ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်


“ဟုတ်တယ်၊ ဒါပဲဖြစ်မှာပါ”
ဗိုလ်မှူးညိုထွန်းက   ဒေါ်ရေနံ့သာခင်ခင်ကြီး ၏စကားကို သံယောင်လိုက်၍ဆိုသည်။
လေယာဉ်သည် တစ်စထက်တစ်စ ပီသလာသည်။ လေယာဉ်ကိုယ်ကို နေရောင်ဟပ်ကာ သတ္တုပြား ကလေး လေထဲမှာလွင့်မြောနေသလိုရှိသည်။
“အစ်ကိုထွန်း”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ လက်တစ်ဖက်သည် ဗိုလ်မှူးညိုထွန်း၏လက်ကို ဆုပ်ကိုင်လာသည်။ စင်စစ် ဗိုလ်မှူးညိုထွန်းအား မှီတွဲအားယူလိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင်မူ ဝမ်းသာမှုအရှိန်အဟုန် ကြောင့် ပြိုလဲသွားနိုင်သည်။ ဗိုလ်မှူးညိုထွန်းက လက်ကိုဆွဲယူကာ   အားပေးဖေးမရသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏လက်မှာ  အေးစက် တုန်ယင်နေသည်။
“ဒီတစ်ခါ မလွဲနိုင်တော့ပါဘူးနော်”
“မလွဲနိုင်ပါဘူး ညီမ။ အစ်ကိုထွန်း စောစောကပဲ ခရီးသည်မှတ်တမ်းကို ကြည့်ခဲ့ပြီးပြီ။ အဲဒီအထဲမှာ နွယ်နွယ်ထွန်းဆိုတဲ့နာမည် ပါနေတာပဲဥစ္စာ”
လေယာဉ်သည် မိုးယံဝမှ အကောင်အထည် ပီသစွာ ပေါ်လာသည်။ လေယာဉ်သံကို ကြားရစ ပြုလာသည်။ လေလုံသော အအေးခန်းအတွင်းမှာမို့ အသံသည် များစွာကျယ်လောင်ခြင်းမရှိချေ။ အပြင် မှာဆိုလျှင်ကား မြေပြင်တုန်မတတ် မြည်ဟည်းနေ မည်မှာ သေချာသည်။
ကြီးမားသော စွန်ရဲတစ်ကောင် မြေပြင်မှ အစာကို ရှာဖွေနေသည့်နှယ် လေယာဉ်သည် ကောင်းကင်မှ နေ၍ လေယာဉ်ပြေးလမ်းကြောင်းကို ရှာဖွေနေ သည်။  ပြီးလျှင် အစာကိုမြင်၍ ထိုးသုတ်ရန် ချိန်ရွယ် နေသည့်နှယ် ဟန်ရေးကြွယ်စွာ လေယာဉ်ပြေး လမ်းကြောင်းဆီသို့  ဦးတည်လာသည်။ အသံသည် စူးရှကျယ်လောင်လာသည်။
မကြာမီ ငှက်စွန်ရဲသည် မြေပြင်သို့ ထိုးသုတ်ရန် နိမ့်ဆင်းလာသည်။ လေယာဉ်သည် လေယာဉ်ပြေး လမ်းကြောင်းအတိုင်း ငြိမ့်ခနဲ ဆင်းသက်လာသည်။ အနောက်မှသည် အရှေ့သို့ လမ်းကြောင်းအတိုင်း ပြေးလွှားသွားသည်။
“အပြင်ထွက်ကြရအောင်”
မျိုးထွန်းသိန်းက ဆိုသည်။ သူက ဦးဆောင်လျက် စားသောက်ဆိုင်ထဲမှ ထွက်ခဲ့ကြသည်။ ဆင်ဝင် များသို့ ရောက်ခဲ့ကြသည်။
လေယာဉ်သည် ကွင်းအစပ်မှ ထိန်းချုပ်ရေး အဆောက်အဦဆီသို့ ပြန်လည်မောင်းနှင်လာသည်။ အချက်ပြသူသည် ယပ်တောင်ကဲ့သို့ အပြားကလေး နှစ်ပြားဖြင့် လေယာဉ်ဆိုက်ကပ်ရမည့်နေရာကို ပြသပေးနေသည်။ ဘီအိုအေစီ လေကြောင်းကုမ္ပဏီ ပိုင် လေယာဉ်ကြီးသည် ကြွားကြွားရွားရွားဟန်ဖြင့် လေဆိပ်အဆောက်အဦရှေ့မှာ ရပ်နားဆိုက်ကပ် လိုက်လေသည်။
ပန်ကာလည်ပတ်ခြင်းများ ရပ်တန့်သွားသော အခါ အရာရာသည် ပြန်လည်ငြိမ်သက်တိတ်ဆိတ် သွားသလိုရှိသည်။ မြေပြင်ဧည့်ခံရေးနှင့် အကောက် ခွန်အရာရှိတို့ လေယာဉ်ဆီသို့ လျှောက်သွားကြ သည်။ အလုပ်သမားများက လှေကားစသည်တို့ကို ယူသွားကြသည်။ 
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ယင်းတို့ကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။ မကြာမီ လေယာဉ်ပေါ်မှ ခရီးသည်များ ဆင်းလာကြပေတော့ မည်။ သမီးဖြစ်သူသည် ခရီးသည်များနှင့် ရောနှောပါ ဝင်လာပေလိမ့်မည်။ သမီး၏မျက်နှာကို မြင်တွေ့ ရရန် အချိန်မဝေးတော့ပါကလား။ ရင်ထဲမှာ ပိုမို လှုပ်ရှားလာသည်။
လေယာဉ်တံခါးပွင့်လာသည်။ လှေကားအတိုင်း ခရီးသည်အချို့ ဆင်းသက်လာကြသည်။ အတန် ငယ် ဝေးလံသည်ဖြစ်၍ မည်သူမည်ဝါ မသဲကွဲလှ။
ဖြစ်နိုင်လျှင်တော့ မှန်တံခါးများကို ထိုးခွဲကာ စင်္ကြံမှ ခုန်ဆင်းလျက်  လူတွေဘက်သို့ ပြေးသွား လိုက်ချင်သည်။  အမြန်ဆုံး  သွားရောက်ဆုံတွေ့ လိုက်ချင်သည်။ သို့ပေမဲ့  စည်းကမ်းကလနား ဆိုသည်က လေဆိပ်လိုနေရာမျိုးမှာ အများသား။
လေယာဉ်ပေါ်မှ ဆင်းလာသော လူသိုက်သည် လေဆိပ်နှင့် တစ်စထက်တစ်စ နီးကပ်လာသည်။ လေယာဉ်ပေါ်မှ ဆင်းလာသူများကလည်း လေဆိပ် အဆောက်အဦဆီသို့ ကြည့်နေကြသည်။ လေဆိပ် အဆောက်အဦမှ လူအချို့က လက်ပြနှုတ်ဆက်ရာ သူတို့ကလည်း ပြန်လှန်လက်ပြနှုတ်ဆက်ကြသည်။ 
“အဲလစ်... အဲလစ်၊ ဟိုမှာ ... အဲလစ်”
မျိုးထွန်းသိန်းက လူအုပ်အတွင်း လက်ညှိုးညွှန်ပြ သည်။ ဝမ်းသာအားရပြောသည်။ ဦးကျော်ထွန်းနှင့် ဒေါ်နွယ်နွယ်က လက်ပြနှုတ်ဆက်သည်။ ဒေါ်နွယ်နွယ် က “သမီး” ဟု နှုတ်မှမြည်တမ်းကာ ခုန်ပေါက်တော့ မတတ် လက်ဝှေ့ယမ်းပြသည်။
ခရီးသည်တစ်သိုက်ထဲမှာ မိန်းကလေးအချို့ပါ သည်။  မြင်ရုံနှင့်ပင်  မြန်မာဟု သိသာသော မိန်းကလေးသုံးလေးယောက် ပါနေသည်။ သည် အထဲမှာ အဝါရောင်ဆွယ်တာ အင်္ကျီဝတ်မိန်းကလေး ကို မျိုးထွန်းသိန်းက ညွှန်သည်။  ဒေါ်ရေနံ့သာ ခင်ခင်ကြီးအား ပြသည်။
“အန်တီ၊ အဲဒီအဝါဟာ အဲလစ်ပေါ့ ။ အဲလစ်ဟာ သူပဲပေါ့”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏         စိတ်အာရုံသည် ဆောက်တည်ရာမရနိုင်တော့သလိုရှိသည်။ အဝေး သို့ လွင့်ပါးသွားရသည့်နှယ် ဖြစ်သည်။
အဝါရောင်ဆွယ်တာအင်္ကျီဝတ်ထားသော မိန်း ကလေးကို  စူးစိုက်ကြည့်ရင်းမှပင်  အမြင်သည် ဝါးနေရသည့်နှယ်ရှိသည်။ ရင်ထဲမှာ တထိတ်ထိတ် ခုန်နေသည်။
“သမီး၊ သမီး” ဟူသော အသံသည် ရင်ထဲမှာ ပြင်းထန်စွာ မြည်ဟည်းနေသည့်နှယ်ရှိသည်။
ခရီးသည်တစ်သိုက်သည်   အမိုးအောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
“လာအန်တီ၊ အောက်ကသွားစောင့်ကြရအောင်”
မျိုးထွန်းသိန်းက ဒေါ်ရေနံ့သာခင်ခင်ကြီးအား ဖေးမခေါ်ဆောင်လာသည်။ အောက်ထပ်သို့ ဆင်းခဲ့ ကြသည်။ ခရီးသည်စစ်ဆေးရာ အပေါက်ဝမှနေ၍ စောင့်ဆိုင်းနေကြရသည်။
ယင်းအချိန်တွင် နွယ်နွယ်ထွန်းတို့သည် လူဝင်မှု ကြီးကြပ်ရေး၊ အကောက်ခွန် စသည်တို့၌ အစစ်ဆေး ခံနေကြရသည်။
မကြာမီ  သည်အပေါက်ဝမှ  နွယ်နွယ်ထွန်း ထွက်လာပေလိမ့်မည်။ မိနစ်ပိုင်းအတွင်း သမီးဖြစ် သူကို မြင်ရပေတော့မည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏အာရုံသည် လွင့်ပါး သွားသည်။  ဝေးလံသီခေါင်လှသော  ကျောက် ပန်းတောင်းမြို့ကလေးဆီသို့ စိတ်အတွေး ပျံဝဲ ရောက်ရှိသွားရသည့်နှယ်ရှိသည်။ သည်တုန်းက သမီးကလေးနှင့် ခွဲခွာရသောနေ့။ ယခုလို ဆည်းဆာ ချိန်၊ နေဝင်ခါနီးအချိန်။
နေဝန်းသည်   ခင်ကြီးဆင့်တောင်တန်း၏ တောင်စွန်းတစ်ခုတွင် မေးတင်လျက်ရှိသည်။ နေဝန်း၏မျက်နှာမှာ ငိုကြွေးထားသော မိန်းမ တစ်ယောက်၏ မျက်နှာပြင်နှယ် နီမြန်းလျက်ရှိ သည်။ သို့နှင့်အမျှ သူထုတ်လွှတ်လိုက်လေသော ရောင်ခြည်တို့သည်လည်း အနီရောင်သန်းနေသည်။ ရှစ်ရပ်ဝန်းကျင်ကို ပုစွန်ဆီအရောင်အသွေး စွန်းထင်း ပေကျံစေသည်။ ဧရာဝတီမြစ်ဘက်မှ တက်လာသော တိမ်သားထုကို   ရွှေအနားကွပ်ပေးထားသည်။ တောင်ခါးပန်းမှ   ကျော်လွန်ဖြာကျလာသော ရောင်ခြည်တန်းများမှာ နတ်သမီးရက်ကန်းစင်မှာ ရက်ရှယ်ထားသော ရွှေခြည်မျှင်များနှယ် ရွှေရေးလု လျက်ရှိသည်။
သည်စဉ်က ရေစည်လှည်းတိုက်စားသူ သရော် လှောင်ပြောင်၍သီဆိုခဲ့သော သီချင်းကလေးကိုပင် အမှတ်ရနေမိသေးသည်။
“မယားသယ် ကြင်နာထိုက်ပါရဲ့။ သားငယ်ကို ရင်မှာပိုက်ပါလို့၊  အို-ကိုရာဇရဲ့၊  ပလ္လင်ရတနာ ဆိုက်အောင်ပ လာခဲ့သကို” ဆိုသော အပိုဒ်ကလေး ကို အလွတ်ရနေသည်။
သည်လိုအချိန်မျိုးမှာ  ချစ်လှစွာသော  သမီး ကလေးကို ခွဲခွာရဖို့ ဖန်တီးလာသည်ပဲပေါ့။ ကိုညိုထွန်း ၏အစ်ကို ကိုဖိုးစံ မသိန်းနုတို့ အိမ်ဝင်းဝမှာရပ်ကာ ဆည်းဆာနေညိုကို  ငေးမောနေမိဆဲ  “ရေနံ့သာ” အိမ်မှ ကိုထွန်းခင်က သူ့ကို မြင်သွားခဲ့သည်။ နောက် တစ်နေ့မှာ ပွဲစားဦးမောင်ကလေးနှင့် ဒေါ်ရွှေသစ်တို့ ရောက်လာကာ သူ့ကို ရေနံ့သာအိမ်သို့ ပို့ပေးသည်။ အဘွားဆုံးသည်နှင့် ကြုံကြိုက်ရသည်။ ရေနံ့သာက သူ့ကို ပြန်လည်လက်ခံသည်။ သို့ပေမဲ့ ဖေဖေ ဦးအောင်ခန့်၏အမိန့်အရ သမီးနှင့် ခွဲနေရသည်။ သမီးကို  ဦးမောင်ကလေး   ဒေါ်ရွှေသစ်တို့က မွေးစားသည်။ သည်ကတည်းက ကွဲခဲ့ရသည်။ သည် ကတည်းက ခွဲခဲ့ရသည်။ အနှစ်နှစ်ဆယ်ကျော်ပါ      ပကော။
လောကဓံသည် အနှစ်နှစ်ဆယ်ကျော်ဟူသော အချိန်ကာလကို မိမိနှင့် သမီးငယ်ထံမှ ရက်စက် ကြမ်းကြုတ်စွာ လုယူခဲ့သည်ဟု ထင်သည်။
စင်စစ် အနှစ်နှစ်ဆယ်ကျော်ဟူသော ကာလမှာ သက်တမ်းစေ့နေရသောလူတစ်ယောက်၏ အသက် ထက်ဝက်နီးပါး သို့မဟုတ် သုံးပုံတစ်ပုံကျော်ပင်ဖြစ် သည်။ မိမိ၏ အသက်ထက်ဝက်ကျော်မျှ ငိုခဲ့၊ လွမ်းခဲ့၊ တမ်းတခဲ့ရသည်များကို ဒေါ်ရေနံ့သာခင်ခင်ကြီး အမှတ်ရလာသည်။ ဝဋ်တုံ့ဝဋ်ကြွေးရှိလျှင် ကျေပါ စေတော့၊ ပြေပါစေတော့ဟု အခါခါ ဆုတောင်း ခဲ့ရသည်ကိုလည်း သတိရလာသည်။
ယခုတော့ ဝဋ်တုံ့ဝဋ်ကြွေးတို့ ကျေလေတော့မည် ပင် ထင်ပါသည်။ ပြေလေတော့မည်ပင် ထင်ပါသည်။
စစ်ဆေးခန်းမှ ခရီးသည်အချို့ ထွက်လာပြီ။ လာ ရောက်ကြိုဆိုသူများနှင့် ဖက်လဲတကင်း နှုတ်ဆက် ကြသည်။ ဝမ်းသာအားရ ရယ်မောသံများ ကြားရ သည်။ သည်လိုနှင့် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
ခရီးသည်စစ်ဆေးခန်းတံခါးပွင့်လာလေလျှင် နွယ်နွယ်ထွန်း ထွက်လာမည်အထင်နှင့် ကြည့်ရ သည်မှာ အမော။
သည်လိုနှင့်ပင် အဆုံးမှာကား ခရီးသည်စစ်ဆေး ခန်းတံခါးပွင့်လာကာ   တံခါးဝမှာ   မျှော်လင့် တောင့်တနေသူကို  တွေ့လိုက်ရသည်။ အဝါရောင် ဆွယ်တာအင်္ကျီကလေးသည် တံခါးဝမှာ ထင်းခနဲ ပေါ်လာသည်။   နွယ်နွယ်ထွန်းသည်   ဘွားခနဲ ပေါ်ထွက်လာသည်။
“အဲလစ်” 
“သမီး၊ သမီး”
မျိုးထွန်းသိန်း၊ ဦးကျော်ထွန်းနှင့် ဒေါ်နွယ်နွယ် တို့ထံမှ အသံများသည် တစ်မုဟုတ်ချင်း ပေါ်လာ သည်။
“မာမီ၊ ဒယ်ဒီ၊ ကိုမျိုး” ဆိုသော နွယ်နွယ်ထွန်း၏ အသံကိုလည်း ကြားရသည်။
ဆက်လက်ဖော်ပြပါမည်။