ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်


မှန်သည်။ မခင်သန်းနွဲ့သည် ကိုမောင်မောင်ဦး၏ အလောင်းကို ပထမဆုံးတွေ့ရှိသူဖြစ်သည်။ ရဲထံ သွားရောက်တိုင်ကြားသူဖြစ်သည်။ အခင်းဖြစ်စဉ်က အိမ်တွင်မရှိခဲ့သော်လည်း ဖြစ်ပြီး  မိနစ်အနည်းငယ် အကြာ၌   အိမ်သို့ပြန်ရောက်လာသည်။    ကိုမောင် မောင်ဦး၏အလောင်းကိုတွေ့ရသည်။  သေနတ်ကို တွေ့ရသည်။  လက်ပွေ့အိတ်ကိုတွေ့ရသည်။ သို့ဖြင့် ရဲထံ တိုင်ကြားခဲ့သည်။ ရဲက သေနတ်နှင့် လက်ပွေ့ အိတ်မှ သဲလွန်စရှာသည်။ ထိုအခါ ယင်းလက်ပွေ့ အိတ်ထဲမှ စာတစ်စောင်ကိုတွေ့ရသည်။ လိပ်စာမှာ ပြည်လမ်းရှိ ရေနံ့သာလိပ်စာ။  လိပ်စာ၏ ရည်ညွှန်း သောအမည်က  ဒေါ်ရေနံ့သာခင်ခင်ကြီး။ စာမှာ ရေနံချောင်းမှလာသည်။    မဝင်းရီရေးလိုက်သော စာဖြစ်သည်။
ရဲတို့ ရေနံ့သာသို့ရောက်အလာ၌  ဒေါ်ရေနံ့သာ ခင်ခင်ကြီးက  စတင်၍  သူ လူသတ်ခဲ့ကြောင်း ဆီးပြောသည်။   အကြည်အသာ  အဖမ်းခံသည်။ လက်ဗွေပါရဂူက  သေနတ်ပေါ်မှာ ထင်နေသည့် လက်ဗွေရာသည်  သူ၏လက်ဗွေရာနှင့်  တူညီ နေကြောင်း သက်သေခံသည်။ 
ရုံးတွင်   မခင်သန်းနွဲ့က   လမ်း၌သော်လည်း ကောင်း၊ အိမ်ထဲ၌သော်လည်းကောင်း ဒေါ်ရေနံ့သာ ခင်ခင်ကြီးနှင့် မတွေ့ခဲ့ပါဟု ဒေါ်ရေနံ့သာခင်ခင်ကြီး အပေါ် မယိုးစွပ်လို၍လား၊ မယိုးစွပ်ချင်၍လား မသိ။ အစစ်ခံခဲ့သည်။  
စင်စစ်တွင်မူ ကိုမောင်မောင်ဦးအား သေနတ်ဖြင့် ပစ်မိပြီး  ကြက်သေသေနေရာမှ   ရုတ်တရက်  သတိ ပြန်ဝင်လာကာ    သေနတ်ကိုပစ်ချပြီး  အချောက် ချောက်အချားချား  ထွက်ပြေးလာခဲ့မိချိန်တွင်   လမ်း၌   ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် မခင်သန်းနွဲ့တို့ ဆုံမိကြစကောင်းပါသည်။
ရုံး၌ တစ်ကြိမ်နှစ်ကြိမ်မျှ သက်သေခံပြီးနောက် မခင်သန်းနွဲ့  ပျောက်ခြင်းမလှ  ပျောက်သွားသည်။ သူ့အား    သက်သေခံဖို့   ဆင့်ခေါ်၍မရကြောင်း၊ လက်ရှိအိမ်တွင်    မရှိတော့ကြောင်း၊ အဘယ်သို့ ထွက်သွားသည်ကို   မသိရကြောင်းနှင့်  ရုံးမင်းထံ ရှေ့ဘက်စာရေးက    တင်ပြသည်ကို   ကြားခဲ့ရသည်။ ထိုနောက်ပိုင်းမှစ၍  မခင်သန်းနွဲ့   ထာဝရပျောက် ကွယ်သွားသည်။  သည်စဉ်က  နန်းကိန္နရီ ရုံးသို့ မလာနိုင်သေး။      ခြေထောက်ကို   ကျောက်ပတ်တီး စည်းထားရဆဲဖြစ်သည်။
လူတို့၏အကြည့်သည် ရုံးခန်းနှင့် စည်းဝေးခန်းကို ခြားထားရာ တံခါးဆီသို့ ရောက်သွားကြကြောင်း တွေ့ရသည်။ ညံစီနေသောအသံများ မီးကိုရေနှင့် ဖျန်းလိုက်သည့်နှယ် တိတ်ဆိတ်သွားသည်။
လူတို့ကြည့်နေသောနေရာသို့ ဒေါ်ရေနံ့သာ ခင်ခင်ကြီး ကြည့်လိုက်သည်။
ဣန္ဒြေကြီးသော၊ သိက္ခာရှိသောအစဉ်လို မျက်လွှာ ချထားလေ့ရှိသော  တရားသူကြီးမင်းသည် တံခါး ပေါက်ဝမှ ထွက်ပေါ်လာသည်။ သူ့နောက်မှာ အခြံ အရံပါသည်။ သူ့လက်ထဲမှာ စာရွက်စာတမ်းအချို့ ပါသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏စိတ်၌ တရားသူကြီး မင်း၏လက်မှာ စာရွက်စာတမ်း ပါလာသည်မထင်။ မိမိ၏ကံကြမ္မာကို    ယူဆောင်လာသည်ဟုသာ ထင်မိပါသည်။
 x  x  x  x  x
[ ၂ ] 
တရားသူကြီး  ရုံးခန်းအတွင်းသို့ဝင်လာသည်ကို ရုံးခန်းအတွင်းရှိ  လူအားလုံးက  မတ်တတ်ရပ်၍ အရိုအသေပေးကြသည်။  ထိုထဲတွင် ဒေါ်ရေနံ့သာ ခင်ခင်ကြီးလည်း   ပါဝင်သည်။  တရားသူကြီးက ထိုင်လိုက်မှ အားလုံးထိုင်လိုက်သည်။
တရားသူကြီးက   ရှေ့ဘက်စာရေးအား  တစ်စုံ တစ်ခုပြောလိုက်သည်။  အသံမှာ  တိုးလွန်းသော ကြောင့်  ဘာမျှမကြားရ။  ရှေ့ဘက်စာရေးသည် အမှုတွဲလေးတွဲအနက်မှ အမှုတွဲတစ်တွဲကို ထုတ်ယူ လိုက်သည်။ အမှုတွဲနံပါတ်နှင့် တရားလို၊ တရားခံ အမည်များ လူအားလုံးကြားရလောက်အောင် အော်ပြောလိုက်သည်။ 
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အမှုတည်း။
ရှေ့ဘက်စာရေးက အမှုတွဲကို တရားသူကြီးရှေ့မှာ ချပေးသည်။ တရားသူကြီးသည် အမှုတွဲကို ဟိုလှန် သည်လှန်ပြုသည်။  အချို့နေရာကို  ဖတ်ရှုခြင်းပြု သေးသည်။
လူတို့၏အာရုံသည်     ၎င်းထံရောက်နေသည်။ အသက်ကို ဝဝမရှူရဲဘဲ၊ မျက်တောင်မခတ်ရဲဘဲ ငေးစိုက်ကြည့်နေမိကြသည်။
ရုံးခန်းမှာ အရှိန်ပြင်းပြင်းနှင့် လည်ပတ်နေသော ပန်ကာမှ ပန်ကာရွက်တို့ လေတိုးသံ၊ တရားသူကြီး၏ စာရွက်လှန်လှော်သံတို့သည်သာ    ပေါ်ထွက်နေ သည်။
“ဒီအမှုနဲ့ပတ်သက်လို့  ဒီကနေ့ စီရင်ချက်ချရမယ့် နေ့”
စက္ခုန္ဒြေချထားသော တရားသူကြီး၏အသံကို ကြားရသည်။ သူသည် လက်နှိပ်စက်ဖြင့် အသင့်ရိုက် ယူလာသော စီရင်ချက်ကို ထုတ်ယူလိုက်သည်။
ရုံးခန်းထဲမှာ ပိုမိုတိတ်ဆိတ်သွားသည်ဟု ထင်ရ သည်။ လူအားလုံးတို့ကို ကျောက်ဆစ်ရုပ်တုများ အဖြစ်သို့ ပြောင်းလွဲလိုက်သလိုဖြစ်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် တရားသူကြီးကို စူးစိုက်ကြည့်လျက်ရှိသည်။    တရားသူကြီး၏ ရုပ်သွင်တစ်ခုတည်းကိုသာ  မြင်တွေ့နေရသည် မဟုတ်။ သူ၏အမြင်သို့ တရားသူကြီးနှင့် နီးစပ် လျက်ရှိသောအရာအားလုံး ဝင်လာသည်။ နိုင်ငံ တော်၏ ခေါင်းဆောင်ကြီးများ ဓာတ်ပုံတို့သည် လည်းကောင်း၊ နိုင်ငံတော်အလံသည်လည်းကောင်း၊ နိုင်ငံတော်တံဆိပ်သည်လည်းကောင်း၊ တရားမျှတ ခြင်း၊ သမာဓိရှိခြင်း စသောအဓိပ္ပာယ်ကို အလေး အနက်ဆောင်ယူထားဘိသကဲ့သို့ ရှိသည်။
သူ၏အကြားအာရုံသို့ တရားသူကြီး၏ ခံ့ညား အောင်မြင်သော အသံလှိုင်းသည် လာရောက်ရိုက် ခတ်နေလေသည်။
တရားသူကြီးက လက်နှိပ်စက်ဖြင့်ရိုက်ထားသော စီရင်ချက်ကို ဖတ်ပြနေခြင်းဖြစ်သည်။
တရားသူကြီးက ရေနံ့သာခင်ခင်ကြီး၏အမှုမှာ ကြုံဆုံခဲ့ဖူးသမျှ အမှုတကာတို့အနက် သိမ်မွေ့ဆုံး သော အမှုတစ်မှုဖြစ်ခဲ့ဖူးကြောင်း၊ ထို့ကြောင့် ယင်းအမှုကို ကိုင်တွယ်သုံးသပ်ရာ၌ အခက်အခဲနှင့် ကြုံရကြောင်း၊ အချိန်လောက်လောက်ငင ယူခဲ့ရ ကြောင်း၊ အမှုသွားအမှုလာကို သေချာစွာ စေ့ငုခဲ့ ကြောင်း၊ စွဲချက်တင်ထိုက် မတင်ထိုက် အဆုံးအဖြတ် ပေးခဲ့ရာတွင်ပင် လွယ်ကူခြင်းမရှိခဲ့ကြောင်း၊ တရားလို အကျိုးဆောင်၏ လျှောက်လဲချက်များ၊ တရားခံ အကျိုးဆောင်၏ လျှောက်လဲချက်များ၊ နှစ်ဖက်စလုံး က တင်ပြသော သက်သေတို့၏ ထွက်ချက်များ၊ လက်ဗွေပါရဂူ၊ လက်နက်ပါရဂူ စသောအသိပညာရှင် အတတ်ပညာရှင်တို့၏ ထွက်ဆိုချက်များကို စိစစ် ကြားနာခဲ့ကြောင်း စသည်ဖြင့် နိဒါန်းစကားအားဖြင့် ဖော်ပြသည်။
ရေနံ့သာခင်ခင်ကြီး၏အမှုမှာ သိမ်မွေ့သည်နှင့် အမျှ နက်နဲခြင်းလည်းရှိကြောင်း၊ အသတ်ခံရသူ လူသတ်မှုကျူးလွန်သည်ဟု ယူဆရသူတို့၏ အနေ အထားအရ ကွာဟခြားနားမှုများစွာရှိခဲ့ကြောင်း၊ သက်သေထွက်ချက်များအရ ၎င်းတို့နှစ်ဦး၏ ကာလ ရှည်လျားစွာက ကြောင်းခြင်းရာများသည် ခံပြင်း ဖွယ်၊ နာကြည်းဖွယ်၊ ဒေါသဖြစ်ဖွယ်တို့ဖြင့် ပြွမ်းတီး နေကြောင်း။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ရင်မှာ ခုန်လာသည်။ တုန်လှုပ်လာသည်။   သူသည်   တရားသူကြီး၏ စကားကို စူးစိုက်နားထောင်နေသည်။ စင်စစ်တွင်မူ သူ၏အာရုံမှာ ပျံ့လွင့်ချင်သည်။ စိတ်သန္တာန်သည် ကျဉ်းမြောင်းကျပ်တည်းသော    ရုံးခန်းပြင်ပသို့ လွင့်စဉ်ထွက်ရောက်သွားချင်သည်။ ဤသည်ကို သတိနှင့် ထိန်းချုပ်နေရသည်။ သို့တိုင်အောင် တစ်ခါ တစ်ခါတွင် စိတ်သည် ဝေ၍ဝေ၍သွားသည်။ အမြင် အားလုံးသည် ဝါး၍ဝါး၍သွားသည်။ တရားသူကြီး၏ အသံတို့သည် အဝေးမှ ပျံ့လွင့်ရောက်ရှိလာသည့်နှယ်ဖြစ်သည်။ ပဲ့တင်သံသဖွယ်လည်း ရိုက်ခတ်လာ တတ်ချေသေးသည်။
တရားလိုအကျိုးဆောင်ပညာရှိ ဝတ်လုံတော်ရ မင်း တင်ပြသော သက်သေတို့၏ ထွက်ချက်များ သည် စဉ်းစားချင်ဖွယ်ရှိခဲ့ကြောင်း၊ ငွေညှစ်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း စသည်တို့ သည် လူတစ်ဦးတစ်ယောက်၏ အဇ္ဈတ္တသဏ္ဌာန်၌ နာကြည်းခံပြင်းမှုကို မွေးမြူပေးနိုင်ကြောင်း၊ ယင်း ဂယက်ကို ထန်နိုင်စေခဲ့ကြောင်း။ ထို့ကြောင့် ရေနံ့သာ ခင်ခင်ကြီးအနေနှင့် မိမိအပေါ် ယင်းသို့ပြုမူခဲ့သူကို ပြန်လည်လက်စားချေမည်ဆိုလျှင်လည်း ချေနိုင် သည်ပင်ဖြစ်ကြောင်း။
ရုံးခန်းသည် ပိုမိုတိတ်ဆိတ်သွားသည်။ တရား သူကြီး၏အသံသည် ပိုမိုကျယ်လောင်လာသည်ဟု ထင်မှတ်ရသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည်   အမှတ်မထင် ဆိုသလို ရုံးခန်းအတွင်းဘက်သို့ လှမ်းကြည့်လိုက် သည်။  ထိုအခါ  လူတကာတို့မျက်နှာများသည် ဖြူဖျော့နေသည်ဟု ထင်ရပါသည်။ သွေးဆုတ်နေ သည်ဟု ထင်ရပါသည်။
ဗိုလ်မှူးညိုထွန်း၊ ကိုကို၊ မဝင်းရီ၊ ၎င်းတို့သည် တကယ်ပင် ကျောက်ဆစ်ရုပ်ကြီးများနှယ် ဖြူဖျော့ ဖျော့ဖြစ်နေသည်ဟု မှတ်ယူသည်။
တရားသူကြီးမင်းသည်    ၎င်း၏စီရင်ချက်ကို ကရားနှုတ်သီးမှလွှတ်အပ်သော    ရေအလျဉ်နှယ် တစ်ဆက်တည်း ဆက်လက်ဖတ်ပြနေသည်။
လက်ဗွေပါရဂူတို့သည် သေဆုံးသူမောင်မောင်ဦး ၏အိမ်မှ အလောင်းအနီးမှာတွေ့ခဲ့ရသော သေနတ် ပေါ်မှ လက်ဗွေရာများကို တရားခံအဖြစ်ယူဆရသူ ရေနံ့သာခင်ခင်ကြီး၏ လက်ဗွေတို့နှင့် တူညီသည်ဟု မှတ်ချက်ချခဲ့ကြသည်။ လက်နက်ပါရဂူတို့ကလည်း အခင်းဖြစ်စဉ်က တွေ့ရှိရသော သေနတ်မှ ကျည်ဆန် သည် သေဆုံးသူ၏ကိုယ်ထဲမှ ထုတ်ယူရရှိသော တစ်ထောင့်တည်းသောကျည်ဆန်နှင့် တူညီသည် ဟု မှတ်ချက်ချခဲ့သည်။   ထိုစဉ်က အသုံးပြုသော လက်နက်မှာ ယင်းလက်နက်ပင်ဖြစ်ကြောင်း အခင်း ဖြစ်စဉ်က   စစ်ဆေးတွေ့ရှိသည့်  ရဲအရာရှိနှင့် သက်သေအမှတ်တစ် မခင်သန်းနွဲ့တို့က ထွက်ဆိုခဲ့ သည်။  ထို့ကြောင့်  ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သေနတ်တစ်လက်ကို ကိုင်ဆောင်ကာ သေဆုံးသူ အား  ပစ်ခဲ့ကြောင်း။  ယူဆမည်ဆိုက  ယူဆထိုက် ကြောင်း။ ရေနံ့သာခင်ခင်ကြီးအား  လူသတ်သမား ဟု ထင်မြင်မည်ဆိုလျှင် ထင်မြင်နိုင်စွမ်းအကြောင်း တို့ရှိကြောင်း။
၎င်းပြင် တရားခံဟုယူဆရသူ ရေနံ့သာခင်ခင်ကြီး ကိုယ်တိုင်က    သေဆုံးသူ  မောင်မောင်ဦးအား သတ်ဖြတ်ခဲ့ခြင်းကို ငြင်းပယ်မှုမရှိခဲ့။
အထက်ပါအကြောင်းခြင်းရာများကို   ဆန်းစစ် ထောက်ထားလျက် အခင်းဖြစ်စဉ်က ပါဝင်ခဲ့သော လက်နက်ပစ္စည်းတို့က    လူသတ်တရားခံအား မည်သူမည်ဝါဟု    ဖော်ပြနေသလိုရှိခဲ့ကြောင်း၊ အကယ်၍    တရားခံအနေနှင့်   သေဆုံးသူအား လက်စားချေခြင်းသဘော၊ လက်တုံ့ပြန်ခြင်းသဘော ဖြင့် သတ်မည်ဆိုလျှင် သတ်ထိုက်သောအကြောင်း အချက်များကို မြင်တွေ့နေရကြောင်း။
ဆက်လက်ဖော်ပြပါမည်။