ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်

ဒေါ်ရေနံ့သာခင်ခင်ကြီး အံကိုတင်းတင်းကြိတ်မိ ပြန်ချေသည်။ သေနတ်ဖြင့်  ကိုမောင်မောင်ဦး၏ ကျောပြင်ကို   ချိန်လိုက်သည်။  သူ၏လက်မှာ တဆတ်ဆတ်တုန်နေကြောင်း တွေ့ရသည်။ ရင်မှာ လည်း တထိတ်ထိတ် ခုန်ရလွန်းပါဘိတော့သည်။
သည်စဉ်တွင်   ကိုမောင်မောင်ဦးထံမှ  အသံကို ကြားရသည်။
“မင်းရဲ့ သေနတ်ကျည်ဆန်တွေ ကိုယ့်အသည်း နှလုံးထဲ   ဖောက်ဝင်လာမယ့်အချိန်ကို စောင့်နေပါ တယ် ညီမ။ သေရမှာမကြောက်ဘူးဆိုတာ တကယ် ပြောတာပါ။ အထူးသဖြင့် မင်းသတ်လို့ သေရမှာကို ဂုဏ်ယူပါတယ်။ မင်းရဲ့လက်နဲ့ အသတ်ခံရမှာကို ကျေနပ်ပါတယ်။ ပစ်လိုက်စမ်းပါ” 
သို့တိုင်အောင် သေနတ်သံ ထွက်မလာသေး။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် စောစောက မိုးမိ ခဲ့ပါလျက်၊ ချမ်းစိမ့်အေးမြနေခဲ့ပါလျက် ယခုအခါ တစ်ကိုယ်လုံး ပူထူနေသည်။ ချွေးသီးချွေးပေါက်များ စို့နေသည်။    သေနတ်ကိုင်ထားသော   လက်တို့ သာမက တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။ 
ကိုမောင်မောင်ဦးသည် ဒေါ်ရေနံ့သာခင်ခင်ကြီး ဘက်သို့   လှည့်လိုက်သည်။    သူ၏မျက်နှာမှာ အောင်နိုင်မှုရသော    စစ်သူကြီးတစ်ဦးအသွင် ရှိသည်။   ပြုံးနေသည်။   သူက အသံထွက်အောင် ရယ်မောလိုက်သည်။
“ဒါကြောင့် ကိုယ်ပြောတာပေါ့ ညီမ။ အဓိပ္ပာယ်မရှိ တာတွေ မလုပ်ချင်စမ်းပါနဲ့လို့ ဒါကြောင့်ပြောတာ ပေါ့။ မင်းလိုမိန်းမသားတစ်ယောက်က သွေးအေး အေးနဲ့ လူတစ်ယောက်ကို သတ်ဖို့မပြောနဲ့၊ ကိုယ်တို့ လို ယောက်ျားတစ်ယောက်အဖို့တောင် ဒါမျိုးဟာ မလွယ်ပါဘူးကွယ်။ ကိုင်း မင်းကိုယ့်ကို မသတ်နိုင် ဘူးမဟုတ်လား၊ မသတ်ရက်ဘူးမဟုတ်လား”
ကိုမောင်မောင်ဦးသည် ဒေါ်ရေနံ့သာခင်ခင်ကြီး ထံ တိုးလာသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည်   သေနတ်ကိုင်လျက် က ကျောက်ဆစ်ရုပ်တုတစ်ခုလို ငူငူကြီးရပ်နေသည်။
သည်တွင် -
ရုတ်ခြည်းဆိုသလို မျက်စိများ ပြာဝေသွားရ လောက်အောင်   လျှပ်စီး လင်းပြက်လိုက်သည်။ နေဆယ်စင်းနှင့်  မျက်နှာချင်းဆိုင်ရသည်သို့ အလွန် တောက်ပသောရောင်ခြည်ကို   မြင်လိုက်ရသည်။ မျက်စိများမှာ တဒင်္ဂမျှ  အကန်းပမာ ဖြစ်သွားရသည်။ ၎င်းနောက် -
ကမ္ဘာကြီးပြိုပျက်သွားသလို တုန်ဟည်းသံကြီး ပေါ်လာသည်။ နားကွဲရလုခမန်း ဆူညံကျယ်လောင် သော မိုးထစ်ချုန်းသံကို ကြားလိုက်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး    ထိတ်လန့်သွားသည်။ တုန်လှုပ်သွားသည်။
သည်စဉ်မှာပင် လက်မှသေနတ်လှုပ်သွားသည်။ သေနတ်သံကို ကြားရသည်ထင်သည်။ ညည်းညူသံ တစ်သံကို နားနှင့်ဆတ်ဆတ် ကြားလိုက်ရသည်။
“ကိုမောင်မောင်ဦး”
ဒေါ်ရေနံ့သာခင်ခင်ကြီး      အချောက်ချောက် အချားချား ခေါ်လိုက်မိသည်။
မျက်စိမှပြာဝေခြင်းသည် ရုတ်တရက် ပျောက်ကွယ်  မသွား။ စမ်းတဝါးဝါး ဖြစ်နေသည်။ စိုးရိမ်ပူပန်မှုများ ကို ရင်ထဲမှာ ခံစားရသည်။
ညည်းသံကို ဆက်၍ကြားရသည်။ 
မျက်လုံးများကို မှိတ်ထားလိုက်သည်။ ပြန်ဖွင့် လိုက်သောအခါ ပြာဝေခြင်းမှ အတန်သက်သာရာ ရသည်။
သည်တွင်ပင်    သူသည် ကိုမောင်မောင်ဦးကို မြင်ရသည်။ ကိုမောင်မောင်ဦးသည် လဲပြိုမသွား စေရန် ကုလားထိုင်ကျောမှီကို အားပြုဖေးကိုင်ထား သည်။ သူ၏မျက်နှာ၌ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရဟန်ရှိသည်။ ရင်ဘတ်ကို လက်တစ်ဖက် ဖြင့် ဖိထားသည်။ မိမိကို အံ့သြထိတ်လန့်သော အသွင်ဖြင့် စိုက်ကြည့်လျက်ရှိကြောင်း တွေ့ရသည်။ 
သူ၏ ရင်ဘတ်မှာတော့ -
သွေး။ ရဲရဲနီသောသွေး၊ ခြင်းခြင်းနီသောသွေး။ 
ရှပ်အင်္ကျီမှာ  အဖြူရောင်။   သွေးစသွေးနနှင့် သွေးစီးကြောင်းတို့ အဖြူရောင်တွင် ပို၍ထင်းနေ သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ယမ်းယောင်ကာ အငွေ့ထွက်နေသော      သေနတ်ကို  တစ်လှည့် ကိုမောင်မောင်ဦးကို တစ်လှည့်ကြည့်ရင်း ကြက်သေ သေနေမိလေသည်။
“ညီမ၊ မင်းတကယ် ပစ်ရက်တယ်နော်။ ကိုယ့် အပေါ် တကယ်ရက်စက်နိုင်တယ်နော်”
ကိုမောင်မောင်ဦးထံမှ ဆို့နင့်သော၊ ကြေကွဲသော၊ တိုးညင်းသောအသံ ထွက်ပေါ်လာသည်။
သည်အသံသည် သူ၏နောက်ဆုံးအသံပင် ဖြစ်ပါ လိမ့်မည်။ သည်စကားသည် သူ့ထံမှ နောက်ဆုံး ကြားရသော စကားပင်ဖြစ်ပါလိမ့်မည်။ နောက်ဆုံး ထွက်သက်လေနှင့်အတူ ထွက်ပေါ်လာသော စကား သံများ ဖြစ်ပါလိမ့်မည်။
ပြင်ပ၌ မိုးသည် သဲသဲမဲမဲ ရွာနေဆဲ။
x  x  x  x  x

အပိုင်း (၉)

“ရှင့် ဒေါ်ရေနံ့သာခင်ခင်ကြီး”
အမျိုးသမီးထောင်ကြပ်၏ ခေါ်သံသည် အတွေး၌ နစ်မြောနေသော    ဒေါ်ရေနံ့သာခင်ခင်ကြီးအား ခြောက်လှန့်လိုက်သလို ဖြစ်သည်။ အတွေးအလျဉ် ကို တန့်ရပ်လိုက်စေသလို ဖြစ်သည်။
ထောင်ကြပ်အမျိုးသမီးသည်     သူ့အမည်ကို လိုလိုလားလား  ခေါ်ခဲ့သည်တော့မဟုတ်။ နှစ်နှစ် ခြိုက်ခြိုက်    သုံးနှုန်းလိုက်သည်တော့မဟုတ်။ ထေ့ထေ့ငေါ့ငါ့ ခေါ်လိုက်ခြင်းဖြစ်သည်။ လှောင်ပြောင် သရော်လိုဟန်ဖြင့် သုံးနှုန်းလိုက်ခြင်းဖြစ်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ထောင်ကြပ်အမျိုး သမီး၏မျက်နှာကို မော့ကြည့်လိုက်သည်။ မိမိအပါး ၌ သူ ဘယ်အချိန်က ရောက်နေမှန်းမသိ။ ဘယ်နည်း ဘယ်ပုံ ရောက်လာခဲ့ကြောင်း မတွေးတတ်။
“အခုထိ ရှင်ဘာမှ မလုပ်ရသေးပါလား။ ဒီအချိန် အထိ ထိုင်နေတုန်းပဲလား။ ငေးနေတုန်းပဲလား”
ထောင်ကြပ်အမျိုးသမီး   မကျေနပ်နိုင်သလို ဆိုသည်။ 
“ကျွန်မ ဘာလုပ်ရမှာလဲဟင်” 
ဒေါ်ရေနံ့သာခင်ခင်ကြီး ပြန်မေးသည်။
“ဒီကနေ့ ရုံးထွက်ရမယ့်နေ့ဆိုတာ ရှင်မေ့နေ သလား ဒေါ်ရေနံ့သာခင်ခင်ကြီး”
ဒေါ်ရေနံ့သာခင်ခင်ကြီး ဘာမျှမပြောတော့။
“ကဲပါရှင်။ ထပါ။ မျက်နှာသစ်ပါ။ ခေါင်းဖြီးပါ။ နောက်တစ်ခေါက်   ပြန်လှည့်လာတဲ့အချိန်မှာ အားလုံး အဆင်သင့်ဖြစ်နေပါစေ ဟုတ်လား”
ဒေါ်ရေနံ့သာခင်ခင်ကြီး   ခေါင်းညိတ်ပြလိုက် သည်။
ကမ္ဘာလောကတစ်ခုလုံး   လင်းလင်းထင်းထင်း ရှိနေခဲ့ပေပြီ။
အမှောင်ဆိတ်သုဉ်းသွားခဲ့ပြီ။ အလင်းရောင်သည် လောကကို ၎င်း၏ ပူနွေးသောရောင်ခြည်များဖြင့် ဖြန့်ကြက် ဖုံးလွှမ်းလိုက်လေပြီ။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏    မျက်ဝန်းများမှာ စပ်ကျင်နေဆဲဖြစ်သည်။    ခေါင်းမှာ ရီဝေနေဆဲ ဖြစ်သည်။ ထိုင်ရာမှထရပ်လိုက်သောအခါ အင်အား ကုန်ခန်းနေသလိုရှိကြောင်း ခံစားရသည်။
သည်ကနေ့ အမှုအတွက် စီရင်ချက်ချမည့်နေ့။ အဖြူအမည်း ကွဲပြားမည့်နေ့။
စိတ်မလှုပ်ရှားပါဘူးဆိုသော်လည်း၊ မတုန်လှုပ် ပါဘူးဆိုသော်လည်း ရင်မှာအခုန်သားပါကလား။
မည်သို့ပင်ဆိုစေ အပြင်သို့ထွက်ရမည်။ ပြင်ပလေ ကို ရှူရမည်ဆိုသောအခါ ဝမ်းသာရသည်အမှန်ပင်။ ပြီး ပြင်ပမှ မိမိအပေါ် လိုလားနှစ်သက်ခြင်းရှိကြ လေသူတို့နှင့်လည်း ဆုံတွေ့ရဦးမည်ပင်။ ထိုသူတို့ အနေနှင့်လည်း မိမိအား မြင်တွေ့နိုင်ခွင့် ရရှိကြမည် အမှန်ပင်။
သည်အတွေးကို တွေးမိပြန်တော့လည်း ဒေါ်ရေနံ့ သာခင်ခင်ကြီး၏ စိတ်သန္တာန်မှာ တက်ကြွလာရ သည်။ ဖျတ်ဖျတ်လတ်လတ် ရှိလာရသည်။
ဘာတစ်ခုမျှ မျှော်လင့်စရာ မရှိသည်နှင့်စာလျှင် တစ်စုံတစ်ခုအတွက် မျှော်လင့်နေရခြင်းက သာလွန် ကောင်းမွန်သည် အမှန်ပါတည်း။
x  x  x  x  x

[ ၁ ]
စောစောက လူသံသူသံတို့ဖြင့် ဆူညံနေခဲ့လေ သော ရုံးခန်းသည် ဒေါ်ရေနံ့သာခင်ခင်ကြီး ဝင်လာ သည်နှင့်တစ်ပြိုင်နက် တိတ်ဆိတ်သွားလေသည်။ ငြိမ်သက်သွားလေသည်။    လူတို့၏အာရုံသည် ဒေါ်ရေနံ့သာခင်ခင်ကြီးထံ ရောက်ရှိသွားကြသည်။ အကြည့်အားလုံး သူ့ကိုယ်ပေါ်သို့ ကျရောက်လာ သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည်       ရုံးခန်းဝသို့ အရောက်၌ ရုံးခန်းကို ဖျတ်ခနဲ တစ်ချက်ဝေ့ကြည့် လိုက်သည်။ မိမိအား    စူးစိုက်ကြည့်နေသော မျက်ဝန်းများနှင့်   ဆုံလိုက်ရသည်။   ချက်ချင်း မျက်လွှာချလိုက်ကာ   ရုံးခန်း၏   အူလယ်လမ်း ကြောင်းအတိုင်း ဣန္ဒြေရရ လျှောက်လာသည်။
တိတ်ဆိတ်နေသော ရုံးခန်းတွင် ဒေါ်ရေနံ့သာ ခင်ခင်ကြီးနှင့် အစောင့်အရှောက်တို့၏ ခြေသံသည် သာ ကျယ်လောင်သော အသံအဖြစ် ထွက်ပေါ်လာ သည်။ ခြေလှမ်းလိုက်လေတိုင်း ထဘီစသည် ဝဲ၍ ဝဲ၍ သွားသည်။ သူ၏ ထဘီစ  ခတ်သံသည်ပင် ရုံးခန်းအတွင်း၌  ကျယ်လောင်သောအသံအဖြစ် ပေါ်ထွက်နေသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး      တရားခံအတွက် သီးသန့်ပေးထားသော ထိုင်ခုံ၌ ထိုင်လိုက်သည်။ သူထိုင်၍ အတော်ချည်းကြာလျှင် ရုံးခန်းသည် ပြန်လည်အသက်ဝင်လာသလို ရှိသည်။ စကားသံ တို့ဖြင့် ပြန်လည်ညံစီလာသည်။
ရုံးခန်း၌ တရားလို၊ တရားခံနှင့် အမှုတွင် စိတ်ဝင် တစားရှိကြသူတို့ အစုံအညီ ရောက်ရှိနေကြပြီဖြစ် သည်။ သိက္ခာကြီးသော တရားသူကြီးမင်းသည် ရောက်ရှိမလာသေး။ လူအားလုံးတို့ ၎င်းကို စောင့်မျှော် နေကြသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည်     ရုံးခန်းဆီသို့          တစ်ကြိမ်  လှည့်ကြည့်လိုက်မိပြန်သည်။ ရုံးခန်း အတွင်း၌ အမှုဖြစ်ခါစကလောက် လူသူများပြား ခြင်းမရှိ။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏အမှုကို စတင်စစ်ဆေးစ ကဆိုလျှင် ရုံးခန်းမှာ လူသူ  ကျပ်ညပ်နေသည်။ နေစရာထိုင်စရာ မရှိလောက်အောင် များပြားသည်။
နောက်ပိုင်းတွင်မူ တစ်စထက်တစ်စ လူကျဲလာ သည်။ အမှုနှင့် အဓိက ပတ်သက်စပ်ဆိုင်နေသူများ ကိုသာ အများအားဖြင့်   တွေ့ရတတ်လေ့ရှိသည်။ သည်ကနေ့  စီရင်ချက်ချမည့်နေ့ဖြစ်သဖြင့် ယခင် အမှုစစ်ဆေးဆဲနေ့များကထက် လူပိုလာကြောင်း တွေ့ရသည်။
ဆက်လက်ဖော်ပြပါမည်။