ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

ကိုမောင်မောင်ဦးအဖို့ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ စကားတို့မှာ နားမခံသာအောင် ဖြစ်သွားရပုံပေါ်သည်။ သူ တစ်စုံတစ်ရာပြောမည် ပြုသည်။ အမျိုးသမီးက အပြောမခံဘဲ စကားဆက်သည်။

 

“နန်းကိန္နရီဟာ အပြစ်မဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ အနာအဆာကင်းတဲ့ ကလေးပါ။ ရှင်ဘာဖြစ်လို့ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးပစ်ခဲ့ရတာလဲဟင်။ ဒီမယ် ကိုမောင်မောင်ဦး၊ ရှင့်အပြုအမူတွေဟာ ကျွန်မနဲ့ပတ်သက်လို့ တရားလွန်လွန်းရာ မကျဘူးလား။ ကျွန်မကိုလည်း ဖျက်ဆီးခဲ့ပြီးပြီ။ တစ်သက်လုံး ပူဆွေးဝမ်းနည်းစရာတွေကို ပေးခဲ့ပြီးပြီ။ ရှင့်ကြောင့် ကျွန်မနဲ့ပတ်သက်တဲ့လူတွေ ဒုက္ခ ရောက်ခဲ့ရပေါင်းလည်း များလှပါပြီ။ ရှင့်အနေနဲ့ ကျေနပ်သင့်ပါပြီ ကိုမောင်မောင်ဦးရယ်။ ကျေနပ် သင့်ပါပြီ”

 

သည်တွင် ကိုမောင်မောင်ဦး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

 

“ကိုယ်တစ်ခုပြောမယ် ညီမ” သူသည် မသုံးခဲ့သည်မှာကြာပြီဖြစ်သော “ညီမ” ဟူသည့် အသုံး အနှုန်းကို ပြန်သုံးသည်။ “ကိုယ်နဲ့ပတ်သက်လို့ ညီမထင်ထားတာတွေဟာ အမှားချည်းပဲ။ အခွင့်သင့်တဲ့အခိုက် ပြောပါရစေ။ ဖြေရှင်းပါရစေ။ ညီမအပေါ်မှာ ကိုယ်အဆိုးတွေ ဖန်တီးပေးသလို ဖြစ်ခဲ့ရတယ်။ ဘဝတစ်လျှောက်လုံး ကိုယ့်အပေါ် အဆိုးမြင်စရာချည်း ပေါ်ပေါက်ခဲ့တယ်။ တမင်ဖန်တီးရင်တောင်မှ ဒါတွေဟာ ဖြစ်ချင်မှဖြစ်မှာပါ။ အမှန်တော့ ကိုယ်ဟာ ညီမအပေါ်မှာ အဆိုးမဖန်တီးခဲ့ချင်ရိုး အမှန်ပါကွယ်။ အစက စပြောမယ်။ ညီမမှာ ကိုယ်ဝန်ရှိမှန်းသိတော့ တကယ်လက်ထပ်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တယ်။ ဒီတုန်းက ကိုယ်မြို့ကို ပြန်လာတယ်။ ယင်းချောင်းမှာ ရေကျနဲ့မိလို့ တစ်ည အိပ်ခဲ့ရတယ်။ အဲဒီတစ်ညဟာ ဘဝတစ်ခုလုံးကို ပြောင်းလဲလိုက်တာပါပဲ။ တကယ်လို့ ဒီတစ်ညသာ စောရောက်မယ်ဆိုရင် ညီမအိမ်က နှင်အချခံရတတွေ၊ မြို့က ပျောက်ကွယ်သွားတာတွေ ဖြစ်မလာနိုင် ပါဘူး။ ထားတော့”

 

“ညီမရဲ့ ဖေဖေ ဦးအောင်ခန့် ဂျပန်တွေရဲ့လက်မှာ ရှိနေတုန်းက ကိုယ်ကယ်တင်မယ်၊ ကယ်တင်ခွင့် ရရင် ညီမနဲ့ပြန်ပြီး အဆင်ပြေနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒီတုန်းကလည်း အခြေအနေက ဘယ်လိုမှ နုတ်မရနိုင်အောင် ဖြစ်ခဲ့ရတယ်။ ကိုယ့်ဖေဖေကို ဦးအောင်ခန့်လွတ်မြောက်အောင် အကူအညီ တောင်းတဲ့အခါမှာ ဦးအောင်ခန့်ဟာ သေဆုံးခဲ့ပြီး ဖြစ်နေတယ်။ ဒီတုန်းကတစ်ကြိမ် လွဲခဲ့ရပြန်တယ်”

 

“နောက်ဆုံးကိစ္စကို ပြောမယ်။ နန်းကိန္နရီကို အကြောင်းပြုပြီး ငွေညှစ်တဲ့ကိစ္စ။ ဒီကိစ္စမှာ ကိုယ်မပါဘူး။ ကိုယ်မသိခဲ့ပါဘူး။ ကိစ္စကိုအဓိကဖန်တီးခဲ့တဲ့လူဟာ ကျော့မောင်ပဲ။ သူနဲ့ပတ်သက်ပြီး တစ်စွန်းတစ်စ ပါဝင်လာရာက ညီမရဲ့ အထင်လွဲမှုကိုခံခဲ့ရတာပဲ။ ကျော့မောင် မသေသေးပါဘူး။ အခု ရှိနေဆဲပါပဲ။ အဲ ကိုငှက်ရိုး၊ သူလည်း ဒီအကြောင်းတွေ အကုန်အစင်သိတယ်။ သူတို့ကို မေးရင်ရနိုင်ပါသေးတယ်။ လောလောဆယ် ဖြစ်ပျက်ခဲ့တဲ့ နန်းကိန္နရီရဲ့ အဖြစ်အပျက်ကို ဘယ်လိုမှ စိတ်မကောင်းနိုင် ဘူးဆိုတာယုံပါ။ အို ကိုယ်ပြောခဲ့တဲ့ စကားတွေအတွက် သူဒီလိုဖြစ်သွားရတယ်ဆိုရင် ကိုယ့်ကိုယ် ကိုယ် တစ်သက်လုံး ခွင့်လွှတ်နိုင်တော့မှာ မဟုတ်ဘူး”

 

အကယ်၍ ယခင်ကသာ ကိုမောင်မောင်ဦးထံမှသည်စကားမျိုးကြားရလျှင် ဒေါ်ရေနံ့သာခင်ခင်ကြီး တမင်မဟုတ်သည့်တိုင် မသိမသာစောင့်ဆိုင်း နားထောင်မိဦးမည် ဖြစ်သည်။ စိတ်မပါသည့်တိုင် မလွှဲမကင်းသာ နားထောင်နေမိဦးမည် ဖြစ်သည်။

 

ယခုမူ မနည်းကြိတ်မှိတ် သည်းခံနေရသည့် အသွင်ရှိသည်။ လူကို အထင်မကြီးနိုင်တော့။ စိတ်တွင် နာကြည်းရခြင်း လှိုင်းတံပိုးတို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်နေလေပြီ ဆိုသောအခါ ထိုစကားက အဘယ်မျှ ပျားသို့ချိုသည်ဆိုစေ သူ့အတွက် တမာထက်ပင် ခါး၍နေရပါချေပြီ။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် လက်မှနာရီကို ဖျတ်ခနဲ ငုံ့ကြည့်လိုက်သည်။

 

“ရှင့်မှာ ပြောစရာကုန်ပြီ မဟုတ်လား” မေးသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးက သူ့စကားကို မည်သို့မျှ အလေးအနက် ရှိမနေကြောင်း တွေ့ရသည့်အခါ ကိုမောင်မောင်ဦး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

 

“တကယ်တမ်း ပြောရမယ်ဆိုရင် ညီမကိုပြောချင် စရာစကားတွေ ကိုယ့်မှာတစ်ပုံကြီးပါ။ ရင်နဲ့တစ်လုံး ဆိုတာလိုပေါ့။ တစ်ညလုံး ထိုင်ပြောရင်တောင် ကုန်မယ်မဟုတ်ပါဘူး”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး သရော်ပြုံး ပြုံးလိုက်သည်။

 

“ကျွန်မ ဝမ်းနည်းပါတယ် ကိုမောင်မောင်ဦး၊ ကျွန်မမှာ လုပ်စရာတွေ တစ်ပုံကြီးပါ။ စီစဉ်စရာတွေ တစ်ထမ်းကြီးပါ။ ဒီတော့”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာထားမှာ တင်းမာလာသည်။ ခက်ထန်မာကျောလာသည်။ မျက်ဝန်းများသည် အေးစက်စက်နှင့် တောက်ပနေသည်။

 

“ ဒီတော့ ကျွန်မလာရင်း ဒုတိယကိစ္စကို စကြရအောင်။ ရှင်နဲ့ ကျွန်မတို့ စာရင်းရှင်းကြရအောင်”

 

ပြောပြောဆိုဆိုမှာပင် ဒေါ်ရေနံ့သာခင်ခင်ကြီးသည် လက်ပွေ့အိတ်အတွင်းမှ သေနတ်ကလေးကို ထုတ်ယူလိုက်သည်။ ပြောင်းဝကို ကိုမောင်မောင်ဦး၏ နှလုံးသားနှင့် တည့်မတ်စွာ ချိန်လိုက်သည်။ လက်မဖြင့် မောင်းထိန်းခလုတ်ကလေးကို တွန်းဖွင့်လိုက်သည်။

 

ကိုမောင်မောင်ဦးသည် သေနတ်ကို မြင်လိုက်ရသည့်အတွက် အံ့သြသွားသည်။ ထိတ်လန့်ဟန်ကိုကား မပြ။ နားမလည်နိုင်သလို သေနတ်ကိုတစ်လှည့်၊ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာကိုတစ်လှည့် ကြည့်သည်။

 

“ဒါ၊ ဒါက ဘာသဘောလဲဟင်”

 

အထစ်ထစ် အငေါ့ငေါ့ မေးသည်။

 

“ကျွန်မတို့မှာ တခြားနည်းလမ်းနဲ့ ဖြေရှင်းစရာ မရှိတော့ဘူးဆိုတဲ့သဘောပေါ့။ ဒီလမ်းတစ်သွယ်ပဲ ကျန်တော့တယ်ဆိုတဲ့ သဘောပေါ့”

 

ကိုမောင်မောင်ဦး ပြုံးလိုက်သည်။ ရယ်မောလိုက်သည်။

 

ချက်ချင်းမှာပင် သူ၏မျက်နှာသည် တည်ကြည်လာသည်။

 

“ဘာဖြစ်လို့ အဓိပ္ပာယ်မရှိတာတွေ လုပ်ချင်ရ သလဲဟင်”

 

“ရှင့်အတွက် အဓိပ္ပာယ်မရှိပေမဲ့ ကျွန်မအတွက် အဓိပ္ပာယ်ရှိနေလို့ပေါ့”

 

ကိုမောင်မောင်ဦး သဘောကျသလို ရယ်လိုက်ပြန်သည်။

 

“ထားလိုက်စမ်းပါ။ သေနတ်ကို ပြန်သိမ်းလိုက်စမ်းပါ”

 

“ရှင် သေရမှာကိုတော့ အကြောက်တတ်သားပါလား ကိုမောင်မောင်ဦး၊ ရှင့်ကြောင့် အခုလော လောဆယ်မှာတင် လူတစ်ယောက် သေခဲ့တယ်။ နန်းကိန္နရီဟာ ရှင့်ကြောင့် သေခဲ့တယ်။ ရှင်နဲ့စာရင် သူဟာ လောကမှာ ဆက်ပြီးအသက်ရှင်ဖို့ အချိန်တွေ အများကြီး ရှိနေပါသေးတယ်။ ရှင့်ထက်လည်း အဖိုးတန်တဲ့ မိန်းမတစ်ယောက်ပါ ကိုမောင်မောင်ဦး။ နောက်တစ်ခုက ကျွန်မ။ ကျွန်မဟာ လှခဲ့ပါတယ်။ ဒါကို ကျွန်မ အပိုပြောတာမဟုတ်ပါဘူး။ တစ်ချိန်တုန်းက ဒီစကား ရှင့်ပါးစပ်က ထွက်ခဲ့ဖူးပါတယ်။ ကျွန်မဟာ ချမ်းသာကြွယ်ဝတယ်။ ဘာမဆို လိုလေသေးမရှိ ပြည့်စုံခဲ့တယ်။ ဒါပေမဲ့ ရှင့်ကြောင့် ကျွန်မဟာ လူသေဖြစ်ခဲ့ရတယ်။ ဘဝသက်တမ်း တစ်လျှောက်လုံး ဝမ်းသာပျော်ရွှင်ရမယ့်အစား ဝမ်းနည်းကြေကွဲမှုနဲ့သာ ထာဝရရင်ဆိုင်ခဲ့ရတယ်။ ရှင်ဟာ လူနှစ်ယောက်ကို သတ်ခဲ့ပြီးပြီပဲ ကိုမောင် မောင်ဦး၊ ကျွန်မရယ်၊ နန်းကိန္နရီရယ်၊ အခုတော့ ရှင့်အလှည့်လေ၊ အလှည့်ကျတော့ မနွဲ့ကြစတမ်းဆို တာလို ယောက်ျားတစ်ယောက်ပီပီ သေမင်းနဲ့ လှလှပပ ရင်ဆိုင်စမ်းပါရှင်”

 

ကိုမောင်မောင်ဦး၏ မျက်နှာသည် တစ်စထက် တစ်စ ပြန်လည်တည်ငြိမ်လာပြန်သည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ စကားများက သူ့မာနကိုသော်လည်းကောင်း၊ သူ့စိတ်သန္တာန်ကိုသော်လည်းကောင်း ထိခိုက်သွားစေနိုင်ဟန် တူသည်။

 

သူ၏မျက်နှာသည် ဖြူဖျော့သည်ထက် ဖြူဖျော့လာသည်။

 

“ကိုယ့်ကို သေရမှာကြောက်တဲ့လူလို့ ထင်ခဲ့ရင် မှားလိမ့်မယ်ညီမ။ ကိုယ်သေရမှာမကြောက်ပါဘူး။ လူဆိုတာ တစ်နေ့မဟုတ်တစ်နေ့ သေရမယ့်လူတွေပါ။ အထူးသဖြင့် ကိုယ်ဟာ သင်္ချိုင်းကို ခြေတစ်ဖက် လှမ်းနေတဲ့ လူပါ။ ရောဂါသည်ပါ။ မင်း မသတ်ခဲ့တဲ့တိုင် မကြာခင် အလိုလိုသေရမယ့်လူပါ။ အခုပြောနေ တာက ကိုယ်မြင်သွားချင်တဲ့မျက်နှာ။ ကိုယ့်သမီးရဲ့ မျက်နှာကို မမြင်ရမှာတစ်ခုကိုပဲ ဝမ်းနည်းလို့ပြောနေ တာပါ။ နောက်တစ်ခုက ညီမ။ ဟုတ်တယ် ညီမရဲ့။ ညီမအတွက် စိုးရိမ်လို့ပြောနေတာ။ ကိုယ်သေပြီးတဲ့ နောက်ပိုင်းမှာ ပြဿနာ တစ်ပုံတစ်ခေါင်းကြီးကို ညီမ ရင်ဆိုင်ရမှာ”

 

ကိုမောင်မောင်ဦး၏ စကားမဆုံးမီ ဒေါ်ရေနံ့သာ ခင်ခင်ကြီး ဖြတ်ပြောသည်။

 

“ကျွန်မအတွက်တော့ ဒုက္ခရှာပြီး ပူမနေစမ်းပါနဲ့ ကိုမောင်မောင်ဦးရယ်။ စင်စစ်ကတော့ ကျွန်မကိုယ်တိုင်ဟာလည်း လောကမှာ သိပ်ကြာကြာ မနေချင်လှတော့ပါဘူး။ ကျွန်မထိုက်နဲ့ ကျွန်မကံပါ”

 

ကိုမောင်မောင်ဦး၏ အကြည့်သည် ရီဝေလာသည်။ မျက်ဝန်း၌ မျက်ရည်ကြည် ရစ်ဝဲလာသည်။

 

သူသည် စိတ်လှုပ်ရှားခြင်းကိုလည်း ခံစားလာရဟန်တူသည်။ ဝမ်းနည်းကြေကွဲရခြင်းတို့သည်လည်း ပေါ်ပေါက်လာရဟန်တူသည်။

 

“ညီမ တကယ် ဆုံးဖြတ်ထားပြီးပြီလား ဟင်”

 

သူ၏အသံသည် ဆို့နင့်ကြေကွဲလာလေသည်။

 

“ကျွန်မ အကြိမ်ကြိမ် စိတ်ဆုံးဖြတ်ပြီးမှ ရှင့်ဆီ ရောက်လာရတာပါ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏အသံမှာ မာကျောဆဲ၊ တင်းမာဆဲ။ ခက်ထန်ဆဲ။

 

“ဆုံးဖြတ်ချက်ကို ဘယ်လိုမှ မပြင်တော့ဘူးပေါ့”

 

ခေါင်းညိတ်ပြလိုက်သည်။

 

“ကိုယ့်ရဲ့သွေးနဲ့ ပေးဆပ်မှ မင်းရဲ့ဝဋ်ကြွေးတွေ ကုန်စင်မယ်ဆိုရင် ပေးဆပ်ဖို့အသင့်ပါ ညီမရယ်။ အဲဒီလိုဆိုရင် ကိုယ့်အသက်ကို စွန့်ရဖို့လည်း ဘယ်လိုမှ ဝန်မလေးပါဘူး။ ကိုယ်သိပါတယ်။ မင်းရဲ့ စိတ် ဘယ်လိုရှိခဲ့တယ်ဆိုတာ သိခဲ့တယ်။ ပျော့စရာရှိရင် အစွမ်းကုန်ပျော့တတ်သလောက် မာစရာရှိရင် မင်းရဲ့နှလုံးသားတွေဟာ သံခဲတွေလို တင်းမာတယ် ဆိုတာ အရင်ကတည်းက ရိပ်စားမိခဲ့ပါတယ်။ မင်းရဲ့ စိတ်ကြိုက်အတိုင်း ရှိပါစေတော့ ညီမ။ တစ်ခုပဲရှိပါတယ်။ တစ်ခါမှ မမြင်ဖူးသေးတဲ့ သမီးကလေး အတွက် ကိုယ်တော့အသေဖြောင့်နိုင်လိမ့်မယ် မထင်ဘူး။ တစ်ဆက်တည်းမှာပဲ ကိုယ့်အပေါ် အခုထက်ထိ မင်းအထင်မှားဆဲ ရှိနေသေးတဲ့အတွက် ကိုယ်ဝမ်းနည်းပါတယ်။ ထားပါတော့လေ။ တမလွန် တစ်ဘဝဆိုတာ ရှိပါစေလို့ ကိုယ်ဆုတောင်းတယ်။ ရှိခဲ့မယ်ဆိုရင် အဲဒီကနေ အရာအားလုံးကို ဖြေရှင်းဖို့ ကိုယ်စောင့်နေပါမယ်”

 

ကိုမောင်မောင်ဦးသည် ဒေါ်ရေနံ့သာခင်ခင်ကြီး နှင့် ခပ်လှမ်းလှမ်းသို့ထွက်သွားသည်။ ကျောပေး၍ ရပ်လိုက်သည်။

 

ဆက်လက်ဖော်ပြပါမည်။