ရေပို ရေကျော် ရေထောက်

နေပြည်တော် ၁ သြဂုတ်

မိုးရွာသွန်းမှုများပြားသောကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားရာတွင် ရေကြီးမှုကို ပိုမိုဖြစ်ပေါ်စေသော ရေပို၊ ရေကျော်၊ ရေထောက်ခြင်းနှင့် ပတ်သက်သည်တို့ကိုလည်း သက်ဆိုင်ရာတို့က အလေးထားစောင့်ကြည့် အသိပေးနေသလို ပြည်သူများအနေဖြင့်လည်း အဆိုပါဖြစ်စဉ်များကို သိရှိနားလည် သတိထားသင့်သည်ဟု မှတ်ချက်ပြုချင်ပါသည်။

နိုင်ငံပိုင်မီဒီယာများတွင် မိုးရွာသွန်းမှုအခြေအနေ၊ မြစ်ရေကြီးမှု အခြေအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဆည်မြောင်းတာတမံများ၏ ကန်ရေပြည့် ရေလှောင်ပမာဏ၊ မိုးရေချိန်လက်မတို့အပြင် အဆိုပါ ဆည်မြောင်းတာတမံတို့၏ ရေပိုလွှဲမှ ရေကျော်သည့် အခြေအနေများကို နေ့စဉ်အသိပေး ထုတ်ပြန်ပေးနေခြင်းသည် ရေကြီးရေလျှံနိုင်မှု အနေအထားကို သတိမူမိနိုင်ရန်ဖြစ်သည်။

မိုးရာသီကာလမှာ နှစ်အလိုက် မိုးနည်းခြင်း၊ မိုးများခြင်းတို့ ဖြစ်ပေါ်သည်မှာ ဓမ္မတာဖြစ်သော်လည်း မိုးများသည့်နှစ်များတွင် မူလကတည်းက တိမ်ကောနေသော မြစ်ချောင်းများတွင် မိုးရေများ ပိုမိုမြင့်တက်သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ကြရသည်။ သို့ရာတွင် ပင်လယ်သမုဒ္ဒရာတို့၏ သဘောသဘာဝမှာ မည်မျှများသည့်ရေပင်ဖြစ်စေ အကုန်လက်ခံနိုင်သည့် သဘောရှိသောကြောင့် လျှံရေများမှာ အချိန်အတိုင်းအတာတစ်ခုတွင် ပင်လယ်အတွင်းသို့ စီးဝင်ကာ ကုန်းမြေပေါ်မှရေများ ပြန်လည်ကျသွားပေမည်။

သို့သော် ရေကြီးရေလျှံမှုကြောင့် ပြည်သူလူထု ရေဘေးသင့်မှု အချိန်မကြာမြင့်ရေးနှင့် ပိုမိုဆိုးဆိုးရွားရွား ထိခိုက်ခံစားရမှု မဖြစ်စေရေး အတွက် အမြင့်နေရာများတွင် တည်ရှိနေသော တောင်ပေါ်ရေများ၊ ဆည်မြောင်းတာတမံများ၊ ရေလျှံ၊ ရေကျော်မှကျော်လွန်၍ ကျိုးပေါက်မှု မဖြစ်စေရေးကို အထူးသတိပြုနေကြရသည်ဖြစ်၍ ထိုအခြေအနေများကို ဤသို့သတိပေးနေရခြင်း ဖြစ်ပေသည်။ ထို့အပြင် ပင်လယ်ဒီရေမြင့်တက်မှုကြောင့် မြစ်၊ ချောင်းများအတွင်းရှိရေကို တွန်းကန်ထားသည့် ထောက်ရေကိုလည်း သတိမူရမည်ဖြစ်သည်။

ရေကြီးရေလျှံမှုကို ပိုမိုတွန်းအားပေးစေနိုင်သည့် လက်ရှိကာလ မိုးရေချိန်လက်မများကို ဆည်တမံများ ဒေသအလိုက် အသိပေးထားရာ ကရင်ပြည်နယ် ဘားအံခရိုင်နှင့် မွန်ပြည်နယ် သထုံခရိုင် ဒေသနှစ်ခုတွင်သာ မိုးအားကောင်းခဲ့သည်ကို တွေ့ရမည်ဖြစ်ပြီး လက်တွေ့တွင်လည်း ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပွားခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ကျန်ဒေသများရှိ မိုးရေချိန်မှာမူ ပုံမှန်နှင့် ပုံမှန်အောက်သာ ရွာသွန်းခဲ့သည်ကို တွေ့ရသဖြင့် အထူးစိုးရိမ်ဖွယ်မရှိဟု ဆိုရမည်ဖြစ်သည်။

သို့ရာတွင် မိုးရာသီကာလဖြစ်၍ နိုင်ငံတစ်ဝန်းရှိ ဆည်မြောင်းတာတမံများ အားလုံးနီးပါး ကန်ရေပြည့်ရုံသာမက ရေပိုရေလျှံများရှိခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ဆည်တမံများ အမြောက်အမြားရှိရာ ဇူလိုင် ၂၉ ရက်က ဆည်တမံ ၃၇ ခုရှိ ပိုလျှံရေများ ရေပိုလွှဲမှ ကျော်သည့် ဖြစ်စဉ်ရှိခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် ရေပိုလွှဲမှ ရေကျော်သည့် ဆည်တမံ ၃၆ ခုရှိသည်ဟု အသိပေးထားသည်။ ထိုဆည်တမံများမှာ ကြံ့ခိုင်မှုရှိသည့်အပြင် မြစ်ကြောင်းတာတမံများမှာလည်း စိုးရိမ်ဖွယ်ရာမရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ရွာသွန်းခဲ့သော မိုးရေချိန်နှင့် ဆည်မြောင်း တာတမံများနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ဖွယ်ရာမရှိနိုင်ပါဟု ဆိုချင်သည်။ မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် ငဝန်မြစ်၊ စစ်တောင်းမြစ် ကမ်းထိန်းတာများကိုလည်း သက်ဆိုင်ရာတို့က ထိန်းသိမ်း စောင့်ရှောက်စောင့်ကြည့်ပေးနေသည်။

သို့ဖြစ်ရာ ယခု ရေကြီးရေလျှံမှုဖြစ်စဉ်များမှာ အဓိကအားဖြင့် မိုးများသော ဒေသနှစ်ခုနှင့် မြစ်ရေထောက်ခြင်း ဒေသတစ်ခုတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ရေကြီးရေလျှံမှုဘေးမှ တစ်စတစ်စ လျော့ပါး သက်သာသွားလိမ့်မည်ဟု ယုံကြည်ပါသည်။

ကြေးမုံ