မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
“ခင်ကြီးကို နှစ်သိမ့်နိုင်အောင် ကြိုးစားနေတာ လား အစ်ကိုထွန်း” ဟု ဆိုကာ ဒေါ်ဝင်းရီဘက်သို့ ကြည့်၍ -
“အစ်ကိုထွန်းပြောတာတွေ အမှန်ပဲလား မမ ဝင်းရီ”
မယုံရဲ မယုံဝံ့သေးသလို မေးသည်။
ဒေါ်ဝင်းရီက ပြုံးရွှင်စွာဖြင့် ခေါင်းကို အလေး အနက် ညိတ်ပြသည်။
“ဒါဖြင့် အခု ခင်ကြီးတို့ သမီးကို သွားကြိုကြမှာ ပေါ့နော်၊ ဒါကြောင့် မင်္ဂလာဒုံကို သွားမှာမဟုတ်လား”
“ဟုတ်တယ်။ အစက နွယ်နွယ်ထွန်းကို တို့လူ သိုက်ချည်းပဲ သွားကြိုရလိမ့်မယ် ထင်တာ။ အခု တော့ အဆင်ပြေလိုက်တာကွယ်။ ညီမကိုမြင်ရရင် နွယ်နွယ်ထွန်း ဘယ်လောက်ဝမ်းသာမလဲ မသိဘူး”
“အို ခင်ကြီးလည်း ဝမ်းသာနေရတာပါပဲ။ ခင်ကြီး ရူးရလိမ့်မယ်ထင်တယ်။ ဝမ်းသာတာနဲ့ ရူးရလိမ့်မယ် ထင်တယ်။ ဒီတစ်ခါတော့ မလွဲနိုင်တော့ပါဘူးနော်။ အမှားအယွင်းတွေ မဖြစ်နိုင်တော့ပါဘူးနော်။ အဲဒီ လို ဖြစ်မလာပါစေနဲ့လို့လည်း ခင်ကြီး ဆုတောင်း ပါတယ်ရှင်”
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ကလေးတစ် ယောက်နှယ် အော်ဟစ်ပြောဆိုနေသည်။ ဒေါ်ဝင်းရီ ကို ဖက်သည်။ ဒေါ်ဝင်းရီ၏ရင်တွင် မျက်နှာအပ် လိုက်သည်။ ဝမ်းသာမှုဖြင့် သူ့မျက်ဝန်းမှ မျက်ရည် များ စီးကျလာသည်ကို အားလုံးက တွေ့ကြရသည်။ ဒေါ်ဝင်းရီသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ကျောကို ပွတ်သပ်ကာ နှစ်သိမ့်ချော့မော့နေရပေသည်။
“ဒီလိုဆိုရင် ခင်ကြီး လူ့လောကမှာ ဆက်ပြီး အသက်ရှင်နေတာ အဓိပ္ပာယ်ရှိနေသေးတာပေါ့ နော်။ ခင်ကြီးနဲ့သမီးကို ပြန်ပြီး ဆုံတွေ့ခွင့်ရအောင် ဖန်တီးပေးတဲ့အတွက် ခင်ကြီး အားလုံးကို ကျေးဇူး တင်ပါတယ်။ အစ်ကိုထွန်းကိုရော၊ မမဝင်းရီကိုရော၊ ကိုကို့ကိုရော အားလုံးကိုပဲ ကျေးဇူးတင်ပါတယ်။ တစ်လောကလုံးကို ကျေးဇူးတင်ပါတယ်”
ဒေါ်ရေနံ့သာခင်ခင်ကြီး ရှိုက်ရင်းဆိုသည်။
“ဒါပေမဲ့ နွယ်နွယ်ထွန်းနဲ့ပတ်သက်တဲ့ကိစ္စကိုတော့ မျိုးထွန်းသိန်းကို အဓိက ကျေးဇူးတင်ရပေ လိမ့်မယ် ညီမ။ သူ့ကြောင့်သာ နွယ်နွယ်ထွန်းနဲ့ တို့များ အဆက်အသွယ်ရတာ။ မျိုးထွန်းသိန်းဟာ နန်းကိန္နရီကို ညီမရဲ့သမီး မဟုတ်မှန်းသိရပြီး တဲ့နောက် သူနဲ့ တစ်ချိန်ကဆုံခဲ့ဖူးတဲ့ အဲလစ်ကို အမှတ်ရတယ်။ အဲလစ်ဆိုတာ နွယ်နွယ်ထွန်းရဲ့ ကျောင်းကပေးတဲ့နာမည်။ အဲလစ်ကျော်ထွန်းပေါ့။ အဲလစ်ဟာ နန်းကိန္နရီနဲ့ ရုပ်ချင်းဆင်တယ်။ သူက ရုပ်ချင်းဆင်တဲ့ လူနှစ်ယောက်ကို တွေ့ခဲ့တဲ့လူ ဆိုတော့ နန်းကိန္နရီဟာ ညီမရဲ့သမီးမဟုတ်ဘူးဆိုရင် နန်းကိန္နရီနဲ့တူတဲ့လူဟာ ကျိန်းသေ ညီမရဲ့သမီး ဖြစ်ရမယ်လို့ တွက်ခဲ့တယ်။ ဒါနဲ့ အဲလစ်နဲ့ပတ်သက် တဲ့ အဆက်အသွယ်တွေ လိုက်ရှာတယ်။ အဲလစ်နဲ့ တွေ့နိုင်အောင် ကြိုးစားတယ်။ ဒီမှာတင် တိုင်းမင်း ကြီးအဖြစ်နဲ့ အငြိမ်းစားယူသွားတဲ့ အဲလစ်ရဲ့ ဖခင် အဖြစ် သူသိထားရတဲ့ ဦးကျော်ထွန်းကို ရှာတွေ့ခဲ့ တယ်”
“ဦးကျော်ထွန်းကို အဖြစ်အပျက်အားလုံးကို ပြောပြပြီး အဲလစ်ကို မွေးစားခဲ့တာ ဟုတ်၊ မဟုတ် မေးတယ်။ အစပိုင်းတော့ သူက ငြင်းခဲ့ပါသေးတယ်။ ဒီအကြောင်းကို ဖုံးကွယ်ခဲ့ပါသေးတယ်။ နောက် တော့ ညီမရဲ့အဖြစ်ကို သတင်းစာတွေကတစ်ဆင့် သိရပြီး စာနာစိတ်ဝင်လာတယ်လို့ ဆိုတယ်။ အစ်ကို ထွန်းနဲ့ လာတွေ့ပြီး အဖြစ်အပျက်တွေကို စုံစမ်း တယ်။ နောက်တော့ အဲလစ်ဟာ သူ့ရဲ့ မွေးစား သမီးပါလို့ ဝန်ခံခဲ့တယ်။ ဒီလိုနဲ့ တို့များ အဲလစ်ခေါ် နွယ်နွယ်ထွန်းကို ခြေရာကောက်နိုင်ခဲ့ကြတယ်။ နွယ်နွယ်ထွန်းဟာ အဲဒီအချိန်မှာ နိုင်ငံခြားကို ရောက်နေပြီ။ စာနဲ့ အဆက်အသွယ်လုပ်ကြရတယ်။ ဒီကအဖြစ်တွေ ရေးပြရတယ်။ နွယ်နွယ်ထွန်း ကိုယ်တိုင်ကလည်း သူ့အဖြစ်အပျက်အတွက် အံ့အားသင့်နေရှာတာပဲပေါ့။ အံ့သြနေရတာပဲပေါ့။ သူကိုယ်တိုင် မြန်မာပြည်ကို ချက်ချင်းပြန်လာချင် တယ်။ သူ မမြင်မတွေ့ဖူးသေးတဲ့ မိခင်ကို မြင်ချင် တွေ့ချင်ပါတယ်လို့ ဆိုခဲ့တယ်။ အခုတော့ မိနစ်ပိုင်း အတွင်းမှာ သူ့ရဲ့ဆန္ဒပြည့်ဝရတော့မှာပါ။ တစ်ဆက် တည်းမှာလည်း ညီမတောင့်တခဲ့တဲ့၊ တသခဲ့တဲ့၊ ဘဝတစ်လျှောက်လုံးမျှော်လင့်ခဲ့တဲ့ ညီမရဲ့သမီးကို မိနစ်ပိုင်းအတွင်း ဆုံရတော့မှာပါ”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ရင်မှာ ခုန်လာသည်။ အသည်းနှလုံးသည် တဆတ်ဆတ်တုန်နေသည်ဟု ထင်သည်။ ဗိုလ်မှူးညိုထွန်းပြောသလို သမီးနှင့် မိနစ်ပိုင်းအတွင်း ဆုံတွေ့ရတော့မည်ကို သိပါလျက် ယင်းအချိန်ကလေးကိုပင် ကြာလွန်းသည်ထင်ကာ စိတ်မရှည်နိုင်အောင် ရှိရသည်။ စိတ်အစဉ်သည် ရှေ့မှအလျင်သွားနှင့်သည်သို့ ဖြစ်သည်။ အလျင် ကြိုဆိုနှင့်သည်သို့ ရှိသည်။
မျက်ဝန်းမှာ သမီးဖြစ်သူ၏ ရုပ်သွင်ဆင်းဝါ လက္ခဏာအသွယ်သွယ်ကို မြင်ယောင်လာသည်။ ထိုရုပ်သွင်ဆင်းဝါသည် မျက်ဝန်းမှသည် နှလုံး သားထဲ၌ အရိပ်ထင်လာလိမ့်မည်ဟု ယုံကြည်သည်။
နားမှာ “မေမေ” ဟူသော ချိုဆိမ့်ပျံ့မွှေး အေးမြ ကြည်သာလှသည့် သမီးဖြစ်သူ၏ ခေါ်ဆိုလာမည့် အသံကို ကြားယောင်နေရသည်။
ယင်းအသံသည် သည်းဖျားစိမ့်မျှ ငြိမ့်ညောင်းလှ ပေလိမ့်မည်ဟုလည်း မှတ်ယူသည်။ နားမှသည် နှလုံးသည်းပွတ်ဆီသို့ စိမ့်စီးဝင်ရောက်သွားကာ ရင်ကို တသိမ့်သိမ့် တငြိမ့်ငြိမ့် ခံစားစေနိုင်စွမ်းရှိပေလိမ့်မည်ဟုလည်း ထင်နေမိပါချေသတည်း။
x x x x x
အပိုင်း [၁၀]
စိန်ခြယ်ခြူးသန်း၊ ရွှေနန်းဘုံလယ်၊ ပျော်စမ္ပာယ်၊ နေမျိုးနတ်ကယ်၊ သေးသေးသွယ်သွယ်၊ ယဉ်မှူး ရွေမျာ့မယ်၊ အိုလှနတ်ကယ်၊ ကေသွယ်ကြော့ရှင်း၊ သွန်းရွှေရုပ်ကယ်။
ကြေးသွင်းနိတုံ၊ ဆင်းရွှေမှုန်၊ ယမုန်သီတာ ဧရာလမ်း၊ ခွေကာပမ်းရ လွမ်းမပြေ၊ မယ့်ကို သေစေ ညွှန်းရော့သလား၊ မယ်ကို သေစေညွှန်းရော့သလား။
ရေးရွှေရုပ်နတ်တူနှယ်၊ စက်ရာဝယ်မြင်လာစမ်း၊ ပူဝန်းဖြေမပြေ၊ ငယ်ကြင်ဆွေကြောင့်၊ တွေဝေမှား။
x x x x x
[ ၁ ]
အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေယာဉ်ကွင်း သည် နေ့ညမဟူ စည်ကားသိုက်မြိုက်နေတတ်သည်။ ပြည်တွင်းပြည်ပ လေယာဉ်အဝင်အထွက်တို့ဖြင့် တစ်ရံမလပ် ဆူညံရှုပ်ထွေးနေတတ်သည်။ ခရီး သည်များ၊ အမှုထမ်းများဖြင့် ဧည့်ခန်းမမှာ ထာဝစဉ် အသက်ဝင် လှုပ်ရှားနေတတ်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးတို့ လူသိုက်သည် မင်္ဂလာဒုံ လေယာဉ်ကွင်းသို့ ရောက်ရှိနေကြသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးအပါအဝင် ဗိုလ်မှူးညိုထွန်း၊ ဦးခင်မောင် ညွန့်၊ ဒေါ်ဝင်းရီ၊ ဦးကျော်ထွန်း၊ ဒေါ်နွယ်နွယ်၊ မျိုးထွန်းသိန်းနှင့် နန်းကိန္နရီတို့ ဖြစ်ကြသည်။ သူတို့ သည် မကြာမီဆိုက်ကပ်မည့် လေယာဉ်တွင် ပါလာ မည်ဖြစ်သော အဲလစ်ခေါ် နွယ်နွယ်ထွန်းကို စောင့် ကြိုနေကြခြင်းပင်တည်း။
စောင့်မျှော်ကြိုမောရခြင်းဟူသည် အဘယ်မျှ စိတ်မရှည်နိုင်ဖွယ် ကောင်းလှသည်ဆိုခြင်းကို ဒေါ်ရေနံ့သာခင်ခင်ကြီးအား ကြည့်ခြင်းဖြင့် သိသာ ထင်ရှားသည်။ အားလုံးက နွယ်နွယ်ထွန်းရောက် လာမည်ဆိုခြင်းကို ပူနွေးသောရင်ဖြင့် စောင့်မျှော် ကြိုမောနေကြသည်ပင် ဖြစ်ပါသည်။ ရင်မှာ လှုပ်ရှား တက်ကြွမှုကို ခံစားနေရသည်ပင် ဖြစ်ပါသည်။ သို့စင်လျက် သည်အထဲမှာ ဒေါ်ရေနံ့သာခင်ခင်ကြီး သည် စိတ်အလှုပ်ရှားရဆုံး ဖြစ်မည်ထင်သည်။ ရင်မှာ အပူနွေးရဆုံး ဖြစ်မည်ထင်သည်။ သူတို့ လူသိုက်သည် လေယာဉ်ဆိပ် စားသောက်ခန်းတွင် ရှိကြသည်။ အခြားသူများက စားပွဲတွင် ထိုင်နေ လင့်ကစား ဒေါ်ရေနံ့သာခင်ခင်ကြီးမှာမူ အငြိမ် အသက် ထိုင်နေနိုင်ပုံမရ။ လေယာဉ်ကွင်းကို အပေါ် စီးမှ လှမ်း၍မြင်နိုင်သောနေရာမှာ ရပ်နေသည်။ လေယာဉ်ပြေးလမ်းဆီသို့ စူးစိုက်ငေးမောနေသည်။
ဝင်လုဆဲ နေရောင်ခြည်သည် အလုံအပြည့် ကာရံ ထားသော မှန်ချပ်ကို ထိုးဖောက်လျက် ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ကျဆင်းကာ ရွှေရောင်ပက်ဖျန်းပေးထားသလို ဖြစ်နေသည်။ သူ့ဆံပင်များသည် ရွှေရောင်သန်းနေသည်။ မျက်နှာတစ်ခြမ်းမှာ ရွှေရောင်ဖြာနေသည်။ တက်ကြွ ရခြင်းကြောင့်လား၊ ဝမ်းသာရခြင်းကြောင့်လား မသိ။ သူ့မျက်နှာမှာ မျှော်လင့်ချက်တစ်ရပ်ဖြင့် လှုပ်ရှားနေသည်ကား အမှန်ပါပင်။
ကျဉ်းကျပ်မည်းမှောင်သော ထောင်ထဲတွင် ကြာမြင့်စွာနေခဲ့ရ၍ပဲ ထင်သည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏အသွင်မှာ ညှိုးလျနေသည်။ နွမ်းနယ် နေသည်။ အသားအရေ လျော့ပါးဖျော့တော့နေ သည်။ အဆင်အပြင် အခြယ်အသမရှိသောကြောင့် လည်း သာမန်မိန်းမသားတစ်ယောက်နှယ် ရိုးရိုး စင်းစင်း ဖြစ်နေသည်။
စောစောက ရွာချခဲ့သည့် မိုးပြေးတစ်ပြိုက်ကြောင့် အရာရာသည်သန့်စင်နေသည်။ တောက်ပနေသည်။ လေယာဉ်ဆိုက်ကပ်လေ့ရှိရာ အင်္ဂတေလွင်ပြင်ပေါ် မှာ ရေအချို့ တင်ကျန်ရစ်သည်။ အိုင်ငယ်ကလေးများ ဟိုတစ်ကွက် သည်တစ်ကွက် ဖြစ်ပေါ်နေသည်။ နေရောင်ခြည်သည် ရေကွက်အိုင်ငယ်ကလေးများ ပေါ်သို့ ထိုးကျကာ ရောင်ပြန်များ တလက်လက် ထနေသည်။ အပူငွေ့တံလျှပ်များ တရှိန်ရှိန် ပြေးနေ သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်စိအစုံသည် အနောက်မိုးကုပ်စက်ဝိုင်းဆီသို့ ရောက်နေသည်။ မမှိတ်မသုန် စူးစူးစိုက်စိုက်ကြီး ကြည့်နေသည်။ မျက်တောင်မှခတ်ပါလေစ ထင်ရသည်။
ဆည်းဆာသည် တောက်ပဆဲဖြစ်သည်။ ပူနွေး ဆဲရှိသည်။ ယင်းနေရာတစ်ဝိုက်တွင် ဖြူလွင်ဖောင်း ကြွသော တိမ်တစ်တိုက်ရှိသည်။ ပြာသောကောင်း ကင်၌ ရွက်တိုက်လွင့်မျောနေသည်။ နေအရောင်က ၎င်းတို့၏အနားစကို ရွှေရောင်ကွပ်ပေးထားသည်။ တိမ်မှ ယိုဖိတ်ကျလာသော နေရောင်ခြည်တန်းမှာ ရွှေချည်မျှင်များကို ရက်ကန်းရှယ်ထားသည်နှင့် တူလှသည်။ အရှေ့မိုးကုပ်စက်ဝိုင်းဆီမှာ ဝါ၊ နီ၊ ပြာ၊ ခရမ်း စသော ရောင်စုံယှက်ဖြာနေသည့် သက်တံ တစ်စင်း ပေါ်ထွန်းလျက်ရှိသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ရင်မှာ ပူနွေးနေသည်။ တုန်ယင်နေသည်။ စိတ်လှုပ်ရှားမှုကြောင့် ကိုယ်သည် ပင် တဆတ်ဆတ်တုန်ချင်မတတ် ရှိသည်။
“သမီး၊ သမီး ... သမီးလေး”
သည်စကားသံသည် အဝေးမှ ပဲ့တင်သံသဖွယ် မြည်ဟည်းလာပြီး အသည်းနှလုံးအိမ်သို့ အရှိန် အဟုန်ပြင်းစွာ ရိုက်ခတ်နေသည့်နှယ်ရှိသည်။ သည် အသံကို ကြားယောင်ရလေတိုင်း ရင်ထဲမှာ သိမ့်ခနဲ ငြိမ့်ခနဲ ဖြစ်သွားသည်ထင်မိ၏။
ဆက်လက်ဖော်ပြပါမည်။