မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
ဗိုလ်မှူးညိုထွန်းသည် အစသော် ငြင်းပယ်မည်ပြုသေးသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ မျက်နှာကို လှမ်းကြည့် သည်။ သူကိုယ်၌က ပြောစေချင်သော ဆန္ဒရှိဟန်ကို မြင်ရသည်။
သို့နှင့်ပင် ဗိုလ်မှူးညိုထွန်းသည် ရှောင်လွှဲ၍မရနိုင်တော့ဘဲ စကားစ၍ ဆိုရလေသည်။
“ကျွန်တော့်အနေနဲ့ အထူးတလည် တော့ ပြောစရာလိုလှမယ် မထင်ပါဘူး။ အများသိကြတဲ့အတိုင်းပါပဲ။ ဒီကနေ့ဟာ ကျွန်တော်နဲ့တကွ အားလုံးသော မိတ်ဆွေသင်္ဂဟများအတွက် အင်မတန် ဝမ်းသာကြည်နူးစရာကောင်းတဲ့ နေ့ တစ်နေ့ ဖြစ်ပါတယ်။ ဖော်ပြခြင်းငှာ မစွမ်းသာလောက်အောင် ဝမ်းမြောက် ဝမ်းသာရှိရတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ပထမအချက်အနေနဲ့ ဒီကနေ့ဟာ စန္ဒာ လမင်းကြီး ငပုပ်ရဲ့ အာခံတွင်းက လွတ်ကင်းပြီး ဝင်းဝင်းပပ သာသလို ဒေါ်ရေနံ့သာခင်ခင်ကြီးဟာ အပြစ်ဟူ သမျှ မြူမျှမတင်ဘဲ အနှောင်အဖွဲ့က လွတ်မြောက်လာတာကို တွေ့ကြရတဲ့ အတွက် ဝမ်းသာကြရပါတယ်”
လူတို့သည် ဗိုလ်မှူးညိုထွန်း၏စကား ကို အလေးအနက် နားထောင်နေရာမှ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာသို့ လှမ်းကြည့်လိုက်ကြသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ မျက်နှာမှာ ရွှင်ရွှင်ပျပျ ဖြစ်လာသည်။ သူသည် ဗိုလ်မှူး ညိုထွန်း၏ ဥပမာပေးကို နှစ်ခြိုက် သဘောကျနေဟန် ရှိသည်။
ဗိုလ်မှူးညိုထွန်းက စကားဆက်သည်။
“ဒုတိယအချက် အနေနဲ့ကတော့ အနှစ် နှစ်ဆယ်ကျော်မျှ တတမ်းတတ မျှော်ခဲ့ရတဲ့ ရင်နှစ်သည်းချာနဲ့ သည် ကနေ့မှာတိုက်တိုက်ဆိုင်ဆိုင် ပြန်လည် ဆုံတွေ့ခွင့်ရတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်တွေ့နေရလို့ပဲ ဖြစ်ပါတယ်။ ဒေါ်ရေနံ့သာခင်ခင်ကြီး အနေနဲ့ ရင်ထဲမှာ ဘယ်အထိ ဝမ်းမြောက် ဝမ်းသာ ဖြစ်နေမယ်ဆိုတာကို ကျွန်တော် တို့ဟာ သူ့အပေါ်မှာ ထာဝရနားလည် ထားကြပြီး ထာဝရ စာနာနေကြသူများ ဖြစ်တဲ့အတွက် ခန့်မှန်းကြည့်ရုံနဲ့ သိသာ လောက်ပါတယ်။ ဒီထမင်းဝိုင်းမှာ ရှိကြသူတွေဟာ မိတ်ဆွေအဖြစ်နဲ့သာ မကပါဘူး။ သွေးသားအရင်းအချာတွေ ဆိုရင်လည်း မမှားပါဘူး။ တစ်ယောက်ရဲ့ ဘဝ၊ တစ်ယောက်ရဲ့ ခံစားရချက်တွေကို ဝေမျှခံစားနေကြရသူတွေလည်း ဖြစ်ပါ တယ်။ တစ်ယောက်ရဲ့ ရယ်မောရွှင်ပျ ခြင်းနဲ့ တစ်ယောက်ရဲ့မျက်ရည်ကို အညီ အမျှ ခွဲဝေယူကြဖို့ ဝန်မလေးခဲ့ကြပါဘူး။ ဒေါ်ရေနံ့သာခင်ခင်ကြီးရဲ့ ရယ်မောရွှင်ပျ မှုဟာ ကျွန်တော်တို့ရဲ့ ရယ်မောရွှင်ပျမှုပဲ ဖြစ်ပါတယ်။ ဒေါ်ရေနံ့သာခင်ခင်ကြီးရဲ့ ငိုကြွေးရှိုက်မက်ရခြင်းဟာ ကျွန်တော် တို့ရဲ့ ငိုကြွေးရှိုက်မက်ရခြင်းပဲ ဖြစ်ပါ တယ်”
“လူ့ဘဝဆိုတာ တစ်သမတ်တည်း သွားလိမ့်မယ်လို့ မထင်ပါဘူး။ ထာဝရ ပန်းခင်းသော မွေ့ရာထက်မှာ အိပ်စက် နေရမယ် မဟုတ်ပါဘူး။ တစ်ခါတစ်ရံ ဆူးမွေ့ရာနဲ့ ခလုတ်တံသင်းထူပြောသော ခယောင်းတောကို ဖြတ်တန် ဖြတ်ရမှာ ပဲ။ ညံ့သက်ခြင်းနဲ့ ခက်တရော်ခြင်းဟာ လူ့ဘဝမှာ တစ်လှည့်စီ ပေါ်ပေါက်ရမှာ ဓမ္မတာပါပဲ။ ဒါပေမဲ့ အနက်ရှိုင်း၊ အမှောင် မည်းဆုံးသော သန်းခေါင်ယံကို ဖြတ်ကျော် လွန်မြောက်ပြီးတဲ့ ကာလမှာ ဒီထက် နက်ရှိုင်းမှောင်မည်းခြင်းနဲ့ ကြုံဆုံစရာလိုမယ်မဟုတ်တော့ပါဘူးလို့ ယုံကြည်ပါ တယ်။ ရှေ့မှာ ထင်လင်းတဲ့ ရောင်နီနဲ့ အရုဏ်သာပဲ ရှိပါတော့တယ်။ ကျွန်တော် ထင်ပါတယ်၊ ဒေါ်ရေနံ့သာခင်ခင်ကြီး ဟာ ကြယ်မစုံ လမသာတဲ့ည၊ အနက်ရှိုင်း အမှောင်မည်းဆုံးသော သန်းခေါင်ယံ အချိန်ကာလကို ဖြတ်ကျော်လွန်မြောက် ခဲ့ပါပြီ။ သူ့အတွက် ရှေ့မှာ ရောင်နီနဲ့ အရုဏ်သာ ရှိပါတော့တယ်။ အလင်း ရောင်သာ ကျန်ပါတော့တယ်။ ရယ်မော ရွှင်ပျခြင်းသာ ရလဒ်အဖြစ် ရပ်တည် နေပါတော့တယ်။ ဒီတော့ကာ ကျွန်တော် တို့ဟာ ဒေါ်ရေနံ့သာခင်ခင်ကြီးနဲ့အတူ အရုဏ်ကို မြင်တွေ့ဖို့ပဲ ရှိပါတော့တယ်။ ရယ်မောရွှင်ပျကြရဖို့ပဲ ကျန်ပါတော့ တယ်။ ကျွန်တော့်အနေနဲ့ အဲဒီလို သတ်မှတ်ယုံကြည်နေမိပါတယ်။ အများ ကလည်း ကျွန်တော်နဲ့ တစ်သဘော တည်း ရှိကြလိမ့်မယ်လို့ ထင်ပါတယ်”
ဗိုလ်မှူးညိုထွန်းက စကားဖြတ်လိုက် သည်။
ကျေနပ်ဝမ်းမြောက်စွာ တီးခတ်လိုက် သော လက်ခုပ်သံများကို ကြားရသည်။ ဗိုလ်မှူးညိုထွန်းသည် နေရာမှာ ပြန်ထိုင် လိုက်သည်။
“ညီမအနေနဲ့ တုံ့ပြန်စကားပြောပါဦး”
ဦးခင်မောင်ညွန့်က ဒေါ်ရေနံ့သာ ခင်ခင်ကြီးအား တိုက်တွန်းလိုက်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် စကား စရလေသည်။
“အစ်ကိုထွန်း ပြောသလိုပါပဲ။ ဘဝ ဆိုတာ မှောင်တစ်ခါ လင်းတစ်လှည့်နဲ့ အပြောင်းအလွဲ များတတ်တယ်ဆိုတာ ကျွန်မ သဘောပေါက်မိပါပြီ။ အထူး သဖြင့် ကျွန်မရဲ့ဘဝမှာ အပြောင်းအလဲ တွေ ပိုမိုများပြားတယ်လို့ ထင်ပါတယ်။ မနေ့ညကအထိ ကျွန်မကိုယ်ကျွန်မ အခု လိုနေရာ၊ အခုလို အခြေအနေမျိုးကို ရောက်နေရလိမ့်မယ်လို့ အိပ်မက်တောင် မမက်နိုင်ခဲ့ပါဘူး။ ဘဝဆိုတာ ကံကြမ္မာ မှော်ဆရာကြီးရဲ့ ပဉ္စလက် အတတ်ပညာ တွေလားလို့ အထင်မှားစရာ ကောင်း လောက်အောင် အပြောင်းအလွဲ၊ အတက် အကျ၊ အနိမ့်အမြင့် မြန်လှပါကလားလို့ တွေးလာမိပါတယ်။ ဘဝတစ်လျှောက် လုံးမှာ ငိုရှိုက်ရတာတွေ၊ ရယ်မောတာ တွေ၊ ကြေကွဲရတာတွေ၊ ကြည်နူးရ တာတွေ မရေမတွက်နိုင်အောင် ကြုံတွေ့ ခဲ့ရပါတယ်။ ထင်မှတ်တာတွေ မဖြစ်ဘဲ မထင်မှတ်တာတွေ ဖြစ်ခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။ မျှော်လင့်သလို ဖြစ်မလာဘဲ မမျှော်လင့်တာတွေ ဖြစ်ခဲ့ တာလည်း အခါခါပါပဲ။ ဒါပေမဲ့ ဖြစ်ပျက် ခဲ့ရတဲ့ အပြောင်းအလွဲ မြောက်မြားစွာ အနက် ဒီတစ်ခါ အပြောင်းအလွဲဟာ ကျွန်မအတွက် အရေးအပါဆုံး၊ အထိ ရောက်ဆုံးနဲ့ ကျေနပ်နှစ်သိမ့်စရာ အကောင်း ဆုံးပဲလို့ ထင်ပါတယ်။ ကျွန်မရဲ့ဘဝကို စာနာပြီး ကျွန်မရဲ့ဒုက္ခကို မျှဝေခံစား ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှေ့အဖို့ အတူတကွ ပြုံးပျော်ခြင်းကို လည်း ဆက်လက်မျှဝေ ခံစားပါဦးလို့ ဖိတ်ခေါ်ပါတယ်”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏ စကား အဆုံးတွင်လည်း လက်ခုပ်သံများ ပေါ်လာသည်။
သို့နှင့်ပင် ထမင်းကို စတင်စားသောက် ကြသည်။
နွယ်နွယ်ထွန်းသည် ထမင်းစားရင်းမှ ပင် ဒေါ်ရေနံ့သာခင်ခင်ကြီးအား မကြာ ခဏ လှမ်းကြည့်မိသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ ရုပ်သွင်သည် ယခုအခါ ပြောင်းလွဲနေပေသည်။ လေဆိပ်မှာ ဆုံရ စဉ်ကနှင့်မတူ၊ တက်ကြွဖျတ်လတ်နေ သည်။ တည်ကြည် ခံ့ညားနေသည်။ စင်စစ် သည်အမျိုးသမီးကြီးမှာ မိမိ၏ မိခင်ပါကလား၊ မိမိအား ဝမ်းတွင် လွယ်လျက် မွေးဖွားခဲ့သူပါကလားဟု တွေးမိလာသောအခါ နွယ်နွယ်ထွန်း၏ ရင်မှာ သိမ့်ခါလှုပ်ယမ်းသွားသည်။ ပူနွေး တုန်ယင်လာသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးကိုယ်တိုင်ကလည်း နွယ်နွယ်ထွန်းကို တစ်ချက် တစ်ချက် လှမ်းလှမ်းကြည့်တတ်သည်။
သူတစ်ပါးတို့၏ ပြောစကားအရ ဖခင်နှင့်ဆင်သည်ဆိုစေကာမူ နွယ်နွယ်ထွန်း တွင် မိခင်များအမွေအနှစ် ရှိနေရသည် သာ ဖြစ်ပါသည်။ ၎င်းမှာ ဖြူသောအသား နှင့် ရှည်လျားသန်မာကာ မည်းနက် တောက်ပသော ဆံပင်များ ဖြစ်ကြသည်။ မျက်လုံးကလေးတွေ ရွှန်းလဲ့နေတတ် သည်ကလည်း မိခင်၏ အမွေအနှစ်ပင် ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် မေးရိုး ဆီက သွယ်ချွန်သွားရာမှ အဖျားတွင် နှစ်ခွဖြစ်နေသော မေးစေ့ကလေးက အသွေးအသားတော်စပ်ခြင်းကို သာဓက ပြနေသည့်ပမာ ဖြစ်သည်။
ပြောမယ့်သာပြောရသည်၊ နွယ်နွယ် ထွန်းတွင် ဦးကျော်ထွန်း၊ ဒေါ်နွယ်နွယ်တို့ နှင့် တူမျှသောလက္ခဏာ မရှိလှပေ။ ဦးကျော်ထွန်းသည် အသားညိုသည်။ ဆံပင် ကောက်သည်။ နှာတံသည် ပေါ်လွင်လှပေသည်။ ဒေါ်နွယ်နွယ်ကမူ အသားဖြူသည်။ အဝါဘက်သို့ များစွာ လုလျက် ဖြူပုံမျိုး။ မျက်နှာဝိုင်းသည်။ နှာတံမပေါ်လှ။ မျက်ခွံသည် ခပ်ပိပိနေ သည်။
ဦးကျော်ထွန်း၏ အသွင်မှာ ရိုးသား တည်ငြိမ်လျက် မျှတသည်းခံတတ်သော သဘောကို ဆောင်သည်။ ဒေါ်နွယ် နွယ်၏ဟန်မှာ နားလည်လွယ်လျက် သဘောသကာယ ကောင်းမွန်အေးဆေး ခြင်းကို ဆောင်သည်။ နွယ်နွယ်ထွန်း၏ ဟန်မှာ ယင်းသဘောမျိုးကို များစွာ ဆောင်ယူခြင်း မရှိလှချေ။ နွယ်နွယ်ထွန်း တွင် လှုပ်ရှားတက်ကြွလျက် ဖျတ်လတ် သော ဟန်ရှိသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး တွင် တွေ့ရလေ့ရှိသည့် အေးစက်မာ ကျောသောမျက်လုံး၊ ပိရိသေသပ်သော နှုတ်ခမ်းလွှာများ ရှိသည်။ ရဲရဲစူးစူး အကြည့်နှင့် ခနိုးခနဲ့ အပြုံးမျိုးကိုလည်း တစ်ခါတစ်ရံ တွေ့ရတတ်သည်။
စင်စစ် နန်းကိန္နရီနှင့် နွယ်နွယ်ထွန်းတို့ ၏ ကွာခြားမှုမှာလည်း ဤသည်များပင် ဖြစ်သည်။ နန်းကိန္နရီ၏ မျက်လုံးများ သည် ဝေရီခြင်းဘက်သို့ များစွာနွှယ်နေ သည်။ မျက်တောင်ကော့ကြီးများအကြား မှ မျက်ဝန်းမှာ လှုပ်ရှားနေတတ်သည်။ များစွာ ရဲစူးခြင်းမရှိ။ တည်ငြိမ်စူးစိုက် ခြင်းမရှိ၊ နှုတ်ခမ်းလွှာများက ပိရိတင်း ကျပ်ခြင်း မရှိလှချေ။ အသွင်သဏ္ဌာန် ချင်း တူသည်ပင်ထား၊ ဟန်ချင်းကား ကွာခြားလှလေသည်။
ဆက်လက်ဖော်ပြပါမည်။