ရေငှက်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေး အသိပညာပေးခြင်းထက် ထိရောက်သော အရေးယူမှုများဖြင့် အကာအကွယ်ပေးရန်လို

မန္တလေး  ၁၄  ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုလိပ်အင်းနှင့် ပြူကန်ဒေသများသို့ နှစ်စဉ်ဝင်ရောက်လာနေသည့် ရှားပါးငှက်မျိုးစိတ်များ အပါအဝင် ရေငှက်မျိုးစိတ်များ တစ်နှစ်ထက်တစ်နှစ် ဝင်ရောက်မှု လျော့နည်းလျက်ရှိရာ မျိုးသုဉ်းပျောက်ကွယ်ခြင်း မရှိစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းထက် ထိရောက်သော အရေးယူမှုများဖြင့် ကာကွယ်ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်းမှ ဦးသန့်ဇော်က ပြောသည်။

 

6336

 

လက်ရှိတွင် ပုလိပ်အင်းနှင့် ပြူကန်ဒေသများ၌ မန္တလေးတက္ကသိုလ် သတ္တဗေဒဌာနမှ  ငှက်ပညာရှင် ဆရာ၊ ဆရာမများ၊ ငှက်ကြည့်ဝါသနာရှင်များ၊ ခရီးသွားဧည့်လမ်းညွှန်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ခရီးသွားလုပ်ငန်း Agency များမှ ယခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က ကောက်ယူသော စာရင်းများအရ ပုလိပ်အင်းတွင် ရှားပါးမျိုးစိတ် ပို့ချပ်ခေါင်းစိမ်းအပါအဝင် ရေငှက်မျိုးစိတ် ၃၂ မျိုးနှင့် မျိုးစိတ်၊ မျိုးကွဲကောင်ရေ စုစုပေါင်း ၁၅၀၀ ကျော်ကိုလည်းကောင်း၊ ပြူကန်တွင် ရေငှက်မျိုးစိတ် ၂၉ မျိုးနှင့် မျိုးစိတ်၊ မျိုးကွဲကောင်ရေ စုစုပေါင်း ၁၁၀၀ ကျော်ကိုလည်းကောင်း ကောက်ယူရရှိခဲ့ပြီး ယမန်နှစ်က ပုလိပ် အင်းဒေသတွင် ရေငှက်မျိုးစိတ် ၄၂ မျိုးအပါအဝင် ငှက်မျိုးစိတ်စုစုပေါင်း ရ၉ မျိုးနှင့် ပျူကန်တွင် ရေငှက်မျိုးစိတ် ၂၉ မျိုးအပါအဝင် ငှက်မျိုးစိတ် စုစုပေါင်း ၆၀ ကျော်တို့ကို စာရင်းကောက်ယူရရှိခဲ့ကြောင်း သိရသည်။

 

9125

 

“မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပုလိပ်အင်း၊ ပြူကန်၊ စွန်ရဲအင်းမှာ ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ကော်မတီတွေဖွဲ့ပြီး စီမံချက်တွေ ရေးဆွဲဆောင်ရွက်နေတယ်။ သစ်တောဦးစီးဌာနအပါအဝင် အခြားသက်ဆိုင်ရာ ဌာနတွေကလည်း ပညာပေးတာတွေ လုပ်နေတယ်။ ထိန်းသိမ်းရေးကတော့ လက်ရှိမှာ ပညာပေးတယ်၊ အချိန်တစ်ခုမှာ လာကြည့်တယ်။ ဒီလောက်ပဲ လုပ်နိုင်သေးတယ်။ တစ်ချို့နေရာတွေမှာ စီးပွားဖြစ် ဖမ်းနေတာတွေ အများကြီးရှိတယ်။ ရေဗြက်ကြီးအင်းမှာဆို မနှစ်က ငှက်ဖမ်းပိုက်တွေ ရာချီပြီးတွေ့တယ်။ ဥပဒေကရှိပေမယ့် အများစုက ကောင်းကောင်းနားမလည်ဘူး။ အဓိကကတော့ အသိပညာပေးမယ်။ တစ်ဖက်က သူတို့အတွက် ကူညီဖို့နဲ့ ဥပဒေအကြောင်းအရ အရေးယူမှုတွေလုပ်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ရာသီဥတုဖောက်ပြန်၍ မိုးခေါင်သည့်အတွက် ပုလိပ်အင်း ရေတိမ်ဒေသနှင့် ပြူကန်တို့တွင် ရေဝင်နည်းပါးသွားပြီး ရေပြင်ဧရိယာ ကျဉ်းမြောင်းသွားခြင်းကြောင့် ရေငှက်များ စားသုံးသည့် အပင်ပေါက်ရောက်မှု နည်းပါးသွားသည့်အတွက် အစာရရှိမှုအပေါ် မူတည်၍ ရေငှက်များနှင့် အခြားသတ္တဝါများ ၀င်ရောက်မှုပုံစံလည်း ပြောင်းလဲလာကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ငှက်တွေအပါအဝင် သာယာလှပမှုတွေက ပေါပေါများများရှိနေတဲ့အပြင် သတ္တဝါတိုင်းက ဂေဟစနစ်အတိုင်း အကျိုးပြုနေကြတယ်။ လူတွေကို တိုက်ရိုက်အကျိုးမပြုတောင် တစ်ဆင့်အကျိုးပြုနေတယ်။ ရေငှက်တွေဆိုရင် တောင်သူတွေကို အကျိုးပြုတယ်။ အများစုက ဒါတွေကို တန်ဖိုးမထားကြဘူး။ ဒါပေမယ့် လက်ရှိ ရှားပါးလာတဲ့အချိန်ကြမှ လိုက်ပြီး ထိန်းသိမ်းနေသလို ဖြစ်နေတယ်။ တကယ်ဆို မရှားခင်ကတည်းက ထိန်းသိမ်းသင့်တာပါ။ သက်ဆိုင်ရာတွေကလည်း ပါ၀င်အားထည့်ပေးစေလိုတယ်။ ငှက်တွေကိုထိန်းသိမ်းတာ ဘာမှမထူးခြား သလိုထင်ရပေမယ့် အခုကတည်းက သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ပါ၀င်ပေးစေလိုတယ်။ ဥပဒေအရ အရေးယူမှုတွေကို ပိုမိုလုပ်စေချင်တယ်။ ဒါမှလူတွေကသိပြီးတော့ လိုက်နာမှာပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ဆောင်းခိုငှက်များ ဝင်ရောက်မှုမှာ ပုလိပ်အင်း၊ တောင်သမာန်အင်း၊ ပြူကန်နှင့် စွန်ရဲအင်း စသည့်အင်းများတွင် အဓိကဝင်ရောက်လေ့ရှိပြီး နှစ်စဉ် ဆောင်းခိုငှက်များ ၀င်ရောက်မှုစာရင်းကို ဇန်နဝါရီလအတွင်း၌ မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း၊ မြန်မာ့ငှက်ချစ်သူများနှင့် INGO, NGO အဖွဲ့များပူးပေါင်းကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူလေ့ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)