ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်
လူတစ်ယောက်၊ အထူးသဖြင့် မိန်းမတစ်ယောက် ၏ အလှအပကို ဆံပင်သည် များစွာအထောက်အကူ ပြုသည်။ အတော်အတန်အလှကို ဆံပင်က ထိန်းနိုင် သည်။ ဆံပင်ကို   ပယ်ဖြတ်ထားပြီဆိုသောအခါ အကြင်သူ၏အလှသည် များစွာ ဆုတ်ယုတ်လျော့ပါး သွားနိုင်လေသည်။
မခင်သန်းနွဲ့အဖြစ်နှင့်ရှိစဉ်က ရုပ်ရည်ရူပကာယ များစွာ  ညံ့ခဲ့သည်မဟုတ်သော်လည်း  ဒေါ်ခေမာ အဖြစ် မြင်ရသည့်အခါ အလှမှာ များစွာယုတ်လျော့ ပျက်ယွင်းသွားသည်။ သည်အကြောင်းတစ်ခုတည်း ကြောင့် မဟုတ်သည့်တိုင်  ဒေါ်ခေမာမှာ ယခုအခါ ကြည့်ပျော်ရှုပျော်အဆင့်မှပင် ကျဆင်းနေလေသည်။ မျက်နှာ၌   အသားစိုင် နည်းပါးသကဲ့သို့  အရိုးများ ခပ်ငေါငေါ ပေါ်နေသည်။ မျက်လုံးများသည် အတွင်း သို့ ချိုင့်ဝင်နေသယောင် ထင်ရသည်။ တောက်ပမှု ကင်းကာ ဝေရီနေသည်။ ကိုယ်မှာ များစွာပိန်နေ သည်။ အသားစိုင်ဟူ၍ မရှိတော့သည့်သဖွယ်ဖြစ် သည်။ အကြောများသည် တီကောင်များလို ပေါ်လွင် နေသည်။ ငယ်စဉ်က ပြုမှားခဲ့သမျှ ဒဏ်တို့သည် ယခုမှ ပြန်လည်   ပေါ်ပေါက်လာကြပုံ ရသည်။ ဒေါ်ခေမာအား ကြည့်မြင်ရသည်က ဝေဒနာမျိုးစုံကို တစ်ပြိုင်နက်တည်း ခံစားနေရသည့်ဟန် ပေါ်ပေါက် နေသည်။
ကိုကျော့မောင်က သူနှင့် နွယ်နွယ်ထွန်းတို့ စနေနံ ဘုရားမှာဆုံခဲ့ကြကြောင်း ပြန်လည်ပြောပြလိုက် သည်။ အဆုံးတွင်မူ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သူ့သမီးကို ပြန်လည်ရရှိခဲ့ပြီဖြစ်ဟန်တူကြောင်း ပြောမိသည်။
ထိုအခါ ဒေါ်ခေမာက ညည်းတွားသလို ဆိုလာ လေသည်။
“ဘာပဲပြောပြော ဒီသတင်းကို ကြားရတာ ဝမ်းသာ ပါတယ်။ သူလည်း မိခင်၊ ကိုယ်လည်းမိခင်ဆိုတော့ သူ ဘယ်လောက်အထိ ဝမ်းသာသွားမယ်ဆိုတာ ကိုယ်ချင်းစာလို့ ရပါတယ်။ ကံဆိုတာမျိုးကလည်း အဆန်းကြယ်သားကလားနော်။ ဆိုးချင်လာပြီလား ဆိုရင်လည်း ဆယ်လို့မရနိုင်အောင်ပဲ။ ကောင်းချင် လာပြန်တော့လည်း   အံ့သြရလောက်အောင်ပဲ။ ဒေါ်ရေနံ့သာခင်ခင်ကြီးကို  လူအနေအထားအား ဖြင့်လည်း လိုက်မမီခဲ့ပါဘူး။ အခုတော့ သူ့ရဲ့ကံကိုပါ လိုက်မမီဘူးလို့  ပြောရတော့မယ်ထင်ရဲ့။  သူက အခုတော့ သမီးနဲ့  တွေ့ရပြီမဟုတ်လား။  သမီးနဲ့ အတူနေနိုင်ပြီမဟုတ်လား။ ဘာပဲပြောပြော သူဟာ အစစအရာရာမှာ သာပါတယ်။ သာနိုင်တဲ့ အခွင့် အလမ်းတွေလည်း ရှိတယ်”
ဒေါ်ခေမာ၏အသံသည် ပြောရင်းမှာပင် ဆို့နင့် သွားသည်။ တိမ်ဝင်သွားသည်။ ကိုကျော့မောင်၏ ပခုံးစွန်းမှကျော်ကာ အဝေးသို့ ငေးကြည့်နေသည်။ မျက်လုံးအိမ်ဝယ် မျက်ရည်ကြည် ခိုသီးလာသည်။
ဒေါ်ခေမာသည် သမီးဖြစ်သူကို သတိရဟန်တူ သည်။ နန်းကိန္နရီသည် သူ့စိတ်အတွေးသို့ ရောက် လာခဲ့ဟန်တူပေသည်။  ပြီးလျှင်လည်း သမီးဖြစ်သူ နှင့်အတူ မနေနိုင်သော ဘဝ၊   ရှင်ကွဲကွဲ နေရသော အဖြစ်တို့ကို စဉ်းစားကာ ဝမ်းနည်းလာပုံ ရပေသည်။
ထိုအခါမှပင် ကိုကျော့မောင်သည် အကယ်စင်စစ် မိမိလာရောက်ခြင်းမှာ ဒေါ်ခေမာ၏ ကြေကွဲစိတ်ကို ဆွပေးဖို့ သက်သက်ဖြစ်နေပါကလားဟု တွေးမိလာ သည်။ မည်သို့ပင်ဆိုစေ သူသည် ဒေါ်ခေမာအား ကရုဏာမသက်ဘဲ မနေနိုင်သည်လည်း အမှန်ပင်။ 
အင်း ... သူ မွှေးခဲ့တဲ့မီးတွေ။ ဦးကောင်းမိုးမွှေးခဲ့တဲ့ မီးတွေ အခုထိ မငြိမ်းသေးပါကလား။ အခုထိ တောက် လောင်ဆဲပါကလား   စသည်ဖြင့် ကိုကျော့မောင် တွေးနေမိသည်။
“ကိုကျော့မောင် သူတို့သတင်း ကြားသေးသလား ဟင်”
ဒေါ်ခေမာက စိတ်ကို ပြန်လည်ချုပ်တည်းလိုက် သည်။ အာရုံလွှဲပြောင်းနိုင်ရန် စကားစသည်။ 
“ဘယ်သူ့သတင်းလဲ ဒေါ်ခေမာ” 
“သမီး၊ ကျွန်မရဲ့သမီးတို့ သတင်းလေ”
“ဒီတစ်ပတ်တော့ ဘာမှမကြားခဲ့ရဘူး ဒေါ်ခေမာ။ နန်း ကိန္နရီ  သားယောက်ျားကလေးဖွားတဲ့အကြောင်း တော့ သိပြီးပြီနော်”
“ဟုတ်ကဲ့၊ ဟိုတစ်ပတ်က ကိုကျော့မောင်ပဲ ပြောခဲ့ တာပဲ”
“အဲဒါထက် ထူးတဲ့သတင်းတော့ မကြားရသေး ပါဘူး ဒေါ်ခေမာ”
“အေးလေ၊ သူတို့ ကျန်းကျန်းမာမာ ချမ်းချမ်း သာသာ ရှိတယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ။ ကျေနပ်လှ ပါပြီ။ ကျန်းမာချမ်းသာပါစေလို့လည်း နေ့စဉ်နဲ့အမျှ ဆုတောင်းပါတယ်  ကိုကျော့မောင်။  နန်းကိန္နရီ တို့ကိုမှ မဟုတ်ပါဘူး။ ဒေါ်ရေနံ့သာခင်ခင်ကြီးတို့ကို လည်း ဒီအတိုင်းပါပဲ။ အမြဲဆန္ဒပြု ဆုတောင်းပါ တယ်”
ကိုကျော့မောင်သည်    အင်္ကျီအိတ်အတွင်းမှ ငါးကျပ်တန်တစ်ရွက်ကိုထုတ်ယူကာ ဒေါ်ခေမာ၏ ရှေ့၌ ချပေးလိုက်သည်။ လှူခြင်းဖြစ်သည်။
“ပြန်ဦးမယ် ဒေါ်ခေမာ။  သူတစ်ပါးကျန်းမာဖို့  ဆုတောင်းသလို  ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် လည်း နေဦး”
ဒေါ်ခေမာက ခေါင်းညိတ်ပြသည်။
“ဒေါ်ဉာဏစာရီ မဆုံးခင်ကတည်းက အတော် ပင်ပင်ပန်းပန်း ပြုစုခဲ့ရတယ်။ ဆုံးတဲ့အထိပဲ ဆိုပါ တော့။ ဒီကတည်းက ကျန်းမာရေးဟာ သိပ်ကောင်း လှတယ်မရှိဘူး ကိုကျော့မောင်”
“ဒါကြောင့်ပြောတာပေါ့။ ဆေးကလေး ဝါးကလေး မှာချင်တာရှိရင်လည်း မှာလေ။ လာပို့ပေးမယ်”
ဒေါ်ခေမာက ခေါင်းကို ယမ်းခါလိုက်သည်။
“မမှာတော့ပါဘူး။   ဒါထက်   ကိုကျော့မောင် ဘယ်တော့ ရန်ကုန်ကိုဆင်းမလဲ”
“သိပ်မကြာခင်မှာ ဆင်းဖြစ်မယ်။ အများဆုံး လေးငါးရက်ပဲ နေနိုင်တော့မယ်။ ဘာဖြစ်လို့မေးတာ လဲဟင်”
ဒေါ်ခေမာသည် ကိုကျော့မောင်၏ အမေးကို အဖြေမပေးသေးဘဲ တွေနေသည်။ အတန်ကြာမှ သက်ပြင်းရှိုက်ခြင်းနှင့်အတူ ပြောသည်။
“ရန်ကုန်ကို ဆင်းရကောင်းမလားလို့ပါ။ ကိုကျော့ မောင် သိတဲ့အတိုင်းပဲလေ။ ဒီမှာက ကိုယ့်ဇာတိဆို ပေမဲ့ ဆွေမျိုးမိတ်သင်္ဂဟရှိတော့တာမှ မဟုတ်ဘဲ။ အားလုံးဟာ သူစိမ်းတွေလို ဖြစ်နေတာကလား။ ထောက်ထောက်ထားထား  အားကိုးရမယ့်လူက လည်း မရှိ။ ရန်ကုန်မှာလည်း အသိအကျွမ်းရှိလှ တယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆေးရုံကောင်း ကောင်းရှိတယ်။ မတော်တဆ ဆေးရုံတက်ရမယ့် အဖြစ်တွေ ဘာတွေဖြစ်လာရင် ရန်ကုန်က ပိုကောင်း မယ် ထင်လို့ပါ”
ကိုကျော့မောင်သည် ဒေါ်ခေမာ၏ ဆိုလိုချက်ကို နားလည်လိုက်သလိုရှိသည်။
ထို့ကြောင့်ပင် သူက ပြောမိသည်။
“ဒေါ်ခေမာ   လိုက်ချင်ရင်   လိုက်ခဲ့တာပေါ့။ ဟုတ်တော့လည်း  ဟုတ်ပါတယ်။ ဒေါ်ဉာဏစာရီ ဆုံးသွားတဲ့နောက်ပိုင်းမှာ ဒီနေရာမှာ ဒေါ်ခေမာ ဆက်နေလို့လည်း သိပ် အကြောင်းမထူးတော့ပါဘူး”
ဒေါ်ခေမာသည် အဝေးသို့ ငေးကြည့်နေရင်းကပင် စကားကို ခပ်တိုးတိုးဆိုလိုက်သည်။
“နောက်တစ်ခုကလည်း  မသေခင်မှာ သမီးရဲ့ မျက်နှာကို တစ်ကြိမ်ဖြစ်ဖြစ် မြင်ရချင်သေးတယ် ကိုကျော့မောင်။ မြေးကလေးကိုလည်း တွေ့ဖူးသွား ချင်တယ်။  ဒါဟာ ကျွန်မရဲ့  အဓိကအကျဆုံးနဲ့ နောက်ဆုံးဆန္ဒပါ”
သည်စကားကိုမူ ကိုကျော့မောင် များစွာနှစ်ခြိုက် ခြင်းမဖြစ်မိ။ ယင်းသို့ ပြုမူခြင်းဖြင့် နန်းကိန္နရီနှင့် မျိုးထွန်းသိန်းတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရ မည်ကို သူ  မလိုလားမိပေ။
ဒေါ်ခေမာက ကိုကျော့မောင်၏ အတွင်းသန္တာန်ကို ရိပ်စားမိသလို စကားဆက်ပြောသည်။
“ဒါပေမဲ့ စိတ်ချပါ။ သူတို့က ကျွန်မကို ဘယ်သူ ဘယ်ဝါရယ်လို့    မသိစေရပါဘူး။ သူတို့အနေနဲ့ ဘာမှမသိရစေဘဲ ကျွန်မဘာသာ တတ်နိုင်သမျှ လျှို့လျှို့ဝှက်ဝှက်နဲ့ တွေ့နိုင်အောင် ကြိုးစားမှာပါ”
သည်ကတိကို   ရလေမှပင်   ကိုကျော့မောင်မှာ ဘဝင်ကျရသည်။
“ကောင်းပြီလေ။ ရန်ကုန်ကို ဆင်းမယ့်နေ့ကျရင် လာခေါ်မယ် ဟုတ်လား”
ဒေါ်ခေမာ ခေါင်းညိတ်ပြသည်။ သည်တစ်ကြိမ် တွင်မူ သူ၏ ဝေရီနေသော မျက်လုံးများမှာ ထူးထူး ခြားခြား တောက်ပြောင်လာသည်ဟု ကိုကျော့မောင် ထင်လိုက်မိလေသည်။ 
x  x  x  x  x

[ ၂ ]
အရိပ်တို့ ရှည်လျားတတ်လေသော ဆည်းဆာချိန် ဖြစ်သည်။ သစ်ပင်တို့၏အရိပ်သည် မြေနီလမ်းပေါ်၌ ကန့်လန့်ဖြတ်   ဖြတ်သန်းနေကြသည်။ မြူမှုန်ရော ထွေးနေသော  နေရောင်ခြည်မှာ များစွာတောက်ပ ခြင်းမရှိတော့။ ပူပြင်းခြင်းမရှိ။ ဝါရွှေသောအဆင်း အရောင်ကို ဆောင်နေသည်။
ကျေးငှက်တို့  အိပ်တန်းဆီသို့  ပြန်လာကြပြီ။ သို့တိုင်အောင် နားနေခြင်းမပြုသေး။ တစ်ကောင်နှင့် တစ်ကောင်   ရန်ထောင်နေသည့်ပမာ   ဆူညံစွာ မြည်ကြွေးနေကြဆဲ။  သည်အထဲမှာ  စာကလေး တစ်သိုက် နေထိုင်ပုံရသော ရေတမာပင်သည် အဆူ ညံဆုံး ဖြစ်လေသည်။
သုသာန်မြေသည် တစ်စထက်တစ်စ ငြိမ်သက် လာလေသည်။  လူသူ ကင်းရှင်းလာလေသည်။ အုတ်ဂူနှင့်  မှတ်တိုင်တို့မှာ  ကြည့်လေရာတိုင်း၌ မွမွကြဲနေသည်။ သုသာန်သို့ လာလေမှပင် လောက ၌ သေဆုံးသူတို့ များပြားလှပါကလား ထင်ရသည်။ အယုတ်အလတ်အမြတ်မရွေး သည်နေရာမှာတော့ တစ်ရေတည်း တစ်မြေတည်း၌ ဆုံကြသည်။ လှပ သည်၊ အကျည်းတန်သည်မရွေး၊ သည်နေရာမှာတော့ အားလုံးအတူတကွ     လဲလျောင်းနေကြရသည်။ လူတစ်ယောက်   သေဆုံးသွားပြီ  ဆိုသောအခါ အသက်ရှိစဉ်က  ဘာပဲဖြစ်နေဖြစ်နေ   မြေကြီး မြေမှုန့်လောက်မျှ တန်ဖိုးမရှိတော့သည် အမှန်ပင်။ သို့ပေမဲ့ သူတို့၏ဘဝကလည်း အားကျစရာတော့ အကောင်းလေသား။ အပူအပင်မရှိ၊ အနှောင့်အယှက် မရှိ။ သောကမရှိ၊   မာန်မာနမရှိ၊   ငြိမ်းချမ်းလေစွ တကား။
သစ်ပင်ရိပ်တို့ ကန့်လန့်ဖြတ် ဖြတ်သန်းနေသော မြေနီလမ်းကလေးပေါ်တွင် ဗောက်စ်ဝက်ဂင် ကား ကလေးတစ်စီး ရပ်ထားသည်။ မော်တော်ကားရှေ့ဘီး ရွှံ့ကာကိုမှီလျက် လူရွယ်တစ်ယောက် ရပ်နေသည်။ သူသည်  မလှမ်းမကမ်းတွင်ရှိသော  အမျိုးသမီး တစ်ယောက်၏ နောက်ကျောပိုင်းကို စူးစိုက်ကြည့် နေရာက လှမ်းပြောလိုက်သည်။
ဆက်လက်ဖော်ပြပါမည်။