ရှေ့သို့ချီမည် ပန်းတိုင်ဆီသို့

 

ဝဏ္ဏ(TGI)


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့သည် ရုရှား-မြန်မာဆက်ဆံရေးသမိုင်း စာမျက်နှာတွင် မှတ်တိုင်အသစ်တစ်ခုကို ထပ်မံစိုက်ထူလိုက်နိုင်သည့်နေ့ဟု ဆိုနိုင် သည်။ မကြာမီ ၇၅ နှစ်ကာလတိုင်တော့မည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ သံတမန် ဆက်ဆံရေး ထူထောင်နိုင်ခဲ့မှုသမိုင်းတွင် ယခင်ကာလများကလည်း ယခုနှယ်မှတ်တိုင် များရှိခဲ့ဖူးသည်။ အတိတ်သမိုင်းလှခဲ့သလို ယခုမျက်မှောက်ကာလတွင် မှတ်တိုင်အသစ် အဖြစ် စိုက်ထူနိုင်မှုသည် ရှိရင်းစွဲသော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ထောက်မကူညီ ခဲ့မှုအတွက် သက်သေဟု ဆိုနိုင်သည်။

ခမ်းနားထည်ဝါလှသော ဗလာဒီဗော့စတော့ခ်မြို့ရှိ FEFU Compus သည် ယနေ့တွင် ပိုမိုလင်းလက်သည့် အသွင်အပြင်ဖြင့် တည်ငြိမ်စွာရှိနေသည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ သမ္မတ HE.Vladimir Vladimirovich Putin သည် အိမ်ရှင်၏ကြိုလင့်မှုဖြင့် စောင့်စားသည်။ အိမ်ရှင်နှင့် ဧည့်ကောင်းဆောင်ကောင်း ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံ ဆွေးနွေးမှုသည် မကြာမီကာလတွင် စတင်တော့မည်ဖြစ်သည်။ မကြာမတင်သော အချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် လာရောက်တွေ့ဆုံသည့်အခါ ကနဦးစတင်နှုတ်ဆက်မှုအဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ နှုတ်ထွက်စကားသည် ''မင်္ဂလာပါ'' ဟူသော မြန်မာ စကားစု။

များပြားမှုမရှိသော စကားစုတွင် အဓိပ္ပာယ်များစွာပါသည်။ ကောင်းခြင်းများသာ စုစည်းရရှိပါစေဟု ဆုမွန်ကောင်းစကား ဆိုသည်ဟု ပြောနိုင်သကဲ့သို့ နှစ်နိုင်ငံလုံး အတွက် မင်္ဂလာမည်သည့်အကြောင်းအရာများကို ဆွေးနွေးကြပါစို့ဟု ပဋိသန္ဓာရ စကားဆိုခြင်းဟုလည်း မှတ်ယူနိုင်သည်။ အဓိပ္ပာယ်များစွာပါသော စကားစု ဖြင့် နှုတ်ဆက်ပြီး နွေးနွေးထွေးထွေးဖြင့် လက်ဆွဲနှုတ်ဆက်သည်။ တစ်ခဏသောလက်ဆွဲ နှုတ်ဆက်မှုတွင် အဓိပ္ပာယ်များစွာပါ၍ ခေါင်းဆောင်နှစ်ဦး၏ အပြုံးမှာ အသက်ဝင် လွန်းလှသည်။ စီမံခန့်ခွဲနေရသည့် ခေါင်းဆောင်နှစ်ဦး၏ ယုံကြည်ချက်၊ ခံယူချက်၊ ကြိုးပမ်းချက်များမှာ တင်းတင်းဆွဲကိုင်လိုက်ကြသော လက်အစုံတွင် မြင်နိုင်သည်။

အိမ်ရှင်နိုင်ငံ့ခေါင်းဆောင် Mr.Putin ၏ကနဦးစကားတွင် ရုရှား-မြန်မာနှစ်နိုင်ငံ ၏ ၂၀၂၃ ခုနှစ်တွင် ပြည့်မြောက်မည့် သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်မြောက် အခမ်းအနားကို ဂုဏ်ပြုဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် စ သည်။ ကမ္ဘာ့စံနှုန်းသတ် မှတ်ချက်များအရ ၇၅ နှစ်မြောက်ကို စိန်ရတုဟု သတ်မှတ်သည်။ စိန်ဟူသည်က ကမ္ဘာတွင် မာဂုဏ်အမြင့်ဆုံး၊ တန်ဖိုးအမြင့်ဆုံးသော ရတနာဟုသိထားရသည်မို့ အတိတ် အရ၊ နိမိတ်အရပင် လွန်စွာလေးနက်လှသည်ဟု ဆိုနိုင်သည်။

ဆက်လက်ပြောကြားမှုတွင် မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ သဘောထားက ကျေနပ်ဖွယ်ကောင်းလှသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယုံကြည် အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံ၊ တစ်နည်းအားဖြင့် မဟာမိတ်နိုင်ငံဟု ညွန်းသည်။ ရှည်လျားလှသော သမိုင်းကြောင်း၏ အကဲဖြတ်ချက်အရ ထွက်ပေါ်လာ သည့်စကားစုဟု သုံးနှုန်းလျင် မှားမည်မထင်ပါ။ နှစ်နိုင်ငံ၏ ဆက်ဆံရေးသမိုင်း တစ်လျှောက် တိုးတက်လာသည့် ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ နှင့် ပတ်သက်၍လည်း အလားအလာကောင်းများစွာရှိမှုနှင့် ယခု ဖိုရမ်ကို တက်ရောက် လာမှုအပေါ် ကျေးဇူးတင်စကားလည်းဆိုသည်။ တည်ငြိမ်သည့် အပြောတွင် ရည်မှန်းချက် ပါသည်ကို သတိပြုမိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အပြန်အလှန် ကျေးဇူးတုံ့ပြန်စကားဖြင့် စသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ကာလကို ညွှန်းဆိုရင်း ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးအဖြစ် ဂုဏ်ပြုစကား ဆိုသည်။ အနိမ့်၊ အမြင့်မျိုးစုံသော ဆက်ဆံရေးသမိုင်းနှင့် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ကာလမှ စတင်၍ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်လာမှုကို အရှိန်အဟုန်ဖြင့် ဟူသော အထူးပြု စကားလုံးဖြင့် ညွှန်းဆိုသည်။ လွန်ခဲ့သည့် နှစ် ၃၀ ခန့်တွင် ရုရှားနိုင်ငံရင်ဆိုင်ခဲ့သည့် အခက်အခဲအပေါ် လက်ရှိသမ္မတကြီး တာဝန်ယူသည့် ဆယ်စုနှစ် ကာလအတွင်း ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိလာမှု၊ ကမ္ဘာ့ထိပ်တန်းသို့ ရောက်ရှိ လာမှုနှင့်အတူ ကမ္ဘာ့အရေးကိစ္စများတွင် ရပ်တည် ဆောင်ရွက်နေမှုများကို ဂုဏ်ပြုစကားဖြင့် ဖော်ပြသည်။ 

လာမည့်အနာဂတ်ကာလတွင် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံကြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည်ကိုလည်း ထည့်သွင်းပြောဆိုသည်။ ကဏ္ဍတစ်ခုတည်း၊ အနည်းငယ်မျှသောကဏ္ဍ၊ ကဏ္ဍအချို့ စသည့် ကန့်သတ်ချက်မပါ။ ကဏ္ဍပေါင်းစုံဟု သုံးနှုန်းသည်။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးအစချီသည့် ကဏ္ဍနယ်ပယ်က မနည်းလှ။ မကြာမီက ကျင်းပပြုလုပ်ပြီးစီး ခဲ့သည့် Army Game ကဲ့သို့သော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းလေ့ကျင့်ဆောင်ရွက်မှု များကလည်း တစ်ခန်းတစ်ကဏ္ဍအဖြစ် ပါပေလိမ့်မည်။ ကျယ်ပြောလှသည့် ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍတွေကလည်း ဦးစားပေး အဆင့်ထဲမှာ ပါပေလိမ့်မည်။ တစ်ပွင့်တည်းသော ပန်းအတွက် ရည်ရွယ်ခြင်းမဟုတ်။ ပန်းပေါင်းစုံသော ပန်းခင်းကြီး အဖြစ် ရည်ရွယ်သည်ဟု ဆိုရပေမည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိနိုင်ငံကို ကာကွယ်ပိုင်ခွင့် အပြည့်အဝရှိသည်။ ကိုယ့်နိုင်ငံ၊ ကိုယ်၏ပြည်သူ၊ ပြည်သားများကို ကာကွယ်စောင့်ရှောက်ခွင့် ရှိသည်ဟုဆိုသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးသည်လည်း  မိမိနိုင်ငံ၏ အမျိုးသားအကျိုး စီးပွားနှင့် ပြည်သူ၊ ပြည်သားများကို စောင့်ရှောက်ကာကွယ်နေကြသည်ကိုလည်း တွေ့နိုင်ပါကြောင်း၊ အနောက်နိုင်ငံကြီး တစ်နိုင်ငံအနေဖြင့်လည်း ၎င်းတို့နိုင်ငံ၏ စစ်အင်အားနှင့်ဩဇာအာဏာကို ဖြန့်ကျက် လုပ်ဆောင်မှုများရှိနေပြီး အရှေ့အာရှ ဒေသနှင့် အာဆီယံဒေသသို့လည်း တိုးချဲ့ရန် လုပ်ဆောင်နေသည်ကိုတွေ့ရှိရကြောင်း စသည့် ကမ္ဘာ့အရေး၊ တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသအရေးများကို ကျယ် ကျယ်ပြန့်ပြန့်ဆွေးနွေးသည်။

မြန်မာဟူသော နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် ကမ္ဘာ့ကြည့် ကြည့်မြင် ထားသည့် နိုင်ငံ့ခေါင်းဆောင်၏ အပြောတွင် သတိပြုရမည့် အချက်အလက်များပါသည်။ ဩဇာခံဟူသော အသုံးအနှုန်း၊ လက်အောက်ခံဟူသော ယူဆချက်အရိပ်များ ထိန်းချုပ် ခံရခြင်း၊ ကန့်သတ်ခံရခြင်း၊ ပိတ်ဆို့ခံရခြင်း စသည့်အပျက်သဘောများကိုလည်း မြန်မာအပေါ်မသက်ရောက်စေလိုတာကို သတိပြုမိသည်။ မြန်မာအပေါ်ထားရှိသည့် အကြီးအကဲ၏ စေတနာကား မနည်းလှ။

ရုရှားသမ္မတကြီးမှလည်း နိုင်ငံတကာကို မျက်ခြည်မပြတ်လေ့လာ ဆွေးနွေးမှုအပေါ် သူ၏ထင်မြင်ယူဆချက်ကို ပြောသည်။ ခေါင်းဆောင်နှစ်ဦး၏ နိုင်ငံတကာ၏ လှုပ်ရှားဆောင်ရွက်နေမှုများအပေါ် မြင်ချက်အရ အနည်းငယ်မျှ ကွဲပြားနိုင်သည့်တိုင် နိုင်ငံအပေါ်ထားရှိသည့် စိတ်စေတနာတို့မှာ ထပ်တူနီးပါးမျှသာ။ ရှိရင်းစွဲ သံတမန် ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်နိုင်မည့် အခြေအနေ၊ ဆက်စပ်သည့် ကော်မရှင်များ တိုးချဲ့၍ နှစ်နိုင်ငံစီးပွားရေး ပေါင်းကူးတံတားများအဖြစ် ဖွင့်လှစ်ဆောင်ရွက်ရန်တို့ကိုလည်း တိုင်ပင်သည်။ 
ဆက်လက်ပြောကြားချက်များတွင်လည်း မြန်မာအတွက် အားတက်စရာတွေပါသည်။ တိုးချဲ့ဖွဲ့စည်းမည့်၊ တနည်းအားဖြင့် စွမ်းရည်မြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းမည့် ကော်မရှင်မှ အခြေတည်သည့် စီးပွားရေးလုပ်ငန်းများကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ရန် ခြေလှမ်းပြင်ဆင်နေမှုကိုလည်းဆိုသည်။ လတ်တလော ကမ္ဘာနှင့် အဝှမ်းရင်ဆိုင်နေရသည့် လောင်စာဆီကိစ္စ ရှေ့ဆက်ဆောင်ရွက်လိုမှုများကို ပြောသည်။ တိုးတက်ထွန်း ကားလာမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူရေး၊ ရေနံချက်စက်ရုံ တည်ဆောက်ရေးစသည့် လုပ်ငန်းများဆောင်ရွက်ရန် သူအားပေးကြောင်း၊ ထောက်ခံကြောင်းဖြင့် မီးစိမ်းပြသည်။ လတ်တလော ရင်ဆိုင်နေရသည့် လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုအတွက် အေးမြသည့် အသွင်အပြင်ရှိသည့် ရလဒ်ကောင်းက လက်တစ်ကမ်းဟုပင် သတ်မှတ်နိုင်သည်ဟု ဆိုနိုင်သည်။

သို့နှယ်သော အကြောင်းအရာဖြင့် အစပျိုးသည့် မင်္ဂလာသတင်းသည် ဤမျှနှင့် မပြီးသေး။ မြန်မာနိုင်ငံအတွက် သတင်းအချက်အလက် မျှဝေနိုင်ရေးအတွက် စီမံကိန်း ကြီးတစ်ခုကိုလည်း ဆောင်ရွက်လိုမှုကိုဆိုသည်။  စီမံကိန်းကြီးအတွက် စကားဆိုရာမှာ ရုရှားခေါင်းဆောင်၏ ဆွေးနွေးမှုတက်ကြွနေသလို မြန်မာ့ခေါင်းဆောင်အနေဖြင့်လည်း အပြုံးဖြင့် တုံ့နှင်းသည်။ နိုင်ငံအတွက်ဟူသောခံယူချက် နှစ်ဘက်ခေါင်းဆောင်များ၏ ကိုယ်စီအတွေးတွင် ပြည့်နေပေလိမ့်မည်။ နှစ်နိုင်ငံအစိုးရ ၂ ရပ်ကြား E-Goverment System ထူထောင်မှုအတွက် ဝမ်းမြောက်ကြိုဆိုမှု အခြေအနေကိုလည်း ရှင်းပြသေးသည်။ တိုးတက်လာသည့် နည်းပညာခေတ်တွင် နှစ်နိုင်ငံ၏ အပြန်အလှန် ဆက်ဆံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်များအတွက် လျှင်မြန်သည့်အဟုန်ဖြင့် ကူးလူးဆက်သွယ်ဆက်ဆံရေးကို ဆောင်ရွက်နေသည့် အခြေအနေကား အားရဖွယ်ကောင်းလှသည်။

ဆက်လက်၍ဟု ဆိုရမည့် ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးစနစ်တွင် သူတို့၏ပါဝင်ပူးပေါင်း ဆောင်ရွက်လိုမှုဖြင့် စကားဆိုသည်။ ကမ္ဘာ့ဓာတ်မြေဩဇာ ထုတ်လုပ်မှု အကြီးဆုံးနိုင်ငံပီပီ ကူညီဆောင်ရွက်ပေးနိုင်မှု၊ စိုက်ပျိုး ထွက်ကုန်များကို ကူးသန်းရောင်းဝယ်မှုတို့အတွက် သူ၏မျှော်မှန်းချက်၊ ဆောင်ရွက် နိုင်မှုတို့ကိုလည်းဆိုသည်။ 

တစ်ခေတ်တစ်ခါက စကားစုတစ်ခုရှိဖူးသည်။ "ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါးတောင်လိုပုံ " ဟုဆိုသည်။ ခေတ်ပြောင်း၊ စနစ်ပြောင်းနှင့် ရာသီဥတု စသည့် ပြောင်းလဲမှုများကြားတွင် ထိုစကားမှေးမှိန်စပြုခဲ့သည်မှာ အချိန်ကာလ တစ်ခုသို့ပင် တိုင်ခဲ့ပြီ။ ယခုထိုစကားစု တစ်ခေတ်ပြန်ဆန်းလာမည်လောဟု အတွေးဝင်မိသည်။ ပန်းတိုင်ကို မြင်ယုံသာမဟုတ် လှမ်းကိုင်နိုင်မည့်အခြေအနေသို့ပင် ရောက်လုပြီဟု ထင်လျှင် မှားမည်မဟုတ်ပေ။

တစ်ကျော့ပြန်လာနိုင်သည့် ကိုဗစ် ၁၉ ရောဂါအတွက် ကာကွယ်ဆေးပေးအပ်လို မှု၊ ဆရာဝန်များကို မွမ်းမံသင်တန်းများ ဆောင်ရွက်ပေးလိုမှု၊  ဘာသာစကားသင်ယူမှု၊ ပြန်ကြားရေးကဏ္ဍ တိုးမြှင့်စေလိုမှုတို့နှင့် ပတ်သက်၍ ဆောင်ရွက်လိုသည်များကိုလည်း အကျဉ်းချုပ်သော စကားဖြင့်ဆိုသည်။ အကျဉ်းချုပ် စကားဆိုသော်ငြား မြန်မာနိုင်ငံနှင့် ရှရှားနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အတွက်မူ ကျယ်ပြောလှသည့် ဆောင်ရွက်မှုများပင်ဖြစ်သည်။ 

မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ကာကွယ်ရေးနယ်ပယ်၊ နည်းပညာဆိုင်ရာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည်။ မြန်မာ့တပ်မတော်အတွက် (ကြည်း၊ ရေ၊ လေ) နယ်ပယ်စုံကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခြင်းဖြစ်၍ အချိန်အတန်အသင့်တော့ကြာသည်။ ခေတ်မီမျိုးချစ် တပ်မတော်ဟု မြန်မာ့တပ်မတော်ကို ညွှန်းလေ့ရှိသည်။ အမျိုးချစ်သည့် စိတ်ကမူ တပ်မတော်၏ရှိရင်းစွဲ။ အတန်ငယ်မျှဖြည့်စွက်ရန် ကျန်နေသည်က ခေတ်မီဟူသော စကားလုံးအတွက်သာ။ ယခုထိုစကားလုံးအတွက် တစ်လှမ်းမကသော ခြေလှမ်းများကို လှမ်းနေသည်။ ရှေ့သို့ချီနေသည်။ ဤခရီးနီးသလားဆိုလျှင် နီးသည်ဟု ဝံ့ဝံ့ကြွားကြွား ဆိုနိုင်မည့် အနေအထားပင်ဖြစ်သည်။ 

နိုင်ငံ့အကြီးအကဲ၏ ပြန်လည်ဆွေးနွေးမှုသည်လည်း တက်တက်ကြွကြွရှိလှသည်။ လက်ရှိတာဝန်ယူထားသည့်ကာလတွင် မကြာတော့သည့် ကာလမှသည် အနာဂတ် မြန်မာနိုင်ငံတော်အတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ဆောင်နေမှုများကို ရှင်းပြသည်။ အဓိကအကျဆုံးသော အချက်အဖြစ် ဆိုစကားတွင် အလေးအနက်ထား မှတ်သားသင့်သည့်အချက်များပါသည်။ အဓိကတာဝန်ထမ်းဆောင်နေမှုမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးဟု ဆိုသည်။ ဆက်စပ် ချိတ်ဆက်နေသည့် လုပ်ငန်းစဉ်များဖြစ်သည့် အားလျော်စွာ နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးကို ဦးစားပေးလုပ်ဆောင်နေမှုအခြေအနေ၊ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှု စသည်တို့ကိုလည်း အကျယ်တဝံ့ဆွေးနွေးသည်။ 

ဒီမိုကရေစီနှင့်ဖယ်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည်။ မြန်မာနိုင်ငံ နှင့်သင့်လျော်သည့် ဒီမိုကရေစီလမ်းကြောင်းကိုသွားမည်။ လွတ်လပ်၍ တရားမျှတ သည့် ရွေးကောက်ပွဲ၊ ဖိအားကင်းစင်သည့် ရွေးကောက်ပွဲကို ဖြစ်အောင်ဆောင်ရွက် မည်ဟူသော ဆွေးနွေးချက်များတွင် အကြီးအကဲ၏ တည်ကြည်သောစိတ်ဆန္ဒ၊ စွဲမြဲ သော သန္နိဋ္ဌာန်စိတ်၊ တိုင်းပြည်အပေါ်ထားရှိသော စေတနာတို့ကို မြင်ရသည်။ ပူးပေါင်း ဆောင်ရွက်သွားမည့် နယ်ပယ်များအလိုက် ပြန်လည်ဆွေးနွေးချက်များတွင်လည်း မြန်မာ့အမျိုးသားအကျိုးစီးပွားကို ဦးတည်သည့် ဆွေးနွေးချက်များသာ။ ချစ်ကြည် ရင်းစွဲဖြစ်သည့် ဆက်ဆံရေးကို အရင်းတည်သည်မို့ နှစ်ဘက်ကျေနပ်ဖွယ်ရာ အကြောင်းအရာများကို အပြည့်အဝ ဆွေးနွေးနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ 

အကြီးအကဲ၏ ဆက်လက်ဆွေးနွေးမှုတွင် မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုး၊ မွေးမြူ ရေးလုပ်ငန်းကို အခြေခံလုပ်ကိုင်လျက်ရှိသည့် ၇၀ ရာခိုင်နှုန်းမျှရှိသော ပြည်သူလူထုကို ဦးတည်သည်။ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းအတွက် အခြေခံလိုအပ်ချက်များအပေါ် ပူး ပေါင်းဆောင်ရွက်ပေးသင့်သည့်ကိစ္စရပ်များကို ဆွေးနွေးခြင်းအတွက်ပင် အချိန်မနည်း လှ။ တောင်သူလယ်သမားဦးကြီးများသာမက စိုက်ပျိုး၊ မွေးမြူရေးနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက်လည်းပါသည်။ ဆက်စပ်သည့်စက်သုံးဆီ ကိစ္စလည်းပါသည်။ စက်သုံးဆီကိစ္စဆွေးနွေးမှု၏ ဘောင်ကမူ ဆက်စပ်ဆွေးနွေးနေသည့် တောင်သူဦးကြီးများအတွက်သာမက တစ်နိုင်ငံလုံးအတွက် ဟူသော ကျယ်ပြန့်သည့် နယ်ပယ်အဆင့်ကို ပြောင်းသည်။ မြန်မာနိုင်ငံ၏ တစ်နှစ် စက်သုံးဆီသုံးစွဲကုန်ကျမှုကို စာရင်းဇယားနှင့်တကွ စကားဆိုချိန်မှာ အချက်အလက်ကို နုတ်တတ်ဆောင်ထား နိုင်သည်အထိ မှတ်သားထားမှုကို မြင်ရသည်။ မြန်မာနိုင်ငံသားများအတွက် သူပေးလို သောစေတနာ၊ ရစေလိုသောစိတ်ဆန္ဒကို အဝေးမှပင်မြင်နိုင်သည်ဟု ဆိုရမည်ဖြစ် သည်။

လက်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှု၊ မြန်မာနိုင်ငံအတွက် ရတနာဆိုက်လာမည့် သဘာဝဓာတ်ငွေ့သိုက်များ အခြေအနေ၊ ရုရှားနိုင်ငံမှ ပူးပေါင်းဆောင်ရွက်ရန်၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေ၊ သံမဏိ အပါအဝင် သဘာဝတွင်းထွက် ပစ္စည်းများကို ကုန်ကြမ်းအဆင့် ထုတ်လုပ်ခြင်းမဟုတ်ဘဲ ကုန်ချောစနစ်ဖြင့် ထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းချက်များကိုလည်း ဆွေးနွေးသည်။ ကုန်ကြမ်းအဆင့် ထုတ်လုပ်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုး၊ အပြစ်နှင့် ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းကြောင့် မြန်မာနိုင်ငံအတွက်ရရှိလာမည့် အကျိုးကျေးဇူးတို့ကို စေ့စေ့စပ်စပ်သုံးသပ်ခဲ့ကြောင်း ဤဆွေးနွေးချက်တွင်အဖြေပေါ်သည်။ တိုးတက်ရရှိလာမည့် နိုင်ငံ့ဘဏ္ဍာ၊ အမြောက်အမြားရရှိလာမည့် အလုပ်အကိုင် အခွင့်အလမ်း၊ အကျိုးဖြစ်ထွန်းလာမည့် နည်းပညာတိုးတက်မှုတို့အပါအဝင် နယ်ပယ် ပေါင်းစုံအတွက် လေ့လာဆန်းစစ်ချက်ကို ဆွေးနွေးမှုတွင် အထင်းသားမြင်နိုင်သည်။

ကျေးရွာမှသည်မြို့ပြ၊ မြို့ပြမှသည်ဒေသ၊ ၎င်းမှသည် နိုင်ငံအဆင့်ထိ ဖွံ့ဖြိုးတိုး တက်စေမှုတွင် လျှပ်စစ်ကဏ္ဍသည်လည်း အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေ သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီဟူသော ဆောင်ပုဒ်အတွက် လည်းလျှပ်စစ်သည်မဖြစ်မနေရှိရသည်။ ထို့အတွက်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဟုခေါ်သည့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ပြုစု ထားသည့်အချက်အလက်များအရ အောင်မြင်စွာဆောင်ရွက်နိုင်မှု၊ လာရောက် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ကမ်းလှမ်းမှုကိုလည်း မမေ့မလျော့ထည့်သွင်းဆွေးနွေး သည်။ ဟိုဘက်ကမ်းကမီးထိန်ထိန်ဆိုသည့်အချိန်တွင် ဒီဘက်ကမ်းမှာလည်း မီးထိန် စေရမည်ဟု အကြီးအကဲကခံယူထားသည်။ 

တစ်ခုသောကာလတွင် လူများအနေဖြင့် နျူကလီးယားဟူသည် လူများအတွက် အန္တရာယ်ရှိနိုင်သည် ဟူသောအတွေးဖြင့် နေထိုင်ခဲ့ဖူးသည်။ ၎င်းအတွေးအခေါ်ကို စစ်ပြီးကာလအချိန် အတိုင်းအတာတစ်ခုအထိ လက်ခံယုံကြည်ခဲ့ကြသော်ငြား ရွေ့လျားလာသောအချိန်၊ ပြောင်းလဲလာသောနည်းပညာတို့ဖြင့် နျူကလီးယားကို အကျိုးမဲ့စေသည် ဟူသောအမြင်မှအသုံးချတတ်ပါလျှင် အကျိုးရှိလှသောအရာအဖြစ် ရှုမြင်မှု ပြောင်းလဲလာခဲ့သည်။ သို့သော်ငြား မြင့်မားသောနည်းပညာ အခြေအနေအရ ပေါပေါလျှံလျှံတော့ မသုံးနိုင်၊ ကမ္ဘာတစ်ဝှမ်း လက်ချိုးရေနိုင်သည့် ပမာဏမျှလောက်သော နိုင်ငံအချို့သာ သုံးစွဲနိုင်ခဲ့သည်။ ထိုအထဲတွင် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်ရုရှားလည်းပါသည်။ 

မိတ်ကောင်းဆွေကောင်းဟူသည့် စကားရပ်နောက်တွင် အပြန်အလှန် အမှီသဟဲ ပြုခြင်း၊ အပြန်အလှန် ကူညီခြင်းတို့ပါသည်။ ထို့အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားဆဲမြန်မာနိုင်ငံအနေဖြင့်လည်း နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး အခြားအကျိုးပြုကဏ္ဍများဖြစ်သည့် ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ သုတေသနကဏ္ဍတို့တွင်  ရုရှားနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်ကို အကြီးအကဲက သဘောထားမိသည်။ ထို့အတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးသည်။ အသုံးချမည့် အခြေအနေအတွက် ငြိမ်းချမ်းသည့် နည်းပညာဖြင့်သုံးမည်။ ဤသည်ကပင် မြန်မာနိုင်ငံ၏ ရန်မမူ အပြုသဘောဖြင့် တိုးတက်မှုကိုသာ ဆောင်ယူလိုကြောင်း လှစ်ဟပြသသည်။ သဘောတူညီချက်အရ လက်မှတ်ရေးထိုးမှုလည်း ဆောင်ရွက်ပြီးဖြစ်ရာ အကျိုးရလဒ်အား မြန်စွာရရှိနိုင်ရန်အတွက် လာမည့်နှစ်မှ စတင်အကောင်အထည်ဖော်မည်ဟု ဆွေးနွေးသည်။ အကြီးအကဲ၏ မြန်မာနိုင်ငံအား အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်စေလိုမှုဆန္ဒကား ကြီးမားပေစွ။

ပညာရေး၊ ယဉ်ကျေးမှု သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေး စသည့် နယ်ပယ်များအပါအဝင် ကမ္ဘာလှည့် ခရီးသွားကဏ္ဍအတွက် နှစ်နိုင်ငံကြား လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းရေး၊ ဗီဇာကိစ္စများအတွက်လည်း အသေးစိတ် ဆွေးနွေးသည်။ ဒေသတွင်းနိုင်ငံများနှင့် ပတ်သက်၍လည်း ရုရှားနိုင်ငံ၏ အခန်းကဏ္ဍအပေါ် အပြုသဘောဆောင်၍ ဆွေးနွေးသကဲ့သို့ စီးပွားရေးကဏ္ဍအတွက် ဆောင်ရွက်စေလိုမှုကို အကြံပြုတိုက်တွန်းသည်။ ဟင်းကောင်းစားရလျှင် အမျိုးအဆွေကို သတိရသည်ဆိုသည့်စကားပုံကို အသက်ဝင်စေသည့် ဆွေးနွေးအကြံပြုမှုဟု နားလည်မိသည်။ 

ရုရှားနိုင်ငံအကြီးအကဲဘက်မှလည်း ဆွေးနွေးမှုအပေါ် အားတက်သရောဟု ဆိုနိုင်သည်အထိ အပြုသဘောဆောင်သည့် တုံ့ပြန်မှုကိုပြုသည်။ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များသာမက ညှိနှိုင်းဆွေးနွေးချက်မှ ရရှိလာသည့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားလုံးကို လက်တွေ့အကောင်အထည်ဖော်မည်။ ခိုင်မာစွာ ယုံကြည်မှုရှိသည်။ လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည်များကို အစိုးရဘက်မှ တတ်စွမ်းသရွေ့ကူညီမည်။ ဆက်လက်ဆွေးနွေးမှုများ လုပ်မည်ဟုဆိုသည်။ မြန်မာနိုင်ငံ၏ ဒေသတွင်းနိုင်ငံများနှင့် ပတ်သက်သည့် အခန်းကဏ္ဍအတွက်လည်း ရုရှားက ဆောင်ရွက်ရန် ပြင်ဆင်နေမှုကို အချက်အလက်၊ အကြောင်းအရာအချို့ကို ကိုးကား၍ ပြန်လည်ဆွေးနွေးသည်။ ထိုက်သင့်သည့် အချိန်ကာလတစ်ခုအထိ အကြီးအကဲနှစ်ဦး၏ ဆွေးနွေးချက်များမှာ အသက်ဝင်လွန်းလှသည်။ စေတနာဆောင်သည့် ဆွေးနွေးမှုများဖြစ်၍ ချောချောမွေ့မွေ့ချည်းသာ တစ်ယောက်တစ်လက်တွဲ၍ ညီညီညာညာ ချီတက်မည်ဟု သဘောသက်ဝင်သည်။ မိတ်ဆွေရင်းများပီပီ ခရီးစဉ်ချောမွေ့ အောင်မြင် ပါစေကြောင်း ဆုတောင်းစကားဆို၍ ရုရှားအကြီးအကဲက စကားကို အဆုံးသတ်သည်။

 

mdn

 

နှစ်နိုင်ငံအကြီးအကဲနှစ်ဦး၏ဆွေးနွေးမှုက သာမန်တွေ့ဆုံချိန် ထက်ပိုများ လှသည့် ဆွေးနွေးမှုဟုဆိုနိုင်ပြီး ကျယ်ပြန့်လှသည့် ဆွေးနွေးမှုဟု ဆိုနိုင်သည်။ ဆွေးနွေးမှုသည် နှစ်နိုင်ငံ၏ချစ်ကြည်ရင်းနှီးမှုကိုအရင်းတည်၍ တိုးတက်ခြင်း ဟူသော အပြုသဘောကိုဆောင်သည့်ဘက်သို့လှမ်းသည်။ နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ အတွက် ရလိုက်သည့်ရလဒ်ကမနည်းလှ။ 

အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ခရီးစဉ်နှင့်တွေ့ဆုံဆွေးနွေးမှုများသည် အမိမြန်မာပြည်အတွက် သံတမန်ဆက်ဆံရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး၊ ကာကွယ်ရေးအစရှိသည့် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူဆောင်ကြဉ်းပေးသည့် ခရီးစဉ်ဖြစ်ပါသည်။  မြန်မာ့ဂုဏ်ကိုမြှင့်တင်ပေးခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်မြန်မာ့ကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်ချက်သည် "ရှေ့သို့ချီမည် ပန်းတိုင်ဆီ" (Keep Moving Forward to Achieve Our Goal) ဆိုသည့်စကားရပ်အား ပြည့်ဝစွာအကောင် အထည်ဖော်နိုင်စေခြင်းဖြစ်ပါသည်ဟု မြန်မာ၏ လင်းလက်သော အနာဂတ်အတွက် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ရေးသားဖော်ပြ လိုက်ရပါသည်။