ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

ယခုမူ နန်းကိန္နရီ ဘာတစ်ခုမျှ သတိမထားမိ၊ ဘာတစ်ခုမျှ ဂရုမစိုက်မိ။

 

စင်စစ် သူ၏စိတ်သန္တာန်မှာ အရာရာကို သတိမမူ မိလောက်အောင် ယောက်ယက်ခတ်လျက် ရှိရချေသည်။

သူသည် အိပ်မက်မက်ရင်း လမ်းလျှောက်မိသူ တစ်ယောက်နှယ် လမ်းအတွင်း ဝင်ခဲ့သည်။ ရွှံ့ညွန် ဗွက်အိုင်များကို ကျော်လွှားကာ လာမိလျက်သား ဖြစ်နေသည်။ ကိုကျော့မောင် ညွှန်ကြားလိုက်သည့် အတိုင်း လမ်းအကွေ့အချိုးများကို ကွေ့ချိုးခဲ့သည်။

 

စိတ်တွင် ကိုမောင်မောင်ဦးနှင့် တွေ့ရတော့မည်ကို သိသည်။ တွေ့ပါပြီတဲ့။ အဘယ်သို့ စကားစရ လေမည်နည်း။ အဘယ်သို့ နှုတ်ဆက်ရလေမည်နည်း မတွေးတတ်။ ကိုမောင်မောင်ဦး၏ တုံ့ပြန်မှု မည်သို့ ရှိလာလိမ့်မည်ကိုလည်း မစဉ်းစားတတ်နိုင်သေး။

 

မည်သို့ပင်ဖြစ်စေ အဆုံးတွင် နန်းကိန္နရီသည် ကိုမောင်မောင်ဦး ရှိနေပါသည်ဆိုသောသည် ရပ်ကွက်၊ သည်လမ်း၌ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်အောင် အခြားအိမ်များထက် ကြီးမားသော အိမ်ရှေ့တွင် ခြေချမိချေပြီတည်း။

 

သည်အိမ်သို့ ရောက်ရှိခဲ့ရခြင်းအတွက် ကိုမောင်မောင်ဦး နှစ်သိမ့်ကျေနပ်သလို ခံစားနေရသည်။ သည်အိမ်မှာ လွတ်လပ်သည်။ အိမ်တွင် နေထိုင်လျက်ရှိသူများကိုယ်၌က စည်းကမ်းရှိလှသည် မဟုတ်။ စနစ်ကြီးကြသည် မဟုတ်။ ပြီး မိမိကို လိုလားလက်ခံလိုလျက်ရှိကြကြောင်းကိုလည်း တွေ့ရသည်။ သူက လိုအပ်သည်ဆိုလျှင် အရက်ဝယ် ပေးဖို့ကအစ အသင့်ရှိကြသည်။ သည်အိမ်တွင် ခင်သန်းနွဲ့နှင့် ဆုံမိကြခြင်းအတွက်ကိုမူ သူကျေနပ် သည်။ နှစ်သိမ့်သည်။ ရင်မှာ တွယ်ငြိနေသော ပြဿနာတစ်ရပ်ကို ရှင်းနိုင်ခဲ့ခြင်းအတွက် ဝမ်းသာ သည်။ မတင်ရွှေကို ကျေးဇူးတင်မိသည်မှာလည်း အကြိမ်ကြိမ်။

 

သို့ဖြင့် သူသည် သည်အိမ်၌ အတော်ကြာကြာနေရန် ဆုံးဖြတ်ခဲ့မိလေသည်။

 

သည်အိမ်သို့ နန်းကိန္နရီ သည်မျှ မြန်မြန်ဆန်ဆန်ကြီး ရောက်လာလိမ့်မည်ဟူ၍မူ ကိုမောင်မောင်ဦး မထင်ခဲ့၊ မတွေးခဲ့။ နန်းကိန္နရီအား ဗြုန်းစားကြီး ဆိုသလို အိမ်ရှေ့၌ တွေ့လိုက်ရသောအခါ သူ တအံ့ တသြကြီးဖြစ်သွားသည်။ အထိတ်တလန့်ခံစားရသလို ဖြစ်သွားသည်။

 

“ဟယ် နန်းကိန္နရီ” ဟု နှုတ်မှ လွှတ်ခနဲထွက်သွား သည်။

 

သည်အချိန်က အိမ်တွင် ခင်သန်းနွဲ့တို့ မတင်ရွှေတို့မရှိကြ။ မတင်ရွှေကို စောစောပိုင်းကပင် လူတစ်စုက ကားဖြင့် လာခေါ်သွားကြသည်။ ခင်သန်းနွဲ့ကမူ စားသောက်ဖွယ်ရာများ ဝယ်ခြမ်းရန်ဆိုကာ ထွက်သွားသည်။ ခင်သန်းနွဲ့က မတင်ရွှေနှင့် ပတ်သက်၍ မှတ်ချက်ချခဲ့သည်။

 

“သူ့အဖို့ ဒီလုပ်ငန်းဟာ ဝမ်းစာအတွက်ချည်း မဟုတ်ဘူး၊ လူကိုက ဗီဇပါတာ”

 

အိမ်တွင် ကိုမောင်မောင်ဦး အထီးတည်း ကျန်ရစ်သည်။ သည်အိမ်သို့ရောက်မှပင် မသောက်ဖြစ်ခဲ့ သည်မှာ အတန်ကြာပြီဖြစ်သောအရက်ကို ဆက်သောက်ဖြစ်သည်။ ယခုအခါ ထိုက်သင့်သလောက် မူးနေပြီဖြစ်သည်။ ချောင်းမဆိုးဘဲ၊ အဖျားမတက်ဘဲ နေနိုင်သည်မှာ အရက်ကြောင့်ဟု ထင်သည်။ အရက်သည် ရောဂါအတွက် တစ်ပွဲတိုးအနေမျိုးဖြင့် အသုံးဝင်သည်။ သို့ပေမဲ့ အရက်ကြောင့် ရောဂါငုပ်ကွယ် နေခြင်းဖြစ်သည်။ ပြန်ပေါ်လာပြီဆိုလျှင်တော့ ရှိရင်းစွဲထက် အဆပေါင်းများစွာ တိုးလာမည်မှာ သေချာသည်။ ဤသည်ကို ကိုမောင်မောင်ဦး မသိမဟုတ်။ သိပေမဲ့ မဆင်ခြင်နိုင်။

 

ကိုမောင်မောင်ဦးသည် အိမ်ရှင်သဖွယ် နန်းကိန္နရီ အား အိမ်အတွင်းသို့ ဖိတ်ခေါ်ရသည်။ နေရာထိုင်ခင်း ပေးရသည်။

 

“ဘယ်လိုလုပ်ပြီး ဒီမှာရှိနေတယ်လို့ သိသလဲဟင်”

 

နန်းကိန္နရီ မျက်နှာချင်းဆိုင်ကုလားထိုင်၌ ထိုင်မိချိန်တွင် သူမေးသည်။ နန်းကိန္နရီက ကိုကျော့ မောင်ထံမှ သိရခြင်းအကြောင်းကို အဖြေပေးသည်။

 

ကိုမောင်မောင်ဦးသည် နန်းကိန္နရီ၏မျက်နှာကို တမောစူးစိုက်ကြည့်မိသည်။ ယခင်ဆေးရုံသို့ လာစဉ်ကကဲ့သို့မဟုတ်။ ဟိုစဉ်ကလို ဥပေက္ခာဆန်သောအကြည့် ကိုမောင်မောင်ဦးတွင်မရှိ။ သည်တစ်ခါ နန်းကိန္နရီ၏မျက်နှာကို မြင်ရသည်မှာ ရင်အလိုလိုနေရင်း နွေးလာသည်ဟု မှတ်ထင်သည်။

 

“အရီ၊ အရီ ဒီကိုမလာဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။ မတွေ့ဘဲနေနိုင်အောင် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ မရခဲ့ပါဘူး”

 

နန်းကိန္နရီ အသံတိမ်တိမ်ဖြင့် စကားစ၍ဆိုသည်။

 

“အရီ့ကို ခွင့်လွှတ်ပါ”

 

တောင်းပန်သေးသည်။

 

ကိုမောင်မောင်ဦးသည် အကြည့်ကို ခပ်လှမ်းလှမ်း သို့ စူးစိုက်ထားသည်။ သူက ခပ်တိုးတိုးမေးသည်။ “မင်းဘာဖြစ်လို့ ဒီကိုမလာဘဲ မနေနိုင်ခဲ့တာလဲဟင်။ ဘာဖြစ်လို့ မတွေ့ဘဲ မနေနိုင်ရတာလဲ”

 

နန်းကိန္နရီထံမှ အသံထွက်ပေါ်လာသည်။

 

“တစ်မျိုးပဲလေ။ အရီ့ရဲ့စိတ်ထဲမှာ မရှင်းဘူး။ အလိုလိုနေရင်း အားငယ်နေရသလိုပဲ။ အရီနဲ့ ပတ်သက်လို့ အစစအရာရာ ဦးမောင်မောင်ဦး နားလည်ပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ အရီဟာ ဘာလို့သိတဲ့လူ ကမ္ဘာပေါ်မှာ ဦးမောင်မောင်ဦး တစ်ယောက်ပဲ ရှိမယ်လို့ထင်တယ်။ အရီဟာ လမ်းပျောက်နေတဲ့ လူတစ်ယောက်လိုပါပဲ။ အတွယ်အတာ ကင်းမဲ့နေတဲ့လူလိုပဲ။ အရီ ဒီအဖြစ်ကြောင့် ရင်မောလှပါပြီ။ တစ်ခုခုဖြစ်ချင်တယ်။ အရီ့ကိုအရီ ဘာလို့ သိချင်တယ်။ အရီ့အတွက် အဆုံးအဖြတ် ပေးနိုင်တဲ့လူဟာ ဦးမောင်မောင်ဦးပဲဖြစ်မယ်လို့ ထင်နေတယ်။ ဒါကြောင့် ဒီကိုမလာဘဲမနေနိုင်တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဦးမောင်မောင်ဦးကို မတွေ့ဘဲ မနေနိုင်လောက်အောင်ရှိနေရတာ ဖြစ်ပါ လိမ့်မယ်”

 

ကိုမောင်မောင်ဦး နန်းကိန္နရီ၏မျက်နှာကို ပြန်ကြည့်သည်။

 

“မင်းကိုမင်း ဘယ်သူဘယ်ဝါရဲ့သမီးဆိုတာကို မသိတာ အမှန်ပဲလားဟင်”

 

“အမှန်ပါ။ အရီမညာတတ်ပါဘူး။ မလိမ်တတ်ပါဘူး။ ဒါကြောင့်လည်း အရီ့အနေနဲ့ လိမ်နေ ညာနေရမယ့် အဖြစ်ကို မလိုလားဘူး၊ အရီ တစ်စထက်တစ်စ နားလည်လာရတာရှိပါတယ်။ ဒါကတော့ အရီဟာ ဒေါ်ရေနံ့သာခင်ခင်ကြီးနဲ့ ဦးမောင်မောင်ဦးတို့ရဲ့ သမီးမဟုတ်ဘူးဆိုတာပဲ။ ဒါကိုစိတ်ထဲကလည်း အလိုလို သိလာတယ်။ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့်လည်း ခန့်မှန်းလို့ရလာတယ်။ အမှန်အတိုင်း ပြောရရင်တော့ ဦးမောင်မောင်ဦးကို အရီ့စိတ်ထဲမှာ ဖခင်တစ်ယောက်လို့ကို မထင်နိုင်ဘဲ ဖြစ်နေတယ်။ ဖခင်တစ်ယောက်နဲ့ တွေ့ရတဲ့အခါမှာ ခံစားမှုမျိုး ရင်ထဲမှာပေါ်မလာဘူး။ ဦးမောင်မောင်ဦးလည်း ဒီလိုပဲမဟုတ်လား။ ဦးမောင်မောင်ဦးကို ကြည့်ရတာ အရီ့ကို ဘာလို့ မြင်တာနဲ့သိပုံပဲ။ နောက်တစ်ခုကလည်း ဦးမောင်မောင်ဦးရဲ့ ဆက်ဆံမှုပေါ့လေ။ သိပ်ကို စိမ်းစိမ်းကားကား နိုင်တာပဲ။ ဘယ်ဖအေမဆို တစ်သက်လုံး တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့တဲ့သမီးကို ပထမဦးဆုံးအကြိမ် မြင်ရရင် ဦးမောင်မောင်ဦးလို အေးတိအေးစက် ဆက်ဆံမှာမဟုတ်ပါဘူး။ ဒီအတွက်လည်း အရီ့မှာ သံသယ ရှိခဲ့ရပါတယ် ဦးမောင်မောင်ဦး”

 

ကိုမောင်မောင်ဦး သက်ပြင်းရှိုက်လိုက်သည်။

 

“မင်းပြောတာ မှန်ပါတယ် နန်းကိန္နရီ။ ကိုယ်ဟာ မင်းအကြောင်း အလုံးစုံသိတယ်။ ဟုတ်တယ်၊ မင်းဟာ ကိုယ်နဲ့ ဒေါ်ရေနံ့သာခင်ခင်ကြီးလို့ မင်းတို့သိထားတဲ့ ခင်ခင်ကြီးရဲ့ သမီးမဟုတ်ဘူး။ မင်းကို ဆေးရုံမှာ ဆုံကြတော့ ခပ်စိမ်းစိမ်းဆက်ဆံခဲ့တာ အကြောင်းရှိတယ်။ မင်းက ကိုယ့်ကို ဖခင်တစ် ယောက်အနေနဲ့ “ဖေဖေ” လို့ခေါ်လိုက်မှာ ကြောက်လို့ပဲ”

 

နန်းကိန္နရီမျက်နှာကလေးမှာ စိတ်ဝင်စားမှုဖြင့် သွေးရောင်လွှမ်းတက်လာသလိုရှိသည်။ မျက်ဝန်း ကလေးများက ပိုမိုတောက်ပလာကြသည်။ အကြည့်သည် ပိုမိုစူးစိုက်လာခဲ့လေသည်။

 

“ဟုတ်တယ် နန်းကိန္နရီ။ ကိုယ်ဟာ မင်းရဲ့ ဖခင်မဟုတ်သလို၊ မင်းဟာလည်း ကိုယ့်ရဲ့သမီးမဟုတ်ဘူး။ ဒါပေမဲ့ တို့များဟာ သိပ်ပြီးသွေးဝေးကြတဲ့ လူတွေတော့လည်း မဟုတ်ကြပြန်ဘူး”

 

ယခုအခါ နန်းကိန္နရီ၏မျက်နှာသည် စိတ်ဝင်တစားရှိရခြင်းသာမက မိမိကိုယ်ကို စိတ်ပျက်ခြင်း၊ မိမိဘဝကို နာကြည်းခြင်း အရိပ်အယောင်များပါ လွှမ်းမိုးကြီးစိုးလာသည်။

 

“ဒါ၊ ဒါဖြင့် အရီဟာ ဘာလဲဟင်။ အရီနဲ့ ဦးမောင်မောင်ဦးတို့ဟာ ဘာတွေလဲ”

 

နန်းကိန္နရီ အထစ်ထစ်အငေါ့ငေါ့ မေးသည်။

 

ကိုမောင်မောင်ဦးသည် အကြည့်ကို နန်းကိန္နရီ၏ မျက်နှာပေါ်သို့ စူးစိုက်ထားလိုက်သည်။ သူ့ရင်တွင် ပြောစရာစကားများစွာရှိသည်။ စကားလုံးတို့သည် လည်ချောင်းကို တိုးဝှေ့နေသည်သို့ဖြစ်သည်။ သို့တိုင်အောင် သူရုတ်တရက် စကားမပြောနိုင်။ ပြောရမည့်စကားတို့ကို အလိုလို ထိန်းချုပ်ထားမိသည်။

 

“ပြောစမ်းပါ ဦးမောင်မောင်ဦးရယ်။ အရီတို့အတွက် လျှို့ဝှက်မှုတွေ၊ ဖုံးကွယ်မှုတွေ၊ သိုသိပ်ဖို့ အကြောင်းတွေ မရှိသင့်တော့ဘူးထင်တယ်။ အဖြူ၊ အမည်း ကွဲကွဲပြားပြားနားလည်နိုင်ဖို့ အချိန်ရောက် ပြီထင်တယ်”

 

နန်းကိန္နရီ စိတ်မရှည်နိုင်တော့သလို တိုက်တွန်းသည်။

 

သည်တော့မှပင် ကိုမောင်မောင်ဦးစိတ်ကို ဆုံးဖြတ်၍ ရသွားရသည်သို့ရှိသည်။

 

“မင်းရဲ့စိတ်ကို အေးအေးထားပါ နန်းကိန္နရီ။ ကိုယ်ပြောတဲ့စကားတွေကို သေသေချာချာ နားထောင်ပါ”

ယင်းအချိန်တွင် ဒေါ်ရေနံ့သာခင်ခင်ကြီးမှာ စိတ်လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ ယောက်ယက်ခတ် နေသည်။

 

စောစောကပင် နန်းကိန္နရီ၏ အသွားအလာကို နောက်ယောင်ခံခိုင်းထားသော ဒရိုင်ဘာ ပြန်ရောက် လာသည်။ နန်းကိန္နရီ ပါရမီရိပ်သာရှိ အိမ်တစ်အိမ်သို့ သွားရောက်ခဲ့သည့်အကြောင်း၊ ထိုမှသည် ကမ္ဘာအေး ရပ်ကွက်ရှိ လမ်းကြားတစ်ခုသို့ ဝင်သွားသည့် အကြောင်း၊ ထိုအိမ်တွင် လူတစ်ယောက်နှင့် တွေ့ဆုံကြောင်းများ ကြားခဲ့သည်။

 

သည်ကလေးမ ကိုယ့်ဒုက္ခ ကိုယ်ရှာခဲ့ပြီဆိုခြင်းကို သိသည်။ သူသွားသောနေရာမှာ ကိုမောင်မောင်ဦး ရှိမည့်နေရာ၊ သို့မဟုတ် ကိုမောင်မောင်ဦးနှင့် အဆက်အသွယ်ရနိုင်မည့် နေရာဖြစ်ရမည်ဟု တထစ်ချ တွက်မိသည်။

 

ဗိုလ်မှူးညိုထွန်းကတော့ ဖျောင်းဖျခဲ့ပါသေးသည်။

 

ဆက်လက်ဖော်ပြပါမည်။