ရွှေဖီလက်ဖက်မြို့တော် နမ့်ဆန်

သီပေါကိုလတ်

 

ရွှေဖီလက်ဖက်မြို့တော်ဟု တင်စားခေါ်ဆိုရမည့် နမ့်ဆန်မြို့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တည်ရှိသည်။ နမ့်ဆန်ဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပြီး နမ့် (ရေ)၊ ဆန် (တုန်သည်) ရေတုန်လှုပ်သောမြို့ဟု အဓိပ္ပာယ်ရသည်။ မြို့ကိုစတင်တည်စဉ်က မြို့ပန္နက်ရိုက်ရာတွင် ရေတုန်လှုပ်သွားခြင်းကို အကြောင်းပြု၍ နမ့်ဆန်ဟု အမည်တွင်ခဲ့ကြောင်း သိရသည်။

 

နမ့်ဆန်မြို့နယ်၏ အကျယ်အဝန်းမှာ ၅၅၇ ဒသမ ၅၈ စတုရန်းပေရှိပြီး ရပ်ကွက်ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၆ စု၊ ကျေးရွာပေါင်း ၁၂၃ ရွာဖြင့် ဖွဲ့စည်းထားသည်။ နမ့်ဆန်မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၁၂၈၇၅ စုရှိပြီး လူဦးရေစုစုပေါင်း ၇၃၆၃၉ ဦး နေထိုင်ကြသည်။ နမ့်ဆန်ဒေသခံအများစုမှာ ပလောင် (တအာင်း) တိုင်းရင်းသားများ ဖြစ်ကြပြီး လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းကို အဓိကလုပ်ကိုင်လာခဲ့ကြသည်။

 

နမ့်ဆန်မြို့မှာ ပင်လယ်ရေမျက်နှာပြင် အထက် ၅၃၂၂ ပေ၌ တည်ရှိသည်။ အမြဲအေးမြသော ရာသီဥတုရှိပြီး လှပသည့် တောင်ကုန်းတောင်တန်းများ ဝန်းရံဖြစ်တည်လျက်ရှိသည်။ အတက်အဆင်း၊ အကွေ့အကောက်များသည်။ တောင်စဉ်တောင်တန်းများပေါ်၌ လက်ဖက်ပင်များ စိုက်ပျိုးထားသည်မှာ အစီအရီပင်။ ထို့ကြောင့် ရွှေဖီတောင်တန်းများဟုလည်း တင်စား သုံးစွဲခဲ့ကြသည်။ လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရေးမှာ ပလောင် တိုင်းရင်းသားတို့၏ အဓိက အသက်သွေးကြောပင်ဖြစ်သည်။ ဒေသခံ ပလောင် (တအာင်း) တိုင်းရင်းသား တိုင်းရင်းသူတိုင်း လက်ဖက်ပင်ကို မြတ်နိုးတန်ဖိုးထားတတ်ကြသည်။ ခေတ်ပညာတတ် ပလောင် အမျိုးသမီးလေးများပင်ဖြစ်စေ လက်ဖက်ခူးတတ်သည်။ သူတို့၏ လက်ဖက်ပင်၊ လက်ဖက်ခင်းများ၌ ယမ်းနံ့ကင်းစင်၍ ရွှေဖီရနံ့များကိုသာ သင်းပျံ့စေချင်ကြသည်။ အခြား ပြည်ထောင်စုသားချင်း ညီအစ်ကိုမောင်နှမများနည်းတူ ငြိမ်းချမ်းရေး ပန်းခင်းများ ရှင်သန်ခိုင်မြဲသွားစေလိုကြ သည်။

 

ဒေသခံပြည်သူများနှင့် လူငယ်များက ရင်တွင်းခံစားချက်များကိုလည်း ဖွင့်ဟလိုကြသည်။ ပွင့်လင်းမြင်သာစွာ အမြင်ချင်း ဖလှယ်ချင်ကြသည်။ ထိုလိုအပ်ချက်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူငယ်နှင့်ဘက်စုံဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို မြို့နယ်ခန်းမဆောင်၌ ကျင်းပ၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဒေသဦးစီးအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းများ နှင့် စာပေယဉ်ကျေးမှု အဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များကို ဖိတ်ကြားခဲ့သည်။ ပြည်သူ့စကားဝိုင်းတွင် ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ဆွေးနွေးပြောကြားခဲ့သည်။

 

ပညာရေးဌာနကလည်း ပညာရေးကဏ္ဍ အရေးကြီးပုံနှင့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် ပညာရေး၊ ဉာဏ်ရည်မြင့်မားလာစေရေးကို အလေးထား၍ ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်၍ လူငယ်နှင့် ပရဟိတ လုပ်ငန်းကဏ္ဍ၊ လက်ဖက်ဈေးကွက် အခြေအနေနှင့် လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုကို နိုင်ငံတကာစံချိန်မီ ထုတ်ကုန်အဖြစ် ထုတ်လုပ်သွားနိုင်ရန် အဓိကလိုအပ်ချက်များအတွက် ဦးဆောင်၍ ဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာကြသည့် ဒေသခံပြည်သူများနှင့် လူငယ်များကလည်း ကဏ္ဍစုံမှ မေးမြန်းခဲ့ကြသည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအတွင်း ငြိမ်းချမ်းရေး ရရှိတည်မြဲရေးတို့ကိုလည်း အဓိကထား မေးမြန်းခဲ့ကြသည်။

 

အချို့ကလည်း ပြည်သူကို ဗဟိုပြုသည့် ဒီမိုကရေစီခေတ်ဟု ပြောဆိုနေကြသော်လည်း ဘာကြောင့် ပြည်သူ့စကားကို နားမထောင်တာလဲဟု မိမိအမြင်ကိုပါ ပွင့်လင်းစွာမေးမြန်းခဲ့သည်။ မေးမြန်းချက်များကိုလည်း တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးဖြေကြားပေးခဲ့သည်။

 

ပြည်သူ့စကားဝိုင်းမှ ထွက်ပေါ်လာသော စကားသံများမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများ မြင့်မားကောင်းမွန်ရန် အပြုသဘောဆောင်နေပြီး ရွှေဖီမြေရွှေဖီ တောင်တန်းတစ်ခွင်တွင် ငြိမ်းချမ်းရေးပန်းများ ဖူးပွင့်ရှင်သန်စေရေးအတွက်ပါ ဦးတည်လျက်ရှိနေသည်ဟု သုံးသပ်မိပါသည်။

 

ကြေးမုံ