ရှေ့နေနှင့် ဇာတ်ကြီးဆယ်ဘွဲ့

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

 

“ဆရာ”

 

“ဗျာ”

 

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

 

“ရှေ့နေနှင့် ဇာတ်ကြီးဆယ်ဘွဲ့ ပါတဲ့”

 

“ဇာတ်ကြီးဆယ်ဘွဲ့ဆိုတော့ ပျင်းစရာ အတော်ကောင်း မှာပဲနော် ဆရာ”

           

“ဪ..... ဖတ်ကြည့်ပါဦးဗျ”

 

ငယ်စဉ်

ငယ်စဉ် ကျောင်းသားဘဝမှစ၍ ဇာတ်ကြီးဆယ်ဘွဲ့အကြောင်း ကြားရသည်။ မှတ်သားရသည်။ လူကြီးများက ဟောပြ၊ ပြောပြ၊ ဆုံးမကြသည်။ ကျိုးကြောင်းပြသည်။ ဇာတ်ကပြသည်။ ထိုအခါ ပို၍ပို၍ မှတ်မိသည်။ ရှေ့နေဖြစ်သည့်အချိန်တွင် တရားရုံး၌ သက်သေထင်ရှားပြရသောအခါ ဇာတ်ကြီးများ၏ သင်ခန်းစာကို ဆက်နွှယ်ရရှိခဲ့သည်။ ယခုအချိန်ခါတွင် မှတ်မှတ်သားသား စာစကားအဖြစ် ရေးမှတ်ရသောအခါ စာရေးဆရာကြီး မင်းယုဝေ ရေးသား ပြုစုသော “ဇာတ်တော်ကြီးဆယ်ဘွဲ့ ” (အနှစ်ချုပ်) စာအုပ်ကို ရွေးထုတ်တွေ့ရှိရပေသည်။ အနှစ်သာရများကို ကောက်နုတ်တင်ပြပါရစေ။

 

mdn

 

ဇာတ်တော်ကြီးဆယ်ဘွဲ့

 

စာအုပ်အမည်အပြည့်အစုံမှာ ဇာတ်တော်ကြီးဆယ်ဘွဲ့ အနှစ်ချုပ်၊ ပြုစုသူ စာရေးဆရာကြီး မင်းယုဝေ ၊ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသည်။ (IN BRIEF) TEN GREAT BIRTH STORIES Translated by Daw Khin Thein (M.A Yangon University) (M.A Yale University, U.S.A) ဖြစ်ပေသည်။

 

စိတ်ကူးချိုချို စာအုပ်တိုက်မှ ၂၀၀၉ခုနှစ်ဖေဖော်ဝါရီလတွင် ပုံနှိပ်ဖြန့်ချိသည်။

 

ဇာတ်ဆိုတာဘာလဲ

 

စာရေးဆရာကြီးမင်းယုဝေက “ဇာတ်” ၏ အဓိပ္ပာယ်ကို အမှာစာဖြင့် အောက်ပါအတိုင်း ရေးသည် -

 

“ဇာတက” ဟူသော ပါဠိစကားကို မြန်မာတို့က ‘ဇာတ်’ ဟု ခေါ်ဆိုကြသည်။ ဇာတ်သည် အဖြစ်၊ ဘဝ ဟူ၍ အနက်ရသည်။ များသောအားဖြင့် ဂေါတမ ဗုဒ္ဓဘုရားလောင်း၏ အတိတ်ဝတ္ထု၊ အဖြစ်အပျက်၊ အကြောင်းအရာများကို ‘ဇာတ်’ ဟု ခေါ်လေ့ရှိကြသည်။

 

ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် မိမိ၏ အတိတ်ဘဝများ၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့သည်။ ယင်းတို့သည် နိကာယ် ငါးရပ်အနက် ခုဒ္ဒကနိကာယ်တွင် ပါဝင်သည်။ စုစုပေါင်း ၅၄၇ ဇာတ်ရှိသည်။ အခေါ်ရလွယ်အောင် ၅၅၀ ဇာတ်တော် ဟု ခေါ်ကြသည်။ ယင်းတို့ကို ဘုရားရှင် ဟောကြားရာ၌ တစ်ဂါထာဖြင့် ဟောကြားသောဇာတ်၊ နှစ်ဂါထာဖြင့် ဟောကြားသောဇာတ် စသဖြင့်ရှိသည်။ ဂါထာတစ်ရာကျော် မှ တစ်ထောင်ကျော်အထိ ဟောကြားသော ဇာတ်ဆယ်ဇာတ် ရှိသည်။ ယင်းဆယ်ဇာတ်ကို မဟာနိပါတ်ဟုလည်း ခေါ်ကြသည်။ ဇာတ်ကြီးဆယ်ဘွဲ့ ဟူ၍လည်း ခေါ်ကြသည်။

 

ဇာတ်ကြီးဆယ်ဘွဲ့မှာဘုရားဖြစ်ခါနီး နောက်ဆုံးဆယ် ဘဝ သို့မဟုတ် နောက်ဆုံးဆယ်ဇာတ် ဖြစ်သည်။ ယင်းဆယ်ဘဝသည် ဘုရားအဖြစ်နှင့်လည်း အလွန်နီးကပ်သည်။ အခြားဘဝတို့ထက်လည်း ပိုမို၍ မြင့်မြတ်သည်။ ပါရမီလည်း ရင့်ကျက်သည်။ ထို့ကြောင့် “နုမှာငါးရာ၊ ရင့်မှာတစ်ကျိပ်” ဟုခေါ်ဆိုကာ အခြားဇာတ်များကို ပါရမီနုစဉ်ဖြစ်ခဲ့သော ဇာတ်များဟု သတ်မှတ်ခဲ့သည်။ ဇာတ်ကြီး ဆယ်ဘွဲ့ကိုကား ပါရမီရင့်စဉ် ဖြစ်ခဲ့သော ဇာတ်များ၊ အဖြစ်တော်များဟု သတ်မှတ်ခဲ့ကြသည်။

 

ဇာတ်ကြီးဆယ်ဘွဲ့မှာ တေမိ၊ ဇနက၊ သုဝဏ္ဏသာမ၊ နေမိ၊ မဟောသဓာ၊ ဘူရိဒတ်၊ စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရနှင့် ဝေဿန္တရာ ဇာတ်တော်ကြီးများ ဖြစ်ကြသည်။ ယင်းတို့ကို အလွယ်အကူ မှတ်သားနားလည်စေရန် တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေဟူ၍ အက္ခရာသင်္ကေတအဖြစ် မှတ်သားကြသည်။

 

(၁) တေမိဇာတ်

 

ဘုရင်မလုပ်လိုပါက ဆွံ့အ နားပင်းဟန်ဆောင်၍နေရန် အကြံပေးခဲ့သဖြင့် တေမိမင်းသားလေး ကျင့်ကြံနေထိုင်ခဲ့ပုံမှာ တစ်နှစ်သားအရွယ်မှစ၍ ၁၆ နှစ်သားအရွယ်ထိ အမျိုးမျိုးအဖုံဖုံ စမ်းသပ်ခဲ့လေသည်။ ဤဇာတ်တော်က နေက္ခမ္မပါရမီနှင့် အဓိဋ္ဌာန်ပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ (စာ-၉)

 

(၂) ဇနကဇာတ်

 

နတ်သမီး၊ လောက၌ လူတို့သည် ပျင်းရိ၍ မနေအပ်။ ကောင်းစွာသော လုံ့လဖြင့် အခါခပ်သိမ်းပင် ကိုယ်ဖြင့် တန်သည်၊ နှုတ်ဖြင့်တန်သည်၊ စိတ်ဖြင့် ကြံမည်ဟု ထောက်ချင့်၍ လုံ့လပြုအပ်လှသည်။ သင်ချစ်ခင်၍ ငါ့ကိုဆောင်ပါလျှင် ငါ့လိုအင်ဆန္ဒပြည့်ဝတော့အံ့။ သင်မဆယ်တင်၍ ဤတွင်ပင် ငါဆုံးပါးရသော်လည်း လုံ့လပြုရကျိုး ငါရရှိလေပြီ။ ငါသည် အစွမ်းရှိတိုင်း၊ အားရှိတိုင်း မဆုတ်မဆိုင်းသော လုံ့လဖြင့် မဟာသမုဒ္ဒရာကမ်းသို့ ဆက်လက်ကူးခတ်အံ့”။ ဤဇာတ်တော်က ဝီရိယပါရမီ နှင့် နေက္ခမ္မပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင် သည်။ (စာ-၂၁)

 

(၃) သုဝဏ္ဏသာမဇာတ်

 

ဒုကူလနှင့် ပါရိကာတို့၏ သားမှာ သုဝဏ္ဏသာမဖြစ်ပါ၏။ အဆိပ်လူးသော မြားဖြင့် ပီလိယက္ခမင်းကြီးက သုဝဏ္ဏသာမအား ပစ်ခဲ့မိရာ မြားဆိပ်တက်နေချိန်ဖြစ်ပါ၏။ အဆိပ်ပြေစေရန် မိဘများက သစ္စာပြုခဲ့လေသည်။ ကုသိုလ်တရား ကျင့်လေ့ရှိသူ၊ မြတ်သောအကျင့် ကျင့်လေ့ရှိသူ၊ မှန်သောစကားကို ဆိုလေ့ရှိသူ၊ မိဘကို လုပ်ကျွေး ပြုစုလေ့ရှိသူ၊ လူကြီးမိဘတို့ကို ရိုသေသူ ဖြစ်ခြင်းကြောင့် သစ္စာစကားတည်ပြီး အဆိပ်ပြေပါစေသား။ ဤဇာတ်တော်က မေတ္တာပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။(စာ-၃၆)

 

(၄) နေမိဇာတ်

 

နေမိဇာတ်၏ အနှစ်သာရမှာ နေမိကိုယ်တိုင်ပြုသော ကုသိုလ်ကောင်းမှုသည်သာ မိမိကိုယ်ပိုင် ပစ္စည်းဥစ္စာဖြစ်သည်။ ကိုယ်၊ နှုတ်၊ နှလုံး စောင့်စည်းခြင်းဖြင့် ကောင်းကျိုးချမ်းသာရနိုင်သည်။ ကုသိုလ်ကောင်းမှုပြုခြင်းဖြင့် စိတ်ရောကိုယ်ပါ ချမ်းသာနိုင်သည်။ အလှူပေးခြင်းဖြင့် ကုသိုလ်ကောင်းမှုကို ပြုပါဟူ၍ ဖြစ်သည်။ ဤဇာတ်တော်က ဒါနပါရမီနှင့် နေက္ခမ္မပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင် နိုင်သည်။ (စာ-၄၅)

 

(၅) မဟောသဓာဇာတ်

 

“ မဟောသဓာ” ဟူသော စကားသည် မဟာနှင့် ဩသဓ နှစ်ပုဒ်တွဲထားသော ပါဠိစကားဖြစ်သည်။ မဟာ= အာနုဘော်ကြီးသော၊ ဩသဓ= ဆေးဟူ၍ အဓိပ္ပာယ်ရသည်။ မဟောသဓာသည် ပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်သော ပညာရှိဖြစ်သည်။ နွားခိုးမှု၊ လည်ရွဲအမှု၊ ချည်လုံးခိုးအမှု၊ သားခိုးအမှု၊ ရထားခိုးအမှု စသည်တို့ကို ကောင်းစွာ စီရင်ဆုံးဖြတ်နိုင်သည်။ ။

 

ဦးခေါင်းခွံပြဿနာ၊ မြွေပြဿနာ၊ ကြက်ပြဿနာ၊ ပတ္တမြားပြဿနာ၊ နွားလားဥဿဘပြဿနာ စသည့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းတင်ပြနိုင်သည်။ ထို့ထက်မက များလှစွာသော အံ့ချီးဖွယ် မဟောသဓာ၏ စွမ်းရည်များကို ဖတ်ရှုနိုင်ပေသည်။ ဤဇာတ်တော်က ပညာပါရမီ၊ ဝီရိယပါရမီနှင့် ခန္တီပါရမီတို့ကို ဖြည့်ဆည်းခဲ့ပုံကိုသိမြင်နိုင်သည်။ (စာ-၁၃၅)

 

(၆) ဘူရိဒတ်ဇာတ်

 

ဘူရိဒတ်နဂါးမင်းသည် ဂေါတမမြတ်စွာဘုရား၊ ဓတရဌ နဂါးမင်းသည် သုဒ္ဓေါဒနမင်းကြီး၊ သမုဒ္ဒဇာမိမိဖုရားသည်  မယ်တော်မာယာ၊ သောမဒတ္တသည်အရှင်အာနန္ဒာ၊ အဇမုဒိ နဂါးမသည် ဥပ္ပလဝဏ်၊ သုဒဿနသည် အရှင်သာရိပုတ္တရာ၊ သုဘောဂသည် အရှင်မောဂ္ဂလာန်၊ ကာဏရိဌ် သည် သုနက္ခတ်၊ နေသာဒ မုဆိုးသည် ဒေဝဒတ် အသီးသီး ဖြစ်လာကြသည်။

ဤဘူရိဒတ်ဇာတ်တော်တွင် ဂေါတမဘုရားရှင်၏ သီလပါရမီ၊ ခန္တီပါရမီ၊ အဓိဋ္ဌာန်ပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်။ (စာ-၁၆၀)

 

(၇) စန္ဒကုမာရဇာတ်

 

စန္ဒကုမာရမင်းသည် တရားနှင့်အညီ မင်းပြုသည်။ စုတေသောအခါ နတ်ပြည်သို့ လားသည်။ စန္ဒကုမာရမင်းသည် ဂေါတမဘုရားရှင် ဖြစ်တော်မူပြီး ခန္တီပါရမီဖြည့် ဆည်းခဲ့ပုံကို ဤဇာတ်တော်တွင် သိမြင်နိုင်ပါ သည်။ (စာ-၁၆၇)

 

(၈) နာရဒဇာတ်

 

နာရဒဇာတ်၏ အနှစ်သာရမှာ တရားမဟုတ်သည်ကို ရှောင်ကြဉ်ပါ။ တရားဟုတ်သည်ကိုကျင့်ပါ။ ထမင်း၊ အဖျော်၊ နံ့သာ၊ ပန်းမန်၊ အဝတ်ပုဆိုး၊ ထီး၊ ဖိနပ် စသည် တို့ကို အပြည့်အစုံစီရင်ပါဟု အင်္ဂတိမင်းကြီးအား နာရဒ ဗြဟ္မာကြီးက မှာကြားပုံကို အဓိကဖော်ပြသည်။ ဤဇာတ်တွင် ဂေါတမဘုရားရှင်သည် ပညာပါရမီ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်။ (စာ-၁၇၄)

 

(၉) ဝိဓူရဇာတ်

 

ဤဇာတ်တော်၏ အနှစ်သာရမှာ “မင်းမှုထမ်းသည် စကားကို ပြောသင့်သည်ထက် ပို၍များများမပြောရ။ မပြောဘဲ နှုတ်ဆိတ်၍လည်း မနေရ။ ပြောခွင့်ဆိုက်သော အခါလိုရင်းကို ပြတ်သားစွာ ပြောဆိုရာ၏။ အမျက်မထွက်ရာ။ ကုန်းမတိုက်ရာ။ အကျိုးမရှိသောစကားကို မဆိုရာ။ မှန်သောစကားကိုသာ ဆိုရာ၏” ဟူသော ကျင့်အပ်သော တရားကို အစချီသော အရာရာသော ပညာများကို သုခမိန် ပီသစွာ ဟောကြားခဲ့လေသည်။ ဤဇာတ်တော်က ပညာပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။ (စာ-၁၈၅)

 

(၁၀) ဝေဿန္တရာဇာတ်

 

ပုဏ္ဏားတို့သည် ဝေဿန္တရာမင်းထံ ရောက်သော် ဆင်ဖြူတော်ကို အလှူခံသည်။ ဝေဿန္တရာမင်းလည်း ဆင်ဖြူတော်နှင့်တကွ ဆင်ဖြူတော်၌ ဆင်ယင်ထားသော အဖိုးတန် အဆင်တန်ဆာတို့ကိုပါ ပေးလှူလိုက်သည်။ ထို့ပြင် ဆင်ထိန်းနှင့်တကွ ဆင်ဖြူတော်အား ပြုစုစောင့်ရှောက်ရသူများကိုပါ ပေးလှူလိုက်လေသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းစွာတုန်ဟည်းလျက် ဒုတိယ အကြိမ် ငလျင်ကြီး လှုပ်လေသည်ဟု ဖော်ပြထားသော ဝေဿန္တရာ၏ ဒါနပါရမီ၊ ဥပေက္ခာပါရမီ၊ ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံများကို သိမြင်နိုင်ပါသည်။ (စာ-၁၉၉)

 

ဇာတ်ကြီးဆယ်ဘွဲ့

 

ဗုဒ္ဓဘုရားရှင်သည် ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့သည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နှစ်ပေါင်း ၉၃၀ ခန့်အကြာတွင် ရာဇဂြိုဟ်ပြည်သား အရှင်မဟာဃောသ မထေရ်မြတ်သည် သီရိလင်္ကာကျွန်း အနုရာဓမြို့ တောင်ဘက်ရှိ မဟာဝိဟာရကျောင်းကြီး၌ သီတင်းသုံးတော်မူစဉ်  ပါဠိဘာသာဖြင့်ပင် အကျယ်ဖွင့်ဆို၍ ရေးသားတော်မူခဲ့သည်။ ထို့နောက် သာသနာနှစ် ၉၃၀ ကျော်တွင် သီရိလင်္ကာကျွန်းမှ မြန်မာနိုင်ငံ သထုံပြည်သို့ ရောက်ရှိ လာခဲ့သည်။

 

ပြုစုခဲ့သူများ

 

ဤဇာတ်ကြီးဆယ်ဘွဲ့ကို ဆရာတော် ဦးဩဘာသ၊ အရှင်ပညာတိက္ခ၊ အရှင် နန္ဒမေဓာနှင့် ဆရာကြီး ဒဂုန် ဦးထွန်းမြင့်အပါအဝင် ပညာရှင်ကြီးများ ပြုစုခဲ့သည်။ ဆရာကြီး မင်းယုဝေနှင့် ဆရာမကြီး ဒေါ်ခင်သိန်းတို့က မြန်မာ-အင်္ဂလိပ် ဘာသာဖြင့် ဆက်လက်ရေးသားပြုစုခဲ့ ခြင်းဖြစ်ပါသည်။

 

နိဂုံး

 

အစဉ်အဆက် အမွေဆက်ခံအပ်သော ဇာတ်ကြီး ဆယ်ဘွဲ့၏ ကောင်းမွေများကို ဆက်လက်ခံယူ ထိန်းသိမ်း ကျင့်ကြံသင့်ပါကြောင်း။ ။