ရွှေထိုက်က အချစ်နဲ့ ကွာရှင်းမယ်

ရန်ကုန် ၁ မတ်

 

တေးသံရှင် ရွှေထိုက်၏  'အချစ်နဲ့ ကွာရှင်းမယ်' ကိုယ်ပိုင်သံစဉ် တေးစီးရီးကို ဘိုဘို တေးထုတ်လုပ်ရေးမှ မတ် (၇) ရက်တွင် စတင်ဖြန့်ချိသွားမည်ဟု သိရသည်။

 

"ဒီစီးရီးကို ထွက်ဖို့ ပြင်ဆင်နေတာ ကြာပါပြီ။ ကိုယ်တိုင်ရေးတာဆိုတော့ နည်းနည်းကြာ သွားတယ်။ အခွေထွက်ဖို့ အစအဆုံးကိုတော့ ကိုနိုင်ဇော်ကပဲ အားလုံးစီစဉ်ပေးတာပါ။ ရွှေထိုက် ကတော့ သီချင်းရေးတယ်၊ သီချင်းဆိုတယ်ပေါ့နော်။ ဒီလောက်ပါပဲ။ ရွှေထိုက် ရှိုးပွဲတွေမှာ သီချင်း မဆိုဖြစ်တာတော့ တော်တော်ကြာသွားတယ်။ မရှိဘူးဆိုရင် ခြောက်နှစ်လောက် ကြာပြီထင်တယ်။ ရှိုးပွဲတွေအားလုံး လိုက်ဆိုနေရင်လည်းအနုပညာအရ ဈေးပေါသွားသလို ဖြစ်မှာလည်းစိုးတော့ သိပ်မဆိုဖြစ်တာ။ တခြားအကြောင်းတော့ မရှိပါဘူး။ နယ်ပွဲတွေတော့ ဆိုဖြစ်တယ်။ အဓိက သီချင်း Album မထွက်ဖြစ်တာနဲ့ ရှိုးပွဲတွေ မဆိုဖြစ်တာကြောင့် ပရိသတ်နဲ့ ဝေးကွာသလို ဖြစ်သွားတယ်။ သီချင်းတွေကတော့ ပုံမှန်ရေး ဖြစ်ပါတယ်။ အခု ဒီအခွေပြီးရင်လည်း ဆက်တိုက် အခွေတွေ ထုတ်သွားဖို့အတွက် လုံလောက်တဲ့ သီချင်းပုဒ်ရေ လည်း ရှိနေတာဖြစ်လို့ အခွေ ဆက်တိုက် ထွက်လာမှာပေါ့နော် " လို့ တေးသံရှင် ရွှေထိုက်က ပြောသည်။

 

အဆိုပါ တေးစီးရီး ခွေတွင် တေးသီချင်း (၁၂)ပုဒ် ပါဝင်ပြီး တေးသီချင်းများမှာ  ကိုယ်တိုင်ရေးသားထားသော တေးသီချင်းများ ပါဝင်ကြောင်း သိရသည်။

 

ရွှေထိုက်သည် အဆိုတော် ခင်ဘုဏ်းနှင့်အတူ   တေးရေး ကိုထူး၏ "သီချင်းလေး အတိုင်းပါပဲ"နှင့်  ရတနာမြိုင် တေးထုတ်လုပ်ရေးမှ စီစဉ်ပြီး တေးရေးကိုစိုးလင်း ရေးသားသော " မနောက်နဲ့နော် " ဟုအမည်ရသည့်  သင်္ကြန် တေးသီချင်းလေးနှင့် ပရိသတ် အသိအမှတ်ပြုခံခဲ့ရပြီး   တေးသီငှက်တို့၏ ဒဏ္ဏာရီ  တေးစုများထဲတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် အတူ စိတ္တဇအလွမ်း တေးသီချင်းနှင့် လူသိများခဲ့သော အမျိုးသမီး တေးသံရှင်တစ်ဦး ဖြစ်သည်။

 

ကိုလင်း