ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

 “ရေနံ့သာ” သည် ဒေါ်ရေနံ့သာ ခင်ခင်ကြီးအား အသွင်မပျက် သဏ္ဌာန်မပြောင်းဘဲ ဆီးကြို လက်ခံသည်ပင် ဖြစ်ပါသည်။ အခါတိုင်းကလိုပင် ရွှင်လန်းချမ်းမြေ့ဖွယ် အဆင်းအရောင်ကို ဆောင်မြဲဆောင်လျက်ရှိသည်။ မိုးရေ သောက်ချိုးထားသော သစ်ပင်ပန်းပင်တို့သည် သန့်စင်စွာ စိမ်းစိုနေကြသည်။သရက်ထည်ပန်းတို့သည် အသွေး အရောင်စုံလင်စွာ ပွင့်လန်းမြဲ ပွင့်လန်းနေကြသည်။

ခမ်းနားသော အိမ်ဧည့်ခန်းတွင် သစ်လွင်သော ဇာခန်းဆီးတို့ ရှိနေသည်။ ဧည့်ခန်းထောင့်ရှိ ပန်းအိုးတို့၌ မညှိုးသောပန်းတို့ ရှိနေသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ကင်းကွာ နေခဲ့လင့်ကစား ရေနံ့သာသည် စနစ်တကျ အုပ်ချုပ်မွမ်းမံမှု အောက်တွင် သပ်ရပ်ခမ်းနားမြဲ သပ်ရပ်ခမ်းနားနေသည်ကို တွေ့ရသည်။

 

ရေနံ့သာသို့ ဒေါ်ရေနံ့သာခင်ခင်ကြီး ရောက်ရှိလာလေလျှင် အစေခံ၊ မာလီ၊ ဒရိုင်ဘာ စသူတို့က ဝမ်းပန်းတသာ ကြိုဆိုကြသည်။ ရွှင်လန်းအားရဆီးကြို နှုတ်ဆက်ကြသည်။ ၎င်းတို့၏ ဆီးကြို နှုတ်ဆက်မှုနောက်ဝယ် သွင်းကုန်ထုတ်ကုန် လိုင်စင်ခေတ်က ခင်မင်ရင်းနှီးသူအချို့ ရောက်လာကြသည်။ နည်းပါးလှသော ခင်မင်ရင်းနှီးသူတို့အထဲမှ ပိုမို ခင်မင်ရင်းနှီးသူများဖြစ်ကြသည်။ ဧည့်ခန်းတယ်လီဖုန်းမှာလည်း အဆက်မပြတ်မြည်နေကာ ဒေါ်ရေနံ့သာခင်ခင်ကြီး ကိုယ်စား ဦးခင်မောင်ညွန့်က ပြန်လည်ဖြေကြားနေရသည်နှင့် မအားလပ်နိုင်အောင် ဖြစ်နေရသည်။

 

ဧည့်ရှင်းချိန်၌ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အိပ်ခန်းတွင် အနားယူ လဲလျောင်းနေသည်။ အခါတိုင်းကလိုပင် အခန်းကို အမှောင်ချကာ လဲလျောင်းနေခဲ့ခြင်းဖြစ်သည်။ မမြင်ရသော အမှောင်ထဲသို့ မမှိတ်မသုန် စူးစိုက်ကြည့်နေသည်။

 

များမကြာမီမှာပင် အရှေ့မိုးကောင်းကင်၌ လရောင်ပေါ်ထွန်းလာသည်ကို မြင်ရသည်။ လရောင်သည် သစ်ရွက်ကြိုကြားနှင့် ခန်းဆီးကိုဖြတ်ကျော်ကာ ဒေါ်ရေနံ့သာခင်ခင်ကြီးအပါးသို့ ရောက်လာသည်။ ကြမ်းပြင်တွင် ရှည်လျားစွာ ကျရောက်လာသည်။

 

အချုပ်အနှောင်ခံရစဉ်က တဒင်္ဂခံစားရသော လရောင်ကို အမှတ်ရမိသေးတော့သည်။ ပြန်လည်စဉ်းစားမိလေတော့လည်း လူ့ဘဝဟူသည်မှာ မျက်လှည့်ဆရာ၏ ပဉ္စလက် အတတ်ပညာများနှင့် မခြားနားလှပါကလား ထင်သည်။ အပြောင်းအလဲ အတက်အကျ မြန်ဆန် လှချေသည်။ ယမန်နေ့ကဆိုလျှင်တော့ မည်းမှောင်ကျဉ်းကျပ်သော အခန်းကလေးမှနေကာ လူ့လောက၏ ကျယ်ပြောခြင်းကို တမ်းတရှုမောနေခဲ့ရသည်။ ယနေ့ကျပြန်တော့လည်း ကျယ်ပြောသော လောကမှနေကာ ကျဉ်းမြောင်းမည်းမှောင်သော အခန်းငယ်ကလေးဆီသို့ ပြန်လည်သတိရ နေရပြန်သည်။

 

အမိဝမ်းတွင် ပဋိသန္ဓေနေသည်မှ သင်္ချိုင်းမြေ၌ မြှုပ်နှံသင်္ဂြိုဟ်ခြင်း ခံရသည်အထိဖြစ်သော အချိန်ကာလကို ဘဝဟုလူတို့ ဆိုစမှတ်ပြုကြသည်။ သည်ကာလ အပိုင်းအခြားအတွင်း ငိုခြင်း၊ ရယ်ခြင်း၊ တမ်းတပူဆွေးခြင်း၊ ကြည်နူးဆွတ်ပျံ့ရခြင်းတို့ အကြိမ်ကြိမ် အလီလီပေါ်ပေါက်ခဲ့သည်။ ဘဝဟူသည် ယင်းအရာများဖြင့် ဖွဲ့စည်းရက်ရှယ်ထားသော အရာဟု ယခုတော့ ဒေါ်ရေနံ့သာခင်ခင်ကြီး နားလည်ရပြီ။ သင်္ချိုင်းမြေ၌ မြှုပ်နှံသင်္ဂြိုဟ်ရခြင်း မခံရသေးမီအတွင်း ယင်းအရာများဖြင့် အဘယ်မျှ ထပ်မံ တွေ့ဆုံရဦးမည်ကို မမှန်းဆတတ်နိုင်ပြီ။

 

တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အတွေးစ ပြတ်တောက်သွားရသည်။ လဲလျောင်းရာမှ ထကာ မီးခလုတ်ဖွင့် လိုက်သည်။ တံခါးဖွင့်ပေးလိုက်သည်၌ ဒေါ်ဝင်းရီကို တွေ့ရသည်။

 

“ဧည့်သည်တွေ ရောက်လာတော့မယ် ထင်တယ်။ အဝတ်အစားလဲဖို့ကောင်းပြီ ညီမ”

 

ဒေါ်ဝင်းရီက ပြောသည်။

 

ဒေါ်ဝင်းရီ၏အကူအညီဖြင့် ဆံပင်ကိုထုံးဖွဲ့ရသည်။ အဝတ်အစား လဲလှယ် ဝတ်ဆင်ရသည်။

 

များမကြာမီ တောက်ပသော အဆင်းအရောင်ဖြင့် ဒေါ်ရေနံ့သာခင်ခင်ကြီး ဧည့်ခန်းသို့ ရောက်ရှိလာရချေသည်။

 

ယင်းအချိန်မှာပင် နွယ်နွယ်ထွန်းတို့သည်လည်း ရေနံ့သာသို့ ရောက်ရှိလာကြလေသည်။

 

ရေနံ့သာသို့ ရောက်မလာသေးမီက နွယ်နွယ်ထွန်းသည်လည်း မိတ်ဆွေများကို ဧည့်ခံရသေးသည်။ လာသမျှ တယ်လီဖုန်းတို့ကို ဖြေခဲ့ရသေးသည်။ ဧည့်ရှင်းသွားချိန်၌မူ နွယ်နွယ်ထွန်းသည် သူ့ဘဝနှင့် စပ်လျဉ်း၍ ဦးကျော်ထွန်း၊ ဒေါ်နွယ်နွယ်တို့ထံ၌ စုံစမ်းစပ်စုမိသေးသည်။

 

ဦးကျော်ထွန်းနှင့် ဒေါ်နွယ်နွယ်တို့က အဖြစ်အပျက်အလုံးစုံကို ပြန်လှန်ပြောကြားသည်။ အနှစ် နှစ်ဆယ်ကျော်မျှ မိမိအား မွေးစားသမီးအဖြစ် အသိမပေးဘဲ နှုတ်လုံစွာ စောင့်ထိန်းပြီး ရင်နှစ်သည်းချာပမာ ကျွေးမွေးပြုစု ချစ်ခင်ယုယခဲ့သည့် မွေးစားမိဘနှစ်ပါးတို့၏ မေတ္တာတရားကို နွယ်နွယ်ထွန်း အံ့သြရတော့သည်။

 

ပြီးလျှင် ပတ်ဝန်းကျင်ကလည်း မည်သို့မျှ သံသယမရှိခဲ့။ ဤသည်မှာ စစ်ကာလအတွင်းဖြစ်၍ တိုင်းပြည်မှာ ဗရုတ်ဗရက်ဖြစ်ကာ လူတို့မိမိ၏ ကိုယ်ရေးကိုယ်တာကိစ္စမှတစ်ပါး အခြားသူတို့၏ အရေးအခင်းကို စပ်စုနိုင်ခြင်း မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ ဒေါ်နွယ်နွယ်သည် သားသမီးများစွာ မွေးခဲ့လင့်ကစား အဖတ်မတင်ခဲ့သောကြောင့်၊ အမြုံသဘောမျိုး မသက်ရောက်သောကြောင့်လည်း ဖြစ်နိုင်သည်။ စစ်ပြေးပြီးနောက် စစ်ပြီးခေတ်သည်မှာဘက်ပိုင်း၌ စလင်းကဲ့သို့ နေရာမျိုးသို့ ပြန်လည် မရောက်ရှိခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။ ဦးမောင်မောင်ကလေး၊ ဒေါ်ရွှေသစ်တို့ကဲ့သို့ သဲလွန်စ ပေးနိုင်သူများ သေဆုံးခဲ့လေသောကြောင့်လည်း ဖြစ်နိုင်သည်။

 

မည်သို့ပင်ဆိုစေ မမျှော်လင့် မထင်မှတ်သော အရာတို့သည်ကား ဖြစ်ပျက်လာခဲ့ပေပြီ။ ရှောင်လွှဲ၍လည်း ရနိုင်တော့ မည်မဟုတ်။ တိမ်းဖယ်၍လည်း ရနိုင်တော့မည်မဟုတ်။ ဖြစ်သမျှကို ရေလည်အောင် ကြိုးစား၍ တတ်နိုင်သမျှ နားလည်အောင် စေ့ငုရပေတော့မည်။ စင်စစ် နွယ်နွယ်ထွန်း၏ ဘဝမှာ ယခုအခါ ဆစ်ပိုင်းနှစ်ပိုင်း ကွဲသွားသည်သို့ဖြစ်သည်။ ပထမဆစ်ပိုင်းသည်ကား ဦးကျော်ထွန်း၊ ဒေါ်နွယ်နွယ်တို့နှင့် ပတ်သက်သည်။ ဒုတိယဆစ်ပိုင်းသည် ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် စပ်လျဉ်းသော အပိုင်းဖြစ်ပေလိမ့်မည်။

 

ရေနံ့သာသို့ ရောက်ရှိလာခဲ့ရသည်။ ရေနံ့သာသည် နွယ်နွယ်ထွန်းအား များစွာ ဖမ်းစားဆွဲဆောင်ခြင်း ရှိသည်။

 

ဦးကျော်ထွန်းသည် အစိုးရ လခစား၊ ရိုးသားဖြောင့်မတ်သူပီပီ ငွေကြေး ချမ်းသာကြွယ်ဝခြင်း မရှိခဲ့။ ရရစားစား သဘောမျိုးပင်။ ဒေါ်နွယ်နွယ်သည် ပင်ကိုက သူကြွယ်မျိုးရိုးဖြစ်သည်။ သို့လင့်ကစား စစ်အတွင်းက ပစ္စည်းဥစ္စာ များစွာဆုံးပါးခဲ့သည်။ မိမိအား ကျောင်းထားခဲ့သည်မှာပင် ချွေးနှဲစာသဘောမျိုး သက်ရောက်နေခဲ့သည်။ ထို့ကြောင့်လည်း မိမိဘက်က စစ်စစ်စီစီနှင့် စာကို ကြိုးကြိုးစားစား သင်ယူခဲ့သည်။ ဦးကျော်ထွန်း အငြိမ်းစားယူခဲ့ပြီးသည့်နောက်ပိုင်း အိမ်၏ အခြေအနေသည် သိသိသာသာ ယိုင်ခဲ့သည်။ ဤသည်ကို ဖုံးဖိထားခဲ့သော်လည်း နွယ်နွယ်ထွန်း ရိပ်စားမိခဲ့သည်။

 

နွယ်နွယ်ထွန်းတို့၏ ယေဘုယျအခြေအနေမှာ အထည်ကြီးပျက်ဆန်သည်။ နေအိမ်ကအစ များစွာ ခမ်းနားထည်ဝါခြင်းမရှိခဲ့။ ထို့ကြောင့်ပင် ရေနံ့သာကဲ့သို့ ခမ်းနားထည်ဝါလှသည့် အိမ်ကြီးကို မြင်လိုက်ရသောအခါ နွယ်နွယ်ထွန်းမှာ မိမိကိုယ်ကိုပင် သိမ်ငယ်သွားသည် မှတ်ထင်လာမိလေသည်။

 

နွယ်နွယ်ထွန်းတို့ ရောက်လာပြီး များမကြာမီမှာပင် မျိုးထွန်းသိန်းနှင့် နန်းကိန္နရီတို့လည်း ရေနံ့သာသို့ ရောက်ရှိ လာကြလေသည်။

 

သို့ဖြင့် လပေါင်းအတန်ကြာမျှ တိတ်ဆိတ်ငြိမ်သက်နေသော၊ ခြောက်သွေ့ ညှိုးနွမ်းသယောင် ရှိနေခဲ့သော ရေနံ့သာသည် ပြန်လည်အသက်ဝင် လှုပ်ရှားလာကာ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ဖြစ်လာလေသည်။

 

ယခင်လများကဆိုလျှင် ရေနံ့သာအိမ်ကြီး၌ လူသူလှုပ်ရှားမှုကို များစွာမမြင်ရတတ်။ ဧည့်ခန်းနှင့်တကွ အိမ်ရှိအခန်းတိုင်းတွင် မီးရောင်ကို မမြင်ရတတ်။ မြင်ရပါကလည်း ခဏတစ်ဖြုတ်သာဖြစ်သည်။ ယခုမူ တစ်အိမ်လုံးရှိ မီးအလင်းရောင်တို့ ပြတင်းပေါက်များမှ ထွက်ပေါ်နေသည်။ အသံဗလံများ တိတ်ဆိတ်နေခဲ့ ရာမှ ယခုအခါ ပြန်လည်ထွက်ပေါ်လာသည်။

 

ရေနံ့သာသည် အိပ်ပျော်နေရာမှ တစ်ဖန်ပြန်လည် နိုးထလာရသည့်နှယ် ဖြစ်လေသည်။

 

ဧည့်ခန်းတွင် စုဝေးနေရာမှ ဒေါ်ဝင်းရီက ထမင်းစားခန်းသို့ ကြွကြရန် ဖိတ်ခေါ်သည်။ လှုပ်ရှားမှုနှင့် အသံများသည် ထမင်းစားခန်းဆီသို့ ရောက်ရှိသွားသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးအတွက် စားပွဲထိပ် ကုလားထိုင်တွင် နေရာချပေးထားသည်။ သူ့လက်ယာဘက် ကုလားထိုင်များ၌ ဗိုလ်မှူးညိုထွန်း၊ ဦးခင်မောင်ညွန့်၊ ဒေါ်ဝင်းရီ၊ နွယ်နွယ်ထွန်းတို့ ရှိကြသည်။ လက်ဝဲဘက်မှာမူ ဦးကျော်ထွန်း၊ ဒေါ်နွယ်နွယ်၊ မျိုးထွန်းသိန်းနှင့် နန်းကိန္နရီ တို့ နေရာယူကြသည်။

 

“ထမင်းမစားခင် ဗိုလ်မှူးညိုထွန်း အနေနဲ့ စကားအနည်းအပါးပြောပါ”

 

ဦးခင်မောင်ညွန့်က တိုက်တွန်းသည်။ ကျန်လူများက ဝိုင်းဝန်းထောက်ခံကြသည်။

 

ဆက်လက်ဖော်ပြပါမည်။