျွန်တော့်ဘဝထဲက သင်ခန်းစာထုတ်ပြချင်သည် အာရုံတွေ မများပါနဲ့ အာရုံတစ်ခုတည်း စူးစိုက်ကြိုးစားပါ အာရုံထဲ၌ တစ်ခုတည်းသော ပန်းတိုင်သာ ရှိပါစေ ---- တဲ့။ (စာ-၁၂)
(၄) တကယ်ဖြစ်ချင် တကယ်လုပ်
ဆရာကြီး ဦးသုခက “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်” ဟု လမ်းညွှန်သည်။ စိတ်ကူးနေ၍ မရ။ အမှန်တကယ်လုပ်ဖို့လိုသည်။ (စာ-၅၆)
(၅) ရင်ဆိုင်နေခြင်း
ရင်ဆိုင်ရဲခြင်းသည် သတ္တိဖြစ်သည်။ လုပ်ရမည့်အလုပ်ကို ချက်ချင်းလုပ်ခြင်းသည် တက်ကြွခြင်းဖြစ်သည်။ မိမိ အလုပ်ကို တက်တက်ကြွကြွ စိတ်ပါလက်ပါ လုပ်ကိုင်ပါမှအောင်မြင်မည်။ (စာ-၅၇)
(၆) ထလော့မြန်မာ၊ မြန်မာထလော့
နိုင်ငံခြားသားခရီးသည်များက နေ့လယ်၊ နေ့ခင်း သစ်ပင်ရိပ်၌ တစ်ရေးတစ်မောအိပ်နေသည့် မြန်မာ့ ကျေးရွာသားများကို တွေ့လျှင် မြန်မာတွေတော်တော် “အား” ကြတာပဲ။ အလုပ်မရှိကြဘူးထင်တယ်ဟု မှတ်ချက်ပေးသောအခါ ကျွန်တော်ရှက်မိသည်။ “ကျွန်တော် တို့လူမျိုးကို အပျင်းထူတဲ့လူမျိုး၊ ဝီရိယမရှိတဲ့လူမျိုး၊ အလုပ်မကြိုးစားတဲ့လူမျိုး” ဟု အထင်သေးမခံနိုင်ပါ။ ထိုအခါ “ထလော့မြန်မာ၊ မြန်မာထလော့” ဟု အားမာန် နှိုးဆွချင်စိတ်တွေ ပေါ်လာပြန်သည်။(စာ-၆၄)
(၇) ရည်ရွယ်ချက်မဲ့
လျှောက်လှမ်းနေသောခြေလှမ်းများ ရည်ရွယ်ချက်မဲ့ လျှောက်လှမ်းနေသော ခြေလှမ်းများသည် “အချိန်” ဖြုန်းခြင်း သက်သက်သာဖြစ်သည်။ အင်အားကို အကြောင်းမဲ့ ဖြုန်းတီးစေခြင်းသာဖြစ်သည်။ ခြေလှမ်းတိုင်း၌ အားစိုက်ရသည်။ (စာ-၈၃)
(၈) ခြေလှမ်းမမှားရန်
ခြေလှမ်းမမှားရန် အရေးကြီးသည်။ ခြေလှမ်းမှန်ဖို့လိုသည်။ ခြေဦးတည်ရာအရပ် မွန်မြတ်ဖို့လိုသည်။ (စာ-၈၄)
(၉) သတိပေးခြင်း
လမ်းခရီးတွင် အခက်အခဲတွေရှိနိုင်သည်။ အနှောင့်အယှက်တွေ ရှိနိုင်သည်။ အဖုအထစ်တွေ ရှိနိုင်သည်။ အနိမ့်အမြင့်တွေ ရှိနိုင်သည်။ အကောက်အကွေ့တွေရှိ နိုင်သည်။ ချောက်ကမ်းပါးတွေ ရှိနိုင်သည်။ အန္တရာယ်တွေရှိနိုင်သည်။ သတိနှင့်ဖြည်းဖြည်းသွားနိုင်ရန် သတိပေး ခြင်းဖြစ်သည်။( ဖြည်းဖြည်း --- ဖြည်းဖြည်းနော် --- ဦးလေး) (စာ-၈၉)
(၁၀) ကျွန်တော်တို့စိုက်ထူသည့်မိုင်တိုင်
ကျွန်တော်တို့ စိုက်ထူသည့်မိုင်တိုင်သည် မိမိဘဝ အတွက်၊ မိမိမိသားစုအတွက်၊ မိမိပတ်ဝန်းကျင်၊ အမျိုး ဘာသာ သာသနာနှင့် နိုင်ငံတော်အတွက်ဖြစ်ရမည်။ (စာ-၁၁၆)
(၁၁) ဟောင်းနွမ်းဆွေးမြည့် ပိုးထိုးခြစားတဲ့လှေကားထစ်
ဟောင်းနွမ်းဆွေးမြည့် ပိုးထိုးခြစားတဲ့လှေကားထစ်မျိုးဆို နင်းမိရုံနဲ့ ကျွံကျသွားတယ်။ ကျွံကျသွားတဲ့ လှေကားထစ်နဲ့အတူ ကိုယ့်ခန္ဓာကိုယ်ပါ ကျွံကျပြီး ခြေလွတ် လက်လွတ် ပြုတ်ကျတတ်တယ်။ (စာ-၁၂၀)
(၁၂) ဘဝလမ်းသည် ဆူးအတိပြွမ်း၏
ဘဝလမ်းသည် ဆူးအတိပြွမ်း၏။ အကွေ့အကောက်၊ အနိမ့်အမြင့်၊ အဖုအထစ်၊ ခလုတ်ကန်သင်းတို့ဖြင့် ပြည့်နှက်၏။ ဆူးညောင့်ခလုတ ်ရွှံ့ညွန်တို့ဖြင့်လည်း အတိပြီး၏။ မြွေဆိုး မြွေဟောက် သားရဲတိရစ္ဆာန်တို့နှယ်၊ လူတိရစ္ဆာန် တို့၏ အန္တရာယ်ထူပြော၏။ (စာ-၁၂၈)
နောက်ဆုံးမှပြောပါရစေ
“ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ အရှင်သခင်” ဆောင်းပါး မှာ အောင်စိုးဦး၏ ပထမဆုံးဆောင်းပါး ဖြစ်သော်ငြား နောက်ဆုံးမှ ကျွန်တော်ရေးရ၊ ပြောပါရစေ။ ဘာကြောင့်လဲ။ ကျွန်တော်နှင့် ကျွန်တော့် ပန်းချီကားအကြောင်းရေးထားသည့် ဆောင်းပါးဖြစ်နေ၍ပါ။ ကျွန်တော်ဘာမှ မှတ်ချက်မရေးပါရစေနှင့်။ ရှာဖွေ၍သာဖတ်ကြည့်ပါ ခင်ဗျား။
နိဂုံး
(၁) “ဘယ်ဆီကို မင်းရောက်နေလဲ”ဟုအောင်စိုးဦးကမေးသည်။
(၂) ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘာကိစ္စနှင့်ရောက်နေတာဟု တိတိကျကျ သေသေချာချာ ရေရေရာရာ
ဖြေကြပါစို့ ---။
(၃) မဖြေနိုင်သေးလျှင်မူ ---။
မြန်မာ့အလင်း