ရေနံ့သာခင်ခင်ကြီး

ရေနံ့သာခင်ခင်ကြီး

 

မောင်သိန်းဆိုင်

 

၂၉-၇-၂၀၂၂ ရက်နေ့မှအဆက်

 

နွယ်နွယ်ထွန်းသည် လက်ထဲမှအထုပ်ကို ချလိုက်သည်။ ယင်းအချိန်မှာပင် ဒေါ်နွယ်နွယ်သည် နွယ်နွယ်ထွန်းထံ ရောက်သွားကာ ထွေးပွေ့လိုက်သည်။ မျက်ရည်လည်ရွှဲ ဖက်လဲတကင်းနှုတ် ဆက်လိုက်သည်။ နောက်တော့ ဦးကျော်ထွန်း၊ မျိုးထွန်းသိန်း။

 

“အဲလစ်၊ ဒီမှာကြည့်စမ်း”

 

မျိုးထွန်းသိန်းသည် သူ၏ဇနီးဖြစ်သူ နန်းကိန္နရီအား လူအကြားမှ ဆွဲထုတ်ပြလိုက်သည်။

 

နွယ်နွယ်ထွန်းက နန်းကိန္နရီအား စူးစိုက်ကြည့်သည်။ မိမိ၏ရုပ်သွင်ကို မိမိဘာသာ ပြန်လည်မြင်ရသည်သို့ ဖြစ်နေသည်ဟု ထင်သည်။ အရပ်အမောင်းအနေနှင့် နန်းကိန္နရီက အနည်း ငယ်ပုသည်ကလွဲ၍ မေးရိုးကျပုံ၊ နှာတံ နှင့် နှုတ်ခမ်းတည်နေပုံတို့က တစ်ထပ် တည်းလိုလို တူလှသည်။

 

“ဒါ၊ ဒါ နန်းကိန္နရီ။ ကိုယ့်အမျိုးသမီး”

 

နန်းကိန္နရီကလည်း နွယ်နွယ်ထွန်းကို ပင်ကြည့်နေသည်။ နန်းကိန္နရီ၏စိတ်တွင်လည်း လှုပ်ရှားနေသည်။ မိမိနှင့် ရုပ်ဆင်းသွင်ပြင်ချင်းတူသူကို မြင်တွေ့နေရသဖြင့် အံ့သြနေမိသည်။ သည်အကြောင်းကို ကြိုတင်သိရှိထားရလင့်ကစား တကယ်တမ်းဆုံတွေ့ရလေပြီဆို သောအခါတွင်မူ စိတ်တွင် ဆန်းကြယ်သည်ဟု မထင်၍မရ၊ အံ့ဩရခြင်းကို ဖုံးကွယ်ထား၍မရ။

 

အကယ်၍ နန်းကိန္နရီမှာသာ ကိုယ်ဝန်အရင့်အမာကို လွယ်မထားရလေလျှင် နန်းကိန္နရီနှင့် နွယ်နွယ်ထွန်းတို့သည် အမြွှာညီအစ်မသဖွယ် ဖြစ်နေမည်မှာ မလွဲမသွေပါပေ။

 

ဗိုလ်မှူးညိုထွန်းကတော့ နွယ်နွယ်ထွန်းနှင့် နန်းကိန္နရီကို စိတ်ထဲမှနေ၍ ဆွေမျိုးစပ်နေသည်။

 

ဦးကောင်းမိုးနှင့် ဒေါ်သူဇာက ကိုမောင်မောင်ဦးကို မွေးဖွားခဲ့သည်။ ဦးကောင်းမိုးနှင့် မခင်သန်းနွဲ့က နန်းကိန္နရီကို မွေးဖွားခဲ့ပြန်သည်။ ကိုမောင်မောင်ဦးနှင့် နန်းကိန္နရီတို့သည် ဖအေတူမအေကွဲ မောင်နှမများဖြစ်ကြ သည်။ ကိုမောင်မောင်ဦးနှင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီးက နွယ်နွယ်ထွန်းကို မွေးဖွားခဲ့သည်။ သို့ဖြင့် နွယ်နွယ်ထွန်းနှင့် နန်းကိန္နရီတို့မှာ သွေးမဝေးလှ၊ တူအရီး တော်စပ်သည်။ စင်စစ် နန်းကိန္နရီသည် နွယ်နွယ်ထွန်း၏ အဒေါ်တော်နေပေသည်။ နွယ်နွယ်ထွန်းသည် နန်းကိန္နရီ၏ တူမဖြစ်နေရပေသည်။ သို့တိုင်အောင် နွယ်နွယ်ထွန်းသည် နန်းကိန္နရီထက် အသက်အနည်းဆုံး နှစ်နှစ်လောက် ကြီးလိမ့်မည်ထင်ရသည်။

 

မျိုးထွန်းသိန်းက နွယ်နွယ်ထွန်းကို ဦးခင်မောင်ညွန့်၊ ဒေါ်ဝင်းရီတို့နှင့်လည်းကောင်း၊ ဗိုလ်မှူးညိုထွန်းနှင့်လည်းကောင်း မိတ်ဆက်ပေးသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အားလုံး၏နောက်တွင်ရှိနေလေရာ သူ၏အလှည့်သည် နောက်ဆုံးဖြစ်နေရသည်။

 

အစကတော့ တွေ့ပြီဆိုသည်နှင့်တစ်ပြိုင်နက် “သမီး” ဟု ခေါ်လိုက်မည်၊ လှိုက်လှဲဝမ်းသာစွာ ထွေးပွေ့နှုတ်ဆက် လိုက်မည်ဟု စိတ်ကူးထားမိလင့်ကစား တကယ်တမ်း ကြုံဆုံရလေပြီဆိုသော အခါတွင်မူ ဒေါ်ရေနံ့သာခင်ခင်ကြီးမှာ စောစောကတွေးထားသော အတွေးများ၊ စိတ်ကူးများ လွင့်ပျောက်သွားရသည်။ ဤသည်မှာ သူ၏ရှေ့မှခံနေသော ဦးကျော်ထွန်းနှင့် ဒေါ်နွယ်နွယ်တို့ကြောင့်လည်းဖြစ်မည်။ ပြီးလျှင် မိမိ၏ ရင်နှစ်သည်းချာစင်စစ်ဖြစ်လျက် ယခုတိုင်အောင် တကယ်တမ်းပိုင်ဆိုင်ခွင့် မရှိသေးသည့်အဖြစ်ကို တွေးမိသောကြောင့်လည်း ဖြစ်သည်။

 

ဦးကျော်ထွန်း၊ ဒေါ်နွယ်နွယ်တို့နှင့် နွယ်နွယ်ထွန်းတို့ အချင်းချင်း လှိုက်လှဲဝမ်းသာစွာ နှုတ်ဆက်နေကြသည့်အဖြစ် ကိုကြည့်ရင်း ရင်ထဲမှ နာကျင်လာရသလိုရှိသည်။ အလိုလို ကြေကွဲဝမ်းနည်းလာသည်။ သူသည် လူအုပ်နောက်ကျော ဘက်မှနေကာ အရာရာကိုစောင့်ကြည့် နေသည်။

 

မျိုးထွန်းသိန်းက နွယ်နွယ်ထွန်းကို ဒေါ်ရေနံ့သာခင်ခင်ကြီး ရှေ့မှောက်သို့ ခေါ်လာသည်။ ယခုတော့လည်း သမီးနှင့်မိခင်တို့ မျက်နှာချင်းဆိုင်မိပါပြီ။ တစ်ယောက်ကိုတစ်ယောက် မမှိတ် မသုန် ငေးကြည့်မိလျက်ရှိကြပါပြီ။

 

“အဲလစ်ရေ၊ ဒါ- ဒါ အဲလစ်ရဲ့ မေမေ လေ။ ဒေါ်ရေနံ့သာခင်ခင်ကြီးလေ”

 

မျိုးထွန်းသိန်း၏စကားသံမှာ အပိုဖြစ်နေသည်။ မျက်နှာချင်းဆိုင်လိုက်မိ ပြီဆိုကတည်းက ဤသည်မှာ မိမိ၏ မိခင်ဒေါ်ရေနံ့သာခင်ခင်ကြီးဖြစ်မည်ဟု နွယ်နွယ်ထွန်း အလိုလိုသိပြီးဖြစ်နေသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ ရုပ်သွင်ကလည်း ယင်းသို့ သတိမူနိုင် လောက်အောင်ပင် ထူးခြားနေသည်။ အများတကာတို့နှင့်မတူ။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် မာမာတောင့်တောင့်ကြီးဖြစ်နေသည်။ ရင်မှာခုန်လှသည်။ နှလုံးသားများ ပေါက်ကွဲ ထွက်ရလေတော့မတတ် သွေးလည်ပတ် နှုန်း မြန်ဆန်နေသည်ထင်သည်။

 

“သမီး၊ သမီး”

 

ယင်းစကားသံသည် ရင်ထဲမှာတော့ ဂယက်ထန်နေသည်ပင်ဖြစ်ပါသည်။ မိမိတစ်ကိုယ်တည်းအတွက် ယင်းအသံသည် ဘဝဂ်တိုင်အောင် ညံနေသည်။ သို့တိုင်အောင် အသံသည် လည်ချောင်းကို ဖြတ်သန်းထွက်ပေါ်လာနိုင်ခြင်းမရှိ။ ရင်ထဲမှာသာ တစ်ဆို့တိမ်ဝင်နေသည်။

 

နွယ်နွယ်ထွန်းကိုယ်တိုင်သည်လည်း သည်သို့သာဖြစ်သည်။

 

“မေမေ၊ မေမေ” ခေါ်လိုက်ချင်သည်။ အနည်းဆုံး“မေမေ” တစ်ခွန်းတလေကို ပင်ဖြစ်စေ ခေါ်လိုက်မိဖို့ကောင်းသည်။ သို့လင့်ကစား အသံသည် ရင်ထဲမှာသာ မြည်ဟည်းနေသည်။ ပဲ့တင်သံသဖွယ် ပေါ်ပေါက်နေသည်။ နှုတ်ခမ်းဝမှ အသံ ထွက်ပေါ်လာနိုင်ခြင်းမရှိ။ ရင်ထဲမှာပင် တစ်ဆို့တိမ်ဝင်နေသည်။

 

တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆိုင်ကြည့်ကာ တစ်စုံတစ်ခုသော အဓိပ္ပာယ်ကို မျက်ဝန်းများ၌ ရှာဖွေနေမိ ကြသည့်နှယ် ရှိသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ကတုန်ကယင်ဖြစ်လာသည်။ ဝမ်းသာသည်လား၊ ကြေကွဲသည်လား မပြောတတ်၊ မျက်လုံးအိမ်တွင် မျက်ရည်ကြည်ဝေ့လည်လာသည်။

 

ဗိုလ်မှူးညိုထွန်းတို့ လူသိုက်သည် ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် နွယ်နွယ်ထွန်း တို့အဖြစ်ကိုကြည့်ကာ အံ့အားသင့်နေမိကြသည်။ စကားသံ တစ်စုံတစ်ရာ ထွက်မလာဘဲ စိန်းစိန်းစူးစူး စိုက်ကြည့် နေကြသည်ကို အားမလိုအားမရဖြစ်နေ မိကြသည်။ သမီးဖြစ်သူနှင့် မိခင်တို့၏ ပြန်လည်ဆုံတွေ့ပုံမှာ သည်သို့ဖြစ်လိမ့်မည်မထင်ခဲ့။ အလွန်လှိုက်လှိုက်လှဲလှဲ ကြီးရှိနေလိမ့်မည်ထင်ခဲ့သည်။ ယခုမူ သည်သို့မဟုတ်။ ကြည့်မြင်ရသည်မှာ ကြေကွဲဝမ်းနည်းဖွယ်ကောင်းနေပြန်လေသည်။

 

မျိုးထွန်းသိန်းက နွယ်နွယ်ထွန်း၏ ခရီးဆောင်အိတ်နှစ်လုံးကို ကောက်ယူလိုက်သည်။“အေးအေးဆေးဆေးနားပြီးမှ စကား ပြောကြရအောင်လား”သူ့စကားကြောင့် အားလုံး ပြန်လည် သက်ဝင်လှုပ်ရှားလာကြသည်။

 

“ဟုတ်တယ်၊ အိမ်ကိုသွားကြရအောင်”

 

ဗိုလ်မှူးညိုထွန်းက ဝင်ပြောသည်။

 

သို့ဖြင့် သူတို့အားလုံး လေဆိပ် အဆောက်အဦမှ ထွက်လာခဲ့ကြသည်။ ဦးကျော်ထွန်းနှင့် ဒေါ်နွယ်နွယ်က နွယ်နွယ်ထွန်းကို နှစ်ယောက်ညှပ်၍ ခေါ်သွားရင်း စကားဖောင်ဖွဲ့သွားကြသည်။ သူတို့မှာ အရေးမကြီးသော်လည်း ပြောစရာစကား များစွာရှိပုံရသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သမီးဖြစ်သူ၏ ကျောပိုင်းကိုကြည့်ကာ မျက်ရည်ဝဲနေသည်။ အရေးကြီးသော်လည်း ပြောစရာစကား များစွာမရှိသည့် အဖြစ်ကို တွေးနေမိသည်။ စင်စစ်တွင်မူ ပြောစရာစကားတွေက များပြားလွန်းသောကြောင့် ပြော၍မထွက်နိုင်ခဲ့ခြင်းသာဖြစ်သည်။

 

ကားများဆီသို့ ရောက်လာကြသည်။

 

“ဒီလို လုပ်ကြရအောင်လားဟင်။ လောလောဆယ်သမီးကို ကျွန်တော်တို့ ခေါ်သွားပါရစေ။ တစ်အောင့်တစ်ဖြုတ် နားပြီးမှ ကျွန်တော်တို့အားလုံး ရေနံ့သာကို လာခဲ့ပါရစေ”

 

ဦးကျော်ထွန်းက အကြံပြုသည်။

 

“ကောင်းပါတယ်။ ဒီလိုလုပ်ကြရအောင်လား။ ဦးတို့ရေနံ့သာမှာပဲ ထမင်းစားကြပေါ့။ အားလုံးပြန်လည်ဆုံတွေ့ကြ ခြင်းအထိမ်းအမှတ်ပေါ့၊ မဟုတ်လား”

 

ဗိုလ်မှူးညိုထွန်း၏အကြံကို အားလုံးကလက်ခံကြသည်။ ခုနစ်နာရီတွင် ဆုံတွေ့ကြရန် သဘောတူညီကြသည်။

 

သို့ဖြင့် ဦးကျော်ထွန်း၊ ဒေါ်နွယ်နွယ်၊ နွယ်နွယ်ထွန်း၊ မျိုးထွန်းသိန်းနှင့် နန်းကိန္နရီတို့က မော်တော်ကားတစ်စီး၊ ဦးခင်မောင်ညွန့်၊ ဒေါ်ဝင်းရီ၊ ဗိုလ်မှူး ညိုထွန်း၊ ဒေါ်ရေနံ့သာခင်ခင်ကြီးတို့က ကားတစ်စီး နှစ်စီးခွဲလျက် လေဆိပ်မှ ပြန်လာခဲ့ကြသည်။

 

လမ်းတွင် ဒေါ်ရေနံ့သာခင်ခင်ကြီးက ညည်းညူသလို ဆိုရှာသည်။

 

“ဝဋ်ကြွေးကတော့ မကုန်တတ်သေးဘူး အစ်ကိုထွန်း။ ဟုတ်တယ်၊ သူနဲ့ပတ်သက်တဲ့ ဝဋ်ကြွေးက မကုန်တတ်သေးဘူး။ သမီးကိုတွေ့လျက်နဲ့ သမီးလို့မှ မခေါ်နိုင်သေးတဲ့ဘဝ၊ သမီးကလည်း မေမေလို့ ခေါ်ဖို့ဝန်လေးတဲ့ဘဝပဲ ရှိသေးတယ် ”

 

သည်တွင် ဗိုလ်မှူးညိုထွန်းက ဖျောင်းဖျသည်။

 

“ဒါပေမဲ့ အစ်ကိုထွန်းသိတယ် ညီမ။ နှုတ်က ဖွင့်ဟမခေါ်ခဲ့ကြပေမဲ့ နှလုံးသားရဲ့ နက်ရှိုင်းလွန်းလှတဲ့အပိုင်းမှာ ဒီအသံတွေ မြည်ဟည်းနေတယ်ဆိုတာ အစ်ကိုထွန်းသိတယ်။ အဲဒါကို ညီမတို့ရဲ့ မျက်လုံးတွေက ဖော်ပြနေတာ အစ်ကိုထွန်း မြင်ပါတယ်။ အားလုံးကလည်း မြင်နိုင် ကြပါတယ်။ ညီမမှာ ဝဋ်ကြွေးကင်းစင် နေပြီဆိုတာ အားလုံးက သိနေကြပါ တယ်။ ဒီအတွက် သံသယဖြစ်မနေပါနဲ့ တော့ကွယ်”

 

ဆက်လက်ဖော်ပြပါမည်။