ရေနံထုတ်လုပ်သူနိုင်ငံများက သမိုင်းဝင် ရေနံထုတ်လုပ်မှုလျှော့ချ

ရီယာ့ဒ်  ၁၄  ဧပြီ

ဆော်ဒီအာရေဗျ၊ ရုရှားနှင့်အခြားသော ရေနံထုတ်လုပ်သည့်နိုင်ငံများသည် သမိုင်းဝင်ရေနံထုတ်လုပ်မှုလျှော့ချရန် သဘောတူခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့ရေနံဈေးကျဆင်းလျက်ရှိ ပြီး ထုတ်လုပ်မှုလျှော့ချခြင်းဖြင့် ရေနံဈေးကို ထောက်ကန် ပေးနိုင်မည်ဟု မျှော်လင့်ထားကြသည်။

ဆော်ဒီအာရေဗျ ဦးဆောင်သည့် အိုပက်အဖွဲ့နှင့် ရုရှားနှင့် အိုပက်အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများသည် လက်ရှိပြဿနာကို ဖြေရှင်းနိုင်ရေး ရေနံထုတ်လုပ်မှုကို စံချိန်တင်ပမာဏအထိလျှော့ချရန် ဆွေးနွေးခဲ့ကြသည်။ မေလနှင့် ဇွန်လတို့တွင် တစ်နေ့လျှင် ရေနံစည်ပမာဏ ၉ ဒသမ ၇ သန်းအထိ ထုတ်လုပ်မှုလျှော့ချရန် ဧပြီ ၁၂ ရက်က သဘောတူညီမှုရရှိခဲ့သည်။

တစ်ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းကို လျှော့ချလိုက်ခြင်းဖြစ်သည်။ လာမည့်နှစ်နှစ်တာ ကာလ အတွင်း ရေနံထုတ်လုပ်မှုကို လျှော့ချရန် သဘောတူခဲ့ကြပြီး ထုတ်လုပ်မှုလျှော့ချခြင်းကို တဖြည်းဖြည်းချင်းလျှော့ချသွားမည်ဖြစ်သည်။

အမေရိကန်နိုင်ငံသည်လည်း ရေနံစျေးကျဆင်းမှု ကြောင့် ယခုနှစ်အတွင်း ထုတ်လုပ်မှုပမာဏကို ရေနံ စည်ပေါင်းနှစ်သန်းအထိ လျှော့ချသွားမည်ဟု ဧပြီ ၁၀ ရက်က ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ